Chapter 304

1K 123 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (304) သွေးဖြင့်ပေးဆပ်၍ အသက်လု အော်ညည်းစေရမည်။

“အား...အား...အား”
ဘားထဲတွင် စီခနဲ အော်ဟစ်သံ၊ ညည်းညူသံများနှင့် ပဲ့တင်ထပ်နေ၏။
“အဲ့ဒါက ဘာကြီးလဲကွာ ... အား ... ငါ့လက်”
“သေစမ်း ... အဲ့ဒါက ငါ့ခြေထောက်ကို စားလိုက်ပြီ ... ခွေးမသား”
“ချီးပဲ ... ဘာလို့ ငါ အဲ့ဒါကို သတ်လို့မရတာလဲ ... ဘာကြောင့်လဲ”
ထိုအချိန်တွင် ဘားတစ်ခုလုံးတွင် သွေးနံ့များဖြင့် လှိုင်လှိုင်ထနေ၏။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် ဓားသမားဂိုဏ်း၏ တပည့်ဂိုဏ်းသားများ၏ ခန္ဓာကိုယ်များထံသို့ ပြေးဝင်သွားကာ ထိုသူတို့၏ အရေပြားနှင့် အသားများကို သူတို့၏ ချွန်ထက်သော အစွယ်များနှင့် လက်သည်းများကို သုံး၍ ကိုက်ဝါးပစ်ကြသည်။
ကြောက်စရာအကောင်းဆုံးသည်ကား သူတို့၏ ဩချရလောက်သော အမြန်နှုန်းပင်။ တစ်ကောင်ချင်းစီက သိုင်းပညာရှင်တစ်ယောက်လုံးကို စက္ကန့်ပိုင်းအတွင်း ဝါးမျိုပစ်နိုင်သည်။
သိုင်းပညာရှင်များက သူတို့၏ လက်မောင်းများကို ဖြတ်ပစ်လိုက်တာတောင်မှ ဝိညာဉ်စား ပုရွက်ဆိတ်များက သူတို့ကို ဆက်၍ ကိုက်ဖဲ့ကြဆဲ ဖြစ်သည်။
သူတို့သည် သတ်လို့ပင် မရနိုင်တော့ပေ။ သူတို့က သူတို့၏ ရန်သူများအား သေသည်အထိ သွေးသံတရဲရဲနှင့် ဆက်၍ ကိုက်ဖဲ့ကြသည်။
ထို့နောက်တွင်မူ ဓားသမားဂိုဏ်းသားများ ရူးချင်ချင် ဖြစ်လာရသည်။ သူတို့အားလုံး ကြောက်လန့်ကာ စိတ်ဓာတ်ကျလာကြသည်။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။
...
ဓားသမားဂိုဏ်း၏ ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် ဝါးမျိုခြင်း ခံလိုက်ရသဖြင့် ကြမ်းပြင်ပေါ်၌ သွေးအိုင်များ ဖြစ်ပေါ်လာရသည်။
သူတို့၏ သနားစဖွယ်အော်ဟစ်သံများနှင့် ကျယ်လောင်သော ဂီတသံများက လူသတ်ပွဲတော်ကြီး ကျင်းပနေသလိုပင်။
မိနစ်ဝက်ခန့်သာ ကြာမြင့်သည်။ မိနစ်ဝက်ကလေးအတွင်းမှာပင် ဓားသမားဂိုဏ်းသားများ အားလုံး အသတ်ခံလိုက်ရသည်။ သူတို့၏ မူလ သလင်းကျောက်ကော၊ အရိုးများပါ မကျန်ရစ်ခဲ့ပေ။
သွေးအိုင်များမှ ဖြစ်ပေါ်လာသော သွေးမြစ်ချောင်းတစ်ခုက ဘား၏ ခန်းမတစ်ခုလုံးသို့ စီးဆင်းသွားသည်။
မနှစ်မြို့စရာကောင်းလှသည်။ ကြောက်မက်ဖွယ်ကောင်းလှ၏။
ဘားထဲရှိ ကျယ်လောင်သော ဂီတသံက သေဆုံးသွားသော ဝိညာဉ်များ၏ အော်သံများနှင့် ဆင်တူလာကာ ကျန်ဘားထဲရှိ လူများအား‌ ကြောက်လန့်ကာ တုန်ယင်သွားစေသည်။
ဂလု!
