Chapter 305

1.2K 136 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (305) သေတယ်ဆိုတဲ့ စကားလုံးကို မင်း ဘယ်လိုရေးမလဲ

ရိုစ့်တစ်ယောက် မိမိလျှာကို ကိုက်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မည့်အချိန်တွင် အခန်းတစ်ခန်းလုံး၌ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။
ထို့ကြောင့် ရို့စ်နှင့် ကောင်းဟုန်တို့နှစ်ယောက်လုံး ချက်ချင်း ကတုန်ကယင် ဖြစ်လာကြသည်။ သူတို့ နောက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် ယောကျ်ားတစ်ယောက် အခန်းပေါက်ဝ၌ ရပ်နေသည်ကို မြင်လိုက်ကြရသည်။
ထိုသူသည် တိကျရှင်းလင်း ပြတ်သားသော မျက်နှာနှင့် ကြယ်တာရာတို့ထက်ပင် တောက်ပသော မျက်လုံး တစ်စုံရှိသည်။
သူသည် ငရဲမှ နတ်ဆိုးဘုရင်ကဲ့သို့ ကြမ်းကြုတ်သော ချီဓာတ်တို့ကို ထုတ်ဖော်နေ၏။ ရိုစ့်နှင့် ကောင်းဟုန်ထို့ ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။
“ယဲ့…ယဲ့ဖန်…”
ရိုစ့် မှင်တက်အံ့ဩနေသည်။ သူမ အိပ်မက်ထဲ ရောက်နေသည်ဟုတောင် သူမ ထင်နေမိသည်။
သူမ နှစ်ဝက်လုံးနီးပါး ချုပ်ထိန်းထားခဲ့ရသည်။ သူမ ထိုသူ၏ ပြန်လည်ပေါ်ထွက်လာမှုကို အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့သည်။
ထိုသူသည် သူမ အိပ်မက်များထဲ၌ အမြဲဆိုသလို အင်မော်တယ် စစ်သားတစ်ယောက်ကဲ့သို့ ကောင်းကင်မှ ဆင်းသက်လာပြီး များစွာသော နောက်လိုက်များအား လောကကြီအား အုပ်စိုးနိုင်အောက် လုပ်နိုင်ခဲ့သည်။
ဒါ အိပ်မက်လား၊ တကယ်ဖြစ်နေတာလားဆိုတာကို သူမ မခွဲခြားနိုင်ပါ။
“ရှင်လား … ဒါ တကယ်ပဲ ရှင်လား”
ရို့စ်၏ လှပသော မျက်ဝန်းလေးမှ မျက်ရည်များစွာက အရှိန်အဟုန်ဖြင့် စီးကျလာသည်။ သူမ ထိုယောကျ်ားအား သိပ်ကို သတိရခဲ့ရသည်ပဲ။
“သေစမ်း”
ရို့စ်ခေါ်သံကို ကြားလိုက်ရသဖြင့် ကောင်းဟုန် ဆံပင်မွေးများပင် ထောင်လာကာ တစ်ကိုယ်လုံး ကြက်သီးမွေညင်း ထလာသည်။
ကောင်းဟုန် လှစ်ခနဲ လှုပ်ရှားလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူက ကြမ်းပြင်ပေါ်မှ ဓားမြောင်ကို ကောက်ယူ၍ ရို့စ်လည်ပင်းနား၌ တေ့ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ထိုလူငယ်၏ မျက်လုံးအား ထိတ်လန့်နေသော အကြည့်များဖြင့် ကြည့်၍ အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
“မင်း … မင်းက ယဲ့ဖန်လား”
ကောင်းဟုန် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ သို့သော် ယဲ့ဖန်က သူ့ဘက်ကို လှည့်၍ပင် မကြည့်ချေ။ ထိုအစား သူက ရို့စ်အနားသို့ တစ်လှမ်းချင်း လှမ်းလာသည်။ သူက ကောင်းဟုန်၏ နှလုံးသားအား နင်းချေလာသကဲ့သို့ ခံစားရသဖြင့် ကောင်းဟုန်တစ်ယောက် တစစ်စစ်နှင့် ခံစားလာရသည်။
“ချီးပဲ ခွေးမသား … ရပ်လိုက် … မင်း ခြေတစ်လှမ်း ထပ်တိုးလာရဲမယ်ဆိုရင် ငါ ရို့စ်ကို သတ်ပစ်လိုက်မယ်”
ကောင်းဟုန်၏ ခြိမ်းခြောက်သံကြောင့် ယဲ့ဖန် ရပ်သွားသည်။ ယဲ့ဖန်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကောင်းဟုန် ပျော်သွားသည်။
ရို့စ်သာ သူ့လက်ထဲ ရှိနေသရွေ့ ယဲ့ဖန် ထိတ်လန့်နေမည်ကို သူ သိလိုက်သည်။ ထို့ကြောင့် ကောင်းဟုန်က ယဲ့ဖန်အား စိုက်ကြည့်၍ ထပ်မေးလိုက်သည်။
“မင်းက … တကယ်ပဲ ယဲ့ဖန်လား”
သူ့အမေးကြောင့် ယဲ့ဖန်က အထင်သေးသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတယ် ... သိပ်ကောင်းတယ်”
ယဲ့ဖန်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကောင်းဟုန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေဟန်များ ဖြတ်ပြေးသွားသည်။
ထို့နောက် သူက ယဲ့ဖန်အား အလွန် မုန်းတီးသော အကြည့်များဖြင့် မေးလိုက်သည်။
“ယဲ့ဖန် မင်း ငါ့အစ်ကိုကြီး ကောင်းရှန့်ကို မှတ်မိသေးလား။ သူ့ခြေလက်တွေကို ချိုးပစ်ပြီး သရဖူဟိုတယ်ကလေ ဘေးဘက်ထောက်ပြီး ထွက်သွားဖို့ ငါ့ဦးလေး ဝေ့ဖန်းကို မင်း ခိုင်းခဲ့တဲ့ ရုံးဝန်ထမ်းတစ်ယောက်လေ”
*ဟမ်*
သူ့စကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ သူ ထိုလူအား ပြန်အမှတ်ရသွားလေသည်။
ရုံးဝန်ထမ်းတစ်ယောက်က သူတောင်းစားအိုကြီးနှင့် သူတောင်းစားငယ်လေးတို့အား လမ်းကြားလေးထဲ၌ အနိုင်ကျင့်နေသည်ကို သူ မြင်ခဲ့သည့်အခါက သူ ထိုလူ၏ လက်မောင်းအား ချိုးခဲ့သည်။
ထို့နောက်တွင် ထိုလူက သရဖူဟိုတယ်မှ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သရဖူဟိုတယ်၏ အထွေထွေ မန်နေဂျာ ဝေ့ဖန်း၏ တူဖြစ်သည်ကို သူ သိလိုက်ရသည်။
ထိုအချိန်တုန်းက ကောင်းရှန့်သည် သူ့ဦးလေး နောက်ခံဖြင့် အမြဲ ဖိနှိပ်ညှင်းဆဲ၍ နိုင်လိုမင်းထက် ပြုမူခဲ့သည်။
သူက ယဲ့ဖန်၏ ခြေလက်များကို ချိုးပစ်၍ ယဲ့ဖန်အား သရဖူ ဟိုတယ်အပြင်ဘက်သို့ ပစ်ထုတ်ချင်ခဲ့သည်။ နောက်ဆုံးတွင်မူ ယဲ့ဖန်က ဝေ့ဖန်အား ကောင်းရှန့်၏ ခြေလက်များကို ချိုးပစ်ပြီး သူ့အား တစ်သက်လုံး သူတောင်းစားအဖြစ် နေခိုင်းစေခဲ့သည်။
*သူကိုး*
ယဲ့ဖန်က နှုတ်ခမ်းကိုတွန့်၍ မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။ ထိုတီကောင်လိုကောင်က သည်လောက် ကြမ်းတမ်းလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
“ဟားဟား … ယဲ့ဖန်၊ မင်း ဒါကို လုံးဝ တွေးခဲ့မိမှာ မဟုတ်ဘူး။ ငါ့အစ်ကိုကြီးမှာ သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ် ရှိနေတာကွ၊ တစ်ကမ္ဘာလုံး ဆင့်ကဲပြောင်းလဲမှု ခေတ်ကို ဝင်ရောက်သွားပြီးတဲ့နောက်မှာ သူက သူ့ရဲ့ သွေးမျိုးဆက်ကို နိုးထအောင် လုပ်နိုင်ခဲ့ပြီးတော့ ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရီကျန့်ထျန်းရဲ့ နောက်ဆုံးတပည့် ဖြစ်လာခဲ့တာ။ သူက အခု ကျန်းရှီတစ်မြို့လုံးမှာ အင်အားအကြီးဆုံး လူပဲ”
ကောင်းဟုန်က ရက်စက်သော လှောင်ရယ်သံဖြင့် ဆက်ပြောလိုက်သည်။
“ငါ့အစ်ကိုကြီးက မင်းရဲ့ သေဆုံးမှုအတွက် အမြဲ နောင်တရနေခဲ့တာကွ။ သူက အမြဲ မင်းကို သူ့လက်နဲ့ သတ်ချင်နေခဲ့တာ။ မင်း အသက်ရှင်နေသေးတယ်ဆိုတာက တကယ့်ကို သတင်းကောင်းပဲ”
*သွေးဆိုးတိုက်ပွဲဝင် ခန္ဓာကိုယ်လား*
သူ့စကားကြောင့် ယဲ့ဖန် တစ်ခဏမျှ အံ့ဩသွားသည်။ ထို့နောက် သူက အထင်သေးသလိုမျိုး ကြည့်လာသည်။
သာမန်လူများအတွက်တော့ ဤကဲ့သို့ ပြိုင်စံရှား ခန္ဓာကိုယ်ပိုင်ရှင်များက ကျင့်ကြံခြင်းတွင် ဩချရလောက်သည့် ပါရမီရှင်များ ဖြစ်သည်။
သို့ရာတွင် ဤသည်က ယဲ့ဖန်အတွက်တော့ မည်သို့မျှ တန်ဖိုးမရှိပေ။
“ယဲ့ဖန် မင်းရဲ့ မူလသလင်းကျောက်ကို မင်းဘာသာမင်း ဆွဲထုတ်ပြီး မင်းရဲ့ ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်။ မဟုတ်လို့ကတော့ ငါ သူ့ကို သတ်ပစ်မယ်”
ကောင်းဟုန်က သားရဲကောင်ကဲ့သို့ ကြမ်းကြုတ်စွာ ကြည့်၍ အမိန့်ပေးလာသည်။ သို့သော် သူ့စကားအဆုံးတွင် ယဲ့ဖန်က သွေးဆာ၍ ရက်စက်သော အပြုံးမျိုး ပြုံးလာသည်။
ထို့နောက် သူက ကောင်းဟုန်အား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။
“မင်း သေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးလဲ”
*ဘာ*
ကောင်းဟုန် တစ်ခဏမျှ ကြောင်သွားရသည်။ ထို့နောက် သူ့မျက်နှာက နီရဲလို့လာသည်။
*မောက်မာလှချည်လား*
*ဒီခွေးသားက တော်တော် အတင့်ရဲတာပဲ*
*ရို့စ်က ငါ့လက်ထဲမှာ ရှိနေတာတောင် သူက သေတယ်ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးလဲလို့ လာမေးနေသေးတယ်*
ကောင်းဟုန်၏ ဒေါသထွက်နေသော အမူအရာကို ကြည့်ပြီး ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးနှင့် ဆက်ပြောလိုက်သည်။
“ကြည့်ရတာ မင်း မသိဘူးနဲ့ တူတယ် ... ဒါဆိုလည်း ငါ မင်းကို သင်ပေးရတာပေါ့”
ထိုသို့ပြောပြီး ယဲ့ဖန်က ကောင်းဟုန်ထံသို့ လျှောက်လာသည်။
*သေစမ်း*
ယဲ့ဖန်၏ တုံ့ပြန်မှုကို ကြည့်ပြီး ကောင်းဟုန်၌ နောက်ဆုတ်လို့ မရနိုင်တော့ပေ။ ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသောလည်း ယဲ့ဖန်ထံမှ သေမင်းချီဓာတ်များကို အနည်းငယ် အာရုံခံလို့ ရနေသည်။
ထိုခံစားချက်က သူ့ကို ကြောက်ရွံ့စေသည်။ ယခင်က ရို့စ်ကို ဗန်းပြပြီး ယဲ့ဖန်ကို သူ ထိန်းချုပ်နိုင်ပြီဟု သူ ထင်ခဲ့သည်။ သို့သော် ထင်မှတ်မထားသည်က ယဲ့ဖန်သည် ရို့စ် သေမလား၊ ရှင်မလားဟူသည့် အ‌ရေးကို ဂရုစိုက်မနေခြင်းပင်။
“ခွေးမသား မင်း ဒီအတွက် တစ်သက်လုံး နောင်တရစေရမယ်ကွ”
ထိုသို့ပြောပြီး ကောင်းဟုန်သည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ရို့လည်ပင်းအား ဓားမြောင်နှင့် ထိုးချလိုက်သည်။
ထိုဓားမြောင်သည် အေးစက်သော အလင်းနှင့် ကြမ်းကြုတ်သော ချီဓာတ်တို့နှင့်အတူ တလက်လက် တောက်ပနေ၏။
ရို့စ်သည် သူ၏ တိုက်ခိုက်မှုကို ဂရုမစိုက်ပါ၊ ထိုအစား သူမက ယဲ့ဖန်အား လှပသော မျက်လုံးများနှင့် ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။
“ကျွန်မ မသေခင် ရှင်နဲ့ တွေ့ခွင့်ရလိုက်တာလေးနဲ့တင် ကျွန်မအတွက် အဖိုးတန်နေပါပြီ”
နှစ်ဝက်လောက် စောင့်နေခဲ့ပြီးနောက် သူမ၏ အိပ်မက်က အမှန်တကယ် ဖြစ်လာပြီ ဖြစ်သည်။ ရို့စ်သည် သူမ သေဆုံးရခြင်းအတွက် နောင်တမရပါ။
ဓားမြောင်က သူမလည်ပင်းနားသို့ နီးကပ်လာချိန်တွင် ကုန်းဟောင်သည် သူ့လက်ထဲ ဘာမှ မရှိတော့သလို ခံစားရသဖြင့် ရုတ်တရက် တွေဝေသွားသည်။
သူ့လက်ကို သူ ပြန်ကြည့်လိုက်သောအခါ ဓားမြောင်က လုံးဝကို ပျက်စီးနေသည်ကို တွေ့လိုက်ရသည်။ လက်ကိုင်က ကျိုးနေပြီး အပြစ်အနာအဆာများနှင့် ပြည့်နေသည်။
ပုရွက်ဆိတ်လေးတစ်ကောင်က သူ့လက်ထဲမှ ကျန်ရှိနေသော ဓား၏လက်ကိုင်ကို အရူးအမူး ကိုက်ဖြတ်နေ၏။
*ဘာကြီးလဲဟ*
ကုန်းဟောင် မှင်တက်သွားသည်။
*ပုရွက်ဆိတ်တစ်ကောင်က ဓားမြောင်ကို စားနေတာလား*
*မဖြစ်နိုင်ဘူးလေ*
စက္ကန့်ပိုင်းမျှ အကြာတွင် ပို၍မယုံနိုင်စရာကောင်းသော တစ်စုံတစ်ရာ ဖြစ်ပျက်လာလေသည်။
ပုရွက်ဆိတ်က သူ၏ အစွယ်ကို ကောင်းဟုန်အား ထုတ်ဖော်ပြလာသည်။ ထို့နောက် သူက ကောင်းဟုန်၏ လက်ဖဝါးအား သူ၏ ချွန်ထက်နေသော အစွယ်ဖြင့် ကိုက်ဖြတ်လေတော့သည်။
ကျွိ! ကျွိ!
ကောင်းဟုန်၏ လက်ဖဝါးသည် မယုံနိုင်စရာ ကောင်းလောက်သော နှုန်းဖြင့် ပုရွက်ဆိတ်၏ ကိုက်ဖြတ်ခြင်းကို ခံလာရသည်။
“အား…အား…အား…”
ကောင်းဟုန် ထိတ်လန့်၊ကြောက်ရွံ့စွာ အော်ဟစ်လိုက်မိသည်။ သေးငယ်သော ပုရွက်ဆိတ်လေးက ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် ရှိသည့် လူသားတစ်ယောက်အား ဝါးမျိုနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပါ။
*သေစမ်း*
ကောင်းဟုန် ရူးမတတ် ဖြစ်သွားရသည်။ ပုရွက်ဆိတ်အား သူ ထပ်ခါထပ်ခါ ထိုးနှက်မိသည်။ သို့သော် သူ့တိုက်ခိုက်မှုက ပုရွက်ဆိတ်အား ကလိထိုးရုံလောက်သာ ရှိသည်။ စူးခနဲ အော်ဟစ်နေသံက အခန်းတွင်း ပျံ့နှံ့လာသည်။
သူ့လက်မောင်း အစားခံလိုက်ရသည်၊ ထို့နောက် သူ့လက်မောင်း ပျက်စီးသွားပြီး အရိုးဖြူများ ထွက်ပေါ်လာသည်။
သူ့ထံမှ သွေးများ ဆက်၍ စီးကျလာသည်။ စက္ကန့်အနည်းငယ်လေးအတွင်းမှာပင် သူ ကြောက်လန့်စွာ ငယ်သံပါအောင် အော်ဟစ်နေရသည်။
“မဖြစ်ဘူး”
ထို့နောက် ကောင်းဟုