Chapter 250

1.3K 153 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (250) သုံးလတာ
"ကျုံးဝမ်"
"ကျုံးဝမ်"
"ကျုံးဝမ်"
ကျုံးဝမ် စတိတ်စင်ပေါ် တက်လာသည်နှင့် အားကစားရုံတစ်ခုလုံး နားကွဲမတတ် အော်သံများနှင့် ပြည့်နှက်လာသည်။
ပရိတ်သတ်တစ်ဘောက်ချင်းစီက သူတို့၏ အိုင်ဒေါနာမည်အား ရင်ကွဲမတတ် အော်ခေါ်နေကြသည်။
တစ်ခဏမျှ ကြာသော် မီးရောင်များက စတိတ်စင်အား မီးမောင်းထိုး၍ နတ်သမီးလေးကဲ့သို့ မိန်းမပျိုလေးကိုသာ မီးထိုးထားကြသည်။
သူမ၏ မျက်လုံးများက နီရဲ၍ ယောင်ကိုင်းနေသော်လည်း သူမ၏ မျက်နှာလှလှလေးက လူတိုင်းအား ရင်တုန်ပန်းတုန် ဖြစ်သွားစေသည်။
အဖြူရောင် ဝတ်စုံလေးနှင့် သူမသည် ကောင်းကင်မှ ဆင်းသက်လာလေသလားဟု ထင်မှတ်မှားရပေ၏။
"ကျေးဇူးပါ"
ကျုံးဝမ်က ထောင်သောင်းနှင့် ချီသော ပရိသတ်များအား ဦးညွှတ်လိုက်ပြီး အော်ပြောလိုက်သည်။
"ကျွန်မရဲ့ နောက်ဆုံး ဂီတပွဲကို တက်ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ထို့နောက် ကျုံးဝမ်က သူမပရိသတ်များအား ဇဝေဇဝါဟန်ဖြင့် ကြည့်ကာ ဆက်ပြောလာသည်။
"မောင်လေး … မင်း ဒီမှာ ရှိသေးလား၊ မရှိတော့ဘူးလား ဆိုတာကို မသိပင်မယ့် ဒီပွဲကတော့ မင်းအတွက်ပါ … မမ မင်းကို စောင့်နေခဲ့တာပါ"
"ကောင်းပါပြီ … ကဲ … စလိုက်ကြရအောင် … ပထမဆုံး သီချင်းလေးရဲ့ နာမည်က သူ တဲ့"
ထိုသို့ပြောပြီးနောက် အဆွေးတီးလုံးလေး ထွက်ပေါ်လာသည်။ ထို့နောက် ကျုံးဝမ်က မိုက်ခရိုဖုန်းကို ဆွဲယူလိုက်ပြီး ဂီတ စည်းချက်ညီညီ သီဆိုတော့သည်။
ကျုံးဝမ်၏ အသံလေးက တော်တော့်ကို အပြစ်ကင်းစင်၍ ချစ်စရာကောင်းလှသည်။ သီချင်း စာသား တစ်ကြောင်းချင်းစီတိုင်းက လူတိုင်း၏ နှလုံးသားကို ကိုင်လှုပ်နိုင်ပြီး ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်လှုပ်ရှားမှုနှင့် ဆွတ်ပျံ့ဖွယ် ကောင်းသော ခံစားချက်များစွာကို ပေးစွမ်းနိုင်သည်။
သီချင်း တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ဆိုသွားသည်။
ကျုံးဝမ်းသည် သူမ၏ ဝမ်းနည်းပူဆွေးမှုများအားလုံးကို သူမ၏ သီချင်းတွေထဲသို့ အပ်နှံထားသည်။ သူမသီချင်းများကို ကြားပြီးနောက် ထောင်သောင်းနှင့် ချီသော ပရိသတ်များ ချက်ချင်း မျက်ရည်ကျလာကြသည်။
ယခုအခါမှသာ သူတို့ နတ်ဘုရားမလေး၏ သီချင်းတစ်ပုဒ်ချင်းစီက ထိုကောင်လေးကို ရည်ညွှန်းမှန်း သူတို့ သိလိုက်ရသည်။
သူ၊
ဆယ့်နှစ်နှစ်တာ၊
သူမငယ်ဘဝမှ တစ်ယောက်သောသူ၊
ကောင်လေးနဲ့ ကောင်မလေး၊
….
ယခုအခါမှသာ ကျုံးဝမ် သီချင်းများ အာရှတစ်ခွင်၌ နာမည်ကျော်ကြားနေရခြင်း၏ အနက်အဓိပ္ပာယ်ကို သူတို့ နားလည်လိုက်ကြသည်။
သူပဲ ထပ်ခါတလဲလဲ ဖြစ်နေသည်။
သီချင်းတစ်ပုဒ်ချင်းစီတိုင်းက သူမ ငယ်ဘဝမှ ကောင်လေးနှင့် ပတ်သတ်နေတာချည်းပင်။ ထိုကောင်လေးက သူမကမ္ဘာအား အချစ်နှင့် နွေးထွေးမှုများဖြင့် ပြည့်နှက်အောင် လုပ်ပေးထားသလိုပင်။
သူမ သီချင်းများကို နားထောင်ပြီး အားကစားရုံထဲမှ ပရိသတ်များ မျက်ရည်များ ဘူးသီးလုံးလောက် ကျလာကြသည်။
သူတို့မျက်လုံးထဲတွင် သူတို့ နတ်ဘုရားမလေးက အရူးမလေးလိုပင် … လွန်စွာ ရူးသွပ် စွဲလမ်းလွန်းလှသည်။
သူမ သီချင်းများ ပြီးဆုံးသွားချိန်တွင် ကျုံးဝမ်၏ မျက်နှာလေး၌ မျည်ရည်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
စင်ပေါ်၌ ငြိမ်သက်စွာ ရပ်နေပြီး သူမ၏ မျက်နှာလှလှလေးကို သူမ၏ လှပသော အနက်ရောင် ဆံနွယ်လေးများက ဖုံးအုပ်ထားသည်။
တောက်! တောက်!
သူမ မျက်ရည်များက ကြမ်းပြင်ပေါ်သို့ ဆက်တိုက် ကျဆင်းနေသည်။
"နောက် … နောက်သီချင်းက ကျွန်မ အကြိုက်ဆုံး သီချင်း ဖြစ်သလို ကျွန်မ မောင်လေးကို အကြားစေချင်ဆုံး ဖြစ်တဲ့ သီချင်းလေးပါ"
"သီချင်းလေး နာမည်က သုံးလတာပါ"
သူမ ပြောပြီးနောက် အားကစားရုံ တစ်ခုလုံး ဆူညံသွားသည်။
သုံးလတာ ဟူသော သီချင်းသည် ကျုံးဝမ်အား အာရှတစ်ခွင်၌ နာမည်ကျော်ကြား လာစေခဲ့သည့် ပထမဆုံး သီချင်း ဖြစ်ပေသည်။
ထိုသီချင်းနှင့် သူမ အာရှ၌ ဆုကြီးများ ရရှိခဲ့ပြီး အာရှ၏ ဘုရင်မနှင့် အချစ်သီချင်းများ၏ နတ်ဘုရားမဟု တင်စား ချီးကျူးခြင်း ခံခဲ့ရသည်။
ထိုသီချင်းကို ဘာသာစကားများစွာနှင့် ပြန်ဆိုခဲ့ပြီး အာရှတစ်ခွင်ရှိ နိုင်ငံတိုင်း၌ ကျော်ကြားခဲ့သည်။
သက်ကြီးရွယ်အိုများနှင့် ကလေးများတောင်မှ ထိုသီချင်းစာသားအချို့ကို နှုတ်ခမ်းပိတ်လျက် တေးညည်းနိုင်သည်။
ထို့အပြင် ထိုသီချင်းသည် ထောင်သောင်းနှင့် ချီသော ပရိသတ်များ အမက်မောဆုံး၊ အတောင့်တဆုံး သီချင်းဖြစ်သည်။
"ဒီသီချင်းက ကျွန်မကလေးဘဝက ကျွန်မမောင်လေးနဲ့အတူ ရှိခဲ့တဲ့ အမှတ်တရအားလုံး အပေါ်မှာ အခြေခံထားပါ … ကျွန်မ ရှင်တို့နဲ့ ဝေမျှ သီဆိုနိုင်မယ်လို့ မျှော်လင့်ပါတယ်"
သူမ မျက်ရည်များကို သုတ်လိုက်ပြီးနောက် ကျုံးဝ်က သူမ၏ ပရိသတ်များအား ကြည့်ကာ စိတ်ရင်းအမှန်နှင့် ပြောလာသည်။
"သူ ကျွန်မကို ပေးခဲ့တဲ့ ကြင်နာမှုနဲ့ အချစ်တွေကို ရှင်တို့နဲ့အတူ ကျွန်မ ဝေမျှချင်ပါတယ်"
"ပြီးတော့ ကျွန်မ ပရိသတ်တစ်ယောက်ကို စန္ဒရားကူတီးပေးဖို့ ဖိတ်ခေါ်ချင်ပါတယ် … သုံးလတာ သီချင်းကို အတူတူ ပုံဖော်ကြတာပေါ့"
သူမစကားကြောင့် ပရိသတ်များကြား ချက်ချင်း ပွက်လောရိုက်သွားသည်။
ပရိသတ်များနှင့် အတူတူ သီဆိုဖျော်ဖြေခြင်း။
ကျုံးဝမ်က သူမ အနှစ်သက်ဆုံးသီချင်းအား ပရိသတ်နှင့်အတူ သီဆို ဖျော်ဖြေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။
ထို့ပြင် သုံးလတာ သီချင်း၏ တီးလုံး၊ ဆိုဟန်များက အခက်ခဲဆုံးဆိုတာကို ပရိသတ်အားလုံး သိကြသည်။
အချို့သော နာမည်ကြီး စန္ဒရား ပညာရှင်များက ကျုံးဝမ်နှင့်အတူ ဤသီချင်းကို ပုံဖော်ခဲ့ကြသည်။ သို့သော် စွဲထင်ကျန်ရစ်သော ဆွဲဆောင်မှုနှင့် ကျွမ်းကျင် လှပစွာ ဖန်တီးထားသော စိတ်ကူးစိတ်သန်းများက ဝမ်းနည်းဖွယ် တီးလုံးနှင့် လုံးဝ မလိုက်ဖက်တော့သလို ဖြစ်သွားရသည်။
အားကစားရုံထဲမှ လူတော်တော်များများက စန္ဒရား တီးခြင်း၌ ထူးချွန်ကြပါသည်။ သို့သော် သူတို့ထဲက ဘယ်တစ်ယောက်ကမှ ပြီးပြည့်စုံစွာ တီးခတ်နိုင်မည်ဟု ယုံကြည်မှု မရှိကြပါ။
ချက်ခြင်းဆိုသလိုပင် အားကစားရုံတစ်ခုလုံး တိတ်ကျသွားကာ ပရိသတ်များက တစ်ယောက်ကို တစ်ယောက် တွေဝေ၍ ထိတ်လန့်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။
"ဒီသီချင်းကို ကျွန်မနဲ့အတူ တီးခတ်ချင်တဲ့ မိတ်ဆွေများ မရှိဘူးလား"
ကျုံးဝမ်က ပွဲကြည့်သူများအား မျှော်လင့်ချက်များဖြင့် တောက်ပနေသော မျက်ဝန်းလေးနှင့် ကြည့်ကာ မေးလိုက်သည်။
"စိတ်မပူပါနဲ့ … ကောင်းကောင်း မတီးတတ်တောင်မှ အဆင်ပြေပါတယ် … ကျွန်မက ကျွန်မ အနှစ်သက်ဆုံး သီချင်းကို ရှင်တို့နဲ့အတူ မျှဝေချင်တာပါ"
ကျုံးဝမ် ခပ်ကျယ်ကျယ် ပြောနေတာတောင်မှ မည်သူမျှ စင်ပေါ်သို့ မတက်ရဲကြပါ၊ စွဲထင်ကျန်ရစ်စေသော ဆွဲဆောင်မှုအား ဖျက်ဆီးလိုက်သည့်အတွက် အခြား ပရိသတ်များက ကျိန်ဆဲလိမ့်မည် ဆိုတာကို သူတို့ သိနေကြသည်လေ။
ထိုကြောင့် အားကစားရုံ တစ်ခုလုံး ကိုးရိုးကားယား နိုင်လောက်အောင် တိတ်ဆိတ်နေသည်။
လူတိုင်းက သီချင်းအား ဖျက်ဆီးလိုသည့် သူအား စောင့်မျှော်နေကြပြီး ထိုသူအား အားပါးတရ ကျိန်ဆဲရန် စောင့်ဆိုင်းနေကြသည်။
ထိုစဉ် စတိတ်စင်နောက်မှ လူငယ်တစ်ယောက်၏ မျက်နှာက မည်းမှောင်လာကာ ညည်းညူနေသည်။
"သူမ တော်တော် လွန်နေပြီ … ကျုံးဝမ် တော်တော် လွန်သွားပြီ"
ထိုလူငယ်သည် သုံးလတာ သီချင်းကို တီးခတ်မည့် စန္ဒရား ပညာရှင် ဖြစ်ပြီး သူမအား အရူးအမူး ပိုးပန်းနေသည့် သူလည်း ဖြစ်သည်။
သို့သော် ကျုံးဝမ်းက သူနှင့်အတူ ဖျော်ဖြေမည့်အစား ပရိသတ်များနှင့် ပူးတွဲ ဖျော်ဖြေချင်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ထို့ကြောင့် ဒေါသမီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်နေသည်။
စန္ဒရား ပညာရှင်ကို ကြည့်ပြီး သူ့ဘေးမှ အမျိုးသမီး စီးပွားရေး အကျိုးဆောင်တစ်ယောက် အောင့်သီးအောင့်သက် ပြုံး၍ သူ့ကို နှစ်သိမ့်လာသည်။
"စိတ်မပူပါနဲ့ … သုံးလတာ သီချင်း တွဲဖက်ညီဖို့ဆိုတာက တော်တော်လေး ခက်ခဲပါတယ် … အချို့ စန္ဒရား ပါရဂူအချို့တောင် မတီးနိုင်ပါဘူး … ဘယ်ပရိသတ်ကမှ ကျိန်ဆဲခံပြီး ကြိုးစားရဲမှာ မဟုတ်ပါဘူး"
"နောက်ဆုံးတော့လည်း ကျုံးဝမ်က စတိတ်နံရံကို ပုတ်ပြီး နင့်အကူအညီကို တောင်းရမှာပါပဲ … သုံးလတာ သီချင်းကို ကောင်းကောင်းတီးနိုင်တာဆိုလို့ နင်တစ်ယောက်တည်းပဲ ရှိတာပါဟာ"
စန္ဒရား ပညာရှင်က အမျိုးသမီး စီးပွားရေး အကျိုးဆောင်၏ စကားကြောင့် အလွန်ကျေနပ်သွားပုံရသည်။
ထို့နောက် သူက အထင်သေးသလို ပြုံး၍ ပြောလိုက်သည်။
"ဟမ့် … ကောင်းပြီလေ … သူမ စတိတ်နံရံကို ပုတ်တဲ့အခါမှသာ သူမက ငါ့တန်ဖိုးကို နားလည်မှာ"
စန္ဒရား ပညာရှင်နှင့် စီးပွားရေးအကျိုးဆောင်တို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီး ကျုံးဝမ် သီချင်းစဆိုမည့်အချိန်ကိုသာ‌ စောင့်နေလိုက်သည်။
"ကျွန်မနဲ့ အတူ တွဲဖက် ဖျော်ဖြေချင်တဲ့သူ မရှိဘူးလား"
ကျုံးဝမ်က တိတ်နေသော အားကစားရုံကြီးအား စိတ်ပျက်သွားဟန်ဖြင့် ကြည့်နေသည်။ မည်သူမျှ သူမနဲ့ တွဲဖက် ဖျော်ဖြေလိုစိတ် မရှိပါက သူမ တစ်ယောက်တည်းသာ သီဆိုဖို့ သူမ ဆုံးဖြတ်ထားသည်။
သူမ သုံးလတာ သီချင်းကို မည်သည့် တွဲဖက် ဖျော်ဖြေမှုမှ မပါဘဲ သီဆိုရန် စီစဉ်ထားပြီးပြီ ဖြစ်သည်။
"ဒီတစ်ယောက်က ကြိုးစားချင်နေပါတယ်တဲ့"
ထိုစဉ် သံကုန်အော်ဟစ်လိုက်သော အသံတစ်သံက လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
ထို့နောက် ရှေ့ဆုံးတန်းက မိန်းကလေးတစ်ယောက်က သူ့ဘေးမှ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို လက်ညှိုးထိုး၍ အော်ပြောနေသည်ကို ကျုံးဝမ် မြင်လိုက်ရသည်။
"သူက နာမည်ကြီး စန္ဒရား ပညာရှင်တစ်ယောက်ပါ … သူက သုံးလတာ သီချင်းကို တီးခတ်နိုင်ပါတယ်"
*ဘာ*
သူမ စကားကြောင့် အားကစားရုံတစ်ခုလုံး ပွက်လောရိုက်သွားသည်။ မီးရောင်များစွာက လူငယ်လေးကို ချက်ချင်း မီးမောင်းထိုးပြလာသည်။
ထို့ပြင် လူငယ်လေး၏ စိတ်ရှုပ်နေသော မျက်နှာက ပိတ်ကားထက်၌ အထင်းသား ပေါ်လာသ်။ ဘာတွေ ဖြစ်နေသလဲ သူ ရိပ်စားမိပုံ မရချေ။
သံကုန်မြှင့်၍ အော်လိုက်သူကတော့ ယဲ့လန်ပင်။ ဤအဖြစ်ကို ကြည့်ပြီး ယဲ့ကလန်မှ မျိုးဆက်သစ် လူငယ်များကလည်း အလွန် နှစ်ထောင်းအားရ ဖြစ်ကာ ဝမ်းသာအံ့ဩသွားပြီးနောက် အလွန် ထေ့ငေါ့ဟန်ဖြင့် ဝိုင်းပြောကြသည်။
"ဟုတ်တယ် …. သူ တီးတာကို ကျွန်တော်တို့ တစ်ခါ ကြားဖူးတယ် … အရမ်း မိုက်တာပဲ"
"သူ သေချာပေါက် တီးနိုင်တယ် … မမလေး ကျုံးဝမ် … ကျေးဇူးပြုပြီး သူနဲ့ တီးခတ် ဖျော်ဖြေပေးပါလား"
….
သူတို့ စကားကြောင့် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားကာ သူတို့ကို စိတ်ထဲကနေ အားပါးတရ ကျိန်ဆဲပစ်ချင်နေသည်။
သူ ရှောင်ရှားချင်နေသည့် အခိုက်အတန့်က နောက်ဆုံးတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ပေါက်ချလာတာပါလား။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now