ထိုအချိန်အတောအတွင်း၌ ထိပ်ပြောင်အားဆန် လုံးဝကို မှင်တက်နေခဲ့သည်။ ကိုယ့်ခေါင်းကိုယ်ပြန် ပွတ်ပြီး ဟာလာဟင်းလင်း ဖြစ်နေသော ခန်းမနှင့် ကြမ်းပြင်ပေါ်မှ သွေးများကို ကြည့်ပြီး သူ ထိတ်လန့်ကာ သတိလစ်မတတ် ဖြစ်နေရသည်။
“သေပြီ … သူတို့အားလုံး သေသွားပြီ”
သည်လောက် ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။
ရာနှင့်ချီရှိသော ဆရာသခင်အဆင့်များနှင့် ဒဏ္ဍာရီအဆင့်များက မိနစ်ဝက်လေးအတွင်းမှာပင် မည်သည့် အရိုးအကြွင်းအကျန်မျှ မကျန်ရစ်ဘဲ ဝါးမျိုခြင်း ခံလိုက်ရသည်။
သူတို့သည် လူ့လောကမှ ပုရွက်ဆိတ်များဆိုသည်ထက် ငရဲမှ မကောင်းဆိုးဝါးများနှင့် ပို၍တောင် သဏ္ဌာန်တူနေသေးသည်။ မည်းနက်နေသော ပုရွက်ဆိတ်အုံကြီးကို ကြည့်ရင်း ထိပ်ပြောင်အားဆန် ကြက်သီးတဖြန်းဖြန်း ထလာကာ သူ့မျက်နှာမှာလည်း သွေးမရှိတော့သလို ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
သို့သော် ထို့နောက်တွင်တော့ ထိပ်ပြောင်အားဆန်သည် ပုရွက်ဆိတ်များကို အာရုံစိုက်မနေတော့ပဲ နတ်ဘုရားကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာသော ယဲ့ဖန်အား ရက်စက်ကြမ်းကြုတ်ကာ နီရဲ၍ စိုစွတ်နေသော မျက်လုံးကြီးများနှင့် စိုက်ကြည့်နေမိသည်။
ဒုန်းခနဲ အသံနှင့်အတူ အားဆန်သည် ယဲ့ဖန်ရှေ့ ဒူးထောက်၍ ဟစ်အော်လိုက်မိသည်။
“သခင်ကြီး … နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပဲ”
အကြောက်အလန့်ကင်းသော လူမိုက်ကြီးသည် မျက်ရည်အရွှဲသားနှင့် အော်ငိုလေတော့သည်။ အစပိုင်းတွင် ယဲ့ဖန် သေပြီဟူသော သတင်းကို သူ ကြားခဲ့စဉ်က သူ အလွန် ဝမ်းနည်းကြေကွဲခဲ့ရသည်။
သူ့ကိုယ်သူ သတ်သေ၍ ယဲ့ဖန်နောက်သို့ လိုက်ချင်လုနီးပါး ဖြစ်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ထိုအတွေးကို သူ စွန့်ပစ်လိုက်သည်။ ယဲ့ဖန် သေပြီဆိုတာကို သူ လုံးဝ မယုံကြည်ပါ။
ထိပ်ပြောင်အားဆန်၏ အမြင်တွင် ယဲ့ဖန်သည် အလွန် တန်ခိုးရှိသော နတ်ဘုရားတစ်ပါး ဖြစ်သည်။ ယဲ့ဖန်သည် ထောင်ချောက်တစ်ခုထဲ ပိတ်မိနေတာ ဖြစ်နိုင်ပြီး ပြန်လာနိုင်ချေ ရှိသည်ဟု သူ အမြဲ စွဲမြဲစွာ ယုံကြည်ထားသည်။
ထို့ကြောင့် သူ စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူ ပို၍ပို၍ သန်မာလာသလို ဓားသမားဂိုဏ်း၏ ဂိုဏ်းသားများထံမှ လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရသည်။
သူ့ရန်သူများထံမှ သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ခံရစဉ် အတွင်းမှာလည်း သူ ပို၍ စိတ်ဓာတ် မာကြောလာသည်။
သူ စောင့်နေသည်။ သူ့သခင်ကြီး ပြန်အလာကို စောင့်နေခဲ့သည်။ သူ့သခင်ကြီးက လောကကြီးကို အုပ်စိုးမည့်အချိန်ကို သူ စောင့်နေခဲ့သည်။ နောက်ဆုံးတော့ သူ စောင့်ဆိုင်းခဲ့ရသည်များက အရာထင်လာပြီ ဖြစ်သည်။
သွေးမျက်ရည် ကျမတတ် ဖြစ်နေသော အားဆန်ကို ကြည့်ပြီး ယဲ့ဖန် အလွန် ထိတ်လန့်သွားသည်။ ထို့နောက် သူက အားဆန် ထနိုင်အောင် ထူမတ်ပေးလိုက်ပြီးနောက် သူသည် ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သော အကြည့်များဖြင့် ပြောလိုက်သည်။
“ငါ ပြန်လာပြီ”
“ငါ မင်းရဲ့ ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ သွေးနဲ့ ပေးဆပ်ခိုင်းမယ်”
“မင်းကို လှောင်ပြောင်ခဲ့သမျှအတွက် သူတို့ရဲ့ အသက်လုပြီး အော်ညည်းစေရမယ်”
ယဲ့ဖန်၏ စကားလုံးများက ရက်စက်လွန်းလှသည်။ ထိုသို့ပြောနေစဉ်တွင် သူ၏ အကြည့်များသည် ကြမ်းကြုတ်သော ချီဓာတ်များဖြင့် တလက်လက် တောက်နေ၏။
ဓားသမားဂိုဏ်းကို သုတ်သင် ရှင်းလင်းရန် သူ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ သူတို့ စိတ်ဓာတ်ကျစွာ အော်ဟစ်၍ သေဆုံးစေရမည်ဟု သူ သန္နိဋ္ဌာန် ချထားလိုက်ပြီ ဖြစ်သည်။
ယဲ့ဖန်၏ စကားကြောင့် ထိပ်ပြောင်အားဆန် ခေါင်းတဆတ်ဆတ် ညိတ်မိသည်။ သူ့နတ်ဘုရားကို သူ ခိုင်မာစွာ ယုံကြည်သည်။
ယဲ့ဖန်က ညအဖွဲ့ကို ဦးဆောင်ပြီး သူတို့ရန်သူများအား တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ကာ သူတို့၏ ကျဆုံးသွားသော ညီအစ်ကိုများအတွက် သွေးကြွေးဆပ်ခိုင်းလိမ့်မည်ဟု သူ ယုံကြည်သည်။
ထိုအချိန်တွင် ထိပ်ပြောင်အားဆန်သည် အရေးကြီးသော တစ်စုံတစ်ခုကို သတိရလိုက်ဟန်ဖြင့် ထအော်လိုက်မိသည်။
“မဖြစ်ဘူး … သခင်ကြီး ရိုစ့် အပေါ်ထပ်မှာ ရှိနေတာ … ဒီဘားရဲ့ သူဌေး ကောင်းဟုန်ကလည်း အပေါ်ထပ်ကို တက်သွားပြီ … သူ ဒီည ရိုစ့်ကို အတင်း အဓမ္မ သိမ်းပိုက်မှာလို့ ပြောခဲ့ဖူးတယ်”
*ဘာ*
သူ့စကားကြောင့် ယဲ့ဖန် ထိတ်လန့်ကာ မျက်နှာပျက်သွားရသည်။ လှစ်ခနဲ ဆိုသလို သူ အပေါ်ထပ်သို့ ပြေးတက်သွားသည်။
….
တစ်ချိန်တည်းလိုလိုမှာပင် အပေါ်ထပ်ရှိ မောင်ပိုင်စီးထားသော အခန်းတစ်ခန်းမှ နိုင်လိုမင်းထက် ပြုမူသော အော်သံများ ထပ်ခါထပ်ခါ ထွက်ပေါ်လာနေသည်။
“ရိုစ့် … ဘာလို့လဲ … ဒီဖေဖေကြီးက မင်းကို စောင့်နေတာ နှစ်ဝက်တောင် ရှိနေပြီ … ဘာလို့ ငါ့ကို မင်းလက်ကိုတောင်မှ ကိုင်ခွင့်မပေးရတာလဲ”
အခန်းထဲတွင် နှုတ်ခမ်းမွေး ကောက်ကောက်နှင့် လူမိုက်တစ်ယောက်က မိန်းမလှလေးတစ်ယောက်အား အသည်းအသန် အော်ဟစ်ပြောဆိုနေသည်။
သူသည် ဤဘား၏ ဘောစ့် ဖြစ်ပြီး ဓားသမားဂိုဏ်းချုပ်၏ တိုက်ရိုက်မျိုးဆက်ထဲမှ တစ်ယောက်လည်း ဖြစ်သည့် ကောင်းဟုန်ပင်။ သူသည် ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် ရှိသူ ဖြစ်သည်။
သူ့ဘေး၌ အေးစက်စက်နှင့် မိန်းမလှလေး တစ်ယောက် ရှိသည်။ သူမသည် ဖူးပွင့်နေသော နှင်းဆီပန်းလေးကဲ့သို့ လှပလှသည်။ ထိုမိန်းမလှလေးက ရို့စ်ပင် ဖြစ်လေသည်။
ထိုစဉ် ရို့စ်က ပြတင်းပေါက်ခုံ၌ ထိုင်လိုက်ပြီး ညကောင်းကင်ယံအား မော့ကြည့်လိုက်သည်။ သူမသည် ကောင်းဟုန်၏ ညည်းတွားသံများကို ပေါ်တင် လျစ်လျူရှုထားသလို သူ့ကိုလည်း တစ်ချက်ကလေးမှ လှည့်မကြည့်ပေ။
သူမ၏ တုံ့ပြန်မှုကြောင့် ကောင်းဟုန်သည် ဒေါသထွက်လာပြီး ထပ်ပြောလိုက်သည်။
“မင်း အဲ့လူကို အခုထိ လွမ်းနေသေးတာလား ... မင်း ရူးနေပြီလား ... သူသေသွားပြီကွ ... သူ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး”
“သူက ထူးဆန်းတဲ့မကောင်းဆိုးဝါးရဲ့ ဗိုက်ထဲမှာ တီကောင်ဖြစ်နေပြီ ... သူ့ကို ထပ်မျှော်မနေနဲ့တော့”
....
သူ့စကားများကြောင့် ရို့စ်သည် ကြေးခွံဆွဲခွာခံလိုက်ရသည့် နဂါးမလေးကဲ့သို့ အထိမခံနိုင်ဖြစ်ကာ ချက်ချင်း စိတ်တိုသွားသည်။
သူမ၏ အေးစက်၊ တည်ငြိမ်၍ လှပသေ မျက်နှာလေးက ချက်ချင်း ဒေါသထွက်လာကာ ပြန်အော်လိုက်သည်။
“ကောင်းဟုန် ... ရှင်က သူ့ကို အဲ့လိုပြောရအောင် အဆင့်မမီဘူး”
*ငါက အဆင့်မမီဘူး ဟုတ်လား*
ဖြောင်း!
ကောင်းဟုန်သည် ဒေါသစိတ်ကြောင့် တည်ငြိမ်နေဟန်များ ပျောက်ဆုံးကာ ရို့စ်အား ဒေါသတကြီး ပါးရိုက်လိုက်သည်။
“ရို့စ် … မင်းကို စတွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ တနှစ်ခွဲကတည်းက ငါ မင်းကို လက်ထပ်မည်လို့ ငါ ဆုံးဖြတ်ခဲ့တာ … ဒါကြောင့် ငါ မင်းကို အစွမ်းကုန် ပိုးပန်းနေခဲ့တာ … မင်း တော်တော်လွန်လာပြီ”
“နားထောင်စမ်း … ဒီဟွာရှနိုင်ငံက အနှေးနဲ့အမြန်ဆိုသလို ဓားသမားဂိုဏ်းက ပိုင်ဆိုင်တော့မှာ ငါ့အစ်ကိုကြီး ကောင်းရှန့်က ကျန်းရှီမြို့ရဲ့ အရှင်သခင်ပဲ”
“အရင်တုန်းက အဲ့ခွေးကောင် ယဲ့ဖန်က ငါ့အစ်ကိုကြီးရဲ့ လက်မောင်းကို သူတောင်းစားလေးအတွက်နဲ့ ချိုးခဲ့တယ် … သူက ငါ့ဦးလေး ဝေ့ဖန်းကိုတောင် အစ်ကိုကြီးရဲ့ ခြေလက်တွေကို ချိုးပစ်ဖို့ ပြောခဲ့သေးတာ”
“ငါ့အစ်ကိုကြီးက သွေးဆိုးတိုက်ပွဲဝင် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ … ပြီးခဲ့တဲ့ တစ်နှစ်ခွဲက သူက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ရီကျန့်ထျန်းဆီမှာ နောက်ဆုံး တပည့်ခံယူဖို့ စာရင်းသွင်းခဲ့တာ … နောက်တော့ ဆေးလုံးတွေ၊ အင်မော်တယ် သစ်သီးတွေ အမြောက်အမြားနဲ့ ပေါများတဲ့ ရေခီစွမ်းအင်တွေကြောင့် သူက ဒဏ္ဍာရီလာအဆင့်ကို အဆင့် တက်သွားနိုင်ခဲ့ပြီးပြီ … ဟားဟား … “
ကောင်းဟုန်က အလွန် မနှစ်မြို့ဖွယ်ကောင်းသော အပြုံးဖြင့် ဆက်ပြောလိုက်သည်။
“တကယ်လို့ ယဲ့ဖန်က အသက်ရှင်နေသေးတယ် ဆိုရင်တောင်မှ ဘာလုပ်ရမှာလဲ … ငါ့အစ်ကိုကြီးက သူ့ကို အလွယ်တကူ သတ်နိုင်နေပြီ”
ကောင်းဟုန် အလွန် ဘဝင်လေဟပ်နေ၏။ သူ့စကားကြောင့် နီရဲနေသော လက်ဝါးရာ ထင်နေသည့် ရို့စ်၏ မျက်နှာလှလှလေးက သွေးဆာလာသလို ဖြစ်လာကာ ပြန်အော်လိုက်သည်။
“ကောင်းဟုန် … ကျွန်မ ညနှင်းဆီဘားကို ရှင့်ဆီ လွှဲပေးလိုက်ပြီးပြီလေ … ရှင် ဘာထပ် လိုချင်နေသေးတာလဲ”
“ဘာထပ်လိုချင်တာလဲ ဟုတ်လား”
ကောင်းဟုန်က မကောင်းဆိုးဝါး အပြုံးမျိုး ပြုံး၍ ရို့စ်၏ သေးသွယ်သော ခန္ဓာကိုယ်လေးအား မဖွယ်မရာ အကြည့်မျိုးဖြင့် အထက်အောက် စုံချည်ဆန်ချည် ကြည့်လာသည်။
“ဘာရယ်တော့ မဟုတ်ပါဘူး … ဒီနေ့ ငါ မင်းကို အပိုင်သိမ်းမှကို ဖြစ်မှာ”
ထိုသို့ပြောပြီး ကောင်းဟုန်က ရို့စ်ထံသို့ မြိုင်လိုက်ချင်နေသော သားရဲကောင်ကြီးကဲ့သို့ ခုန်ဝင်လာသည်။
သူ့လှုပ်ရှားမှုကို မြင်သည်နှင့် ဤကဲ့သို့ အရေးပေါ် အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားခဲ့ပြီး သကဲ့သို့ ရိုစ့်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
သူမသည် ချက်ချင်း လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး ကောင်းဟုန်၏ လည်ပင်းအား ဓားမြောင်ဖြင့် အားစိုက်ကာ ထိုးချလိုက်သည်။
“ဟမ့် … နုံဖျင်းလိုက်တာ”
ကောင်းဟုန်က အထင်သေးသော အကြည့်များဖြင့် ရေရွတ်လိုက်ပြီး လက်ကို လှုပ်ကာ ရို့စ်၏ ဓားမြောင်အား ချက်ချင်း ပုတ်ထုတ်လိုက်သည်။
ဘုန်းခနဲ အသံနှင့်အတူ ရိုစ့် အရှိန်လွန်ကာ ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။
*ငါ သေတော့မှာလား*
ရို့စ်က မသိမသာ စိတ်ပျက်သွားသော အကြည့်ဖြင့် မေးခွန်းထုတ်နေမိသည်။ ဤအဖြစ်ကို သူမ အစောကြီးကတည်းက ခန့်မှန်းမိခဲ့ပုံရသည်။
“တောင်းပန်ပါတယ် … ကျွန်မ ရှင်နဲ့ ပြန်တွေ့ဖို့ ပျက်ကွက်သွားပြီ …”
သူမမျက်လုံးများမှ မျက်ရည်များ စီးကျလာပြီးနောက် ရို့စ်သည် ပါးစပ်ကို ဟကာ လျှာကိုက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် အခန်းထဲမှ အပူချိန်သည် ရုတ်တရက် ထိုးကျသွားပြီး အနောက်ရောင် ချီဓာတ်များက အခန်းတွင်းသို့ အနောက်မှနေ၍ ခိုးကြောင်ခိုးဝှက်နှင့် ဝင်လာသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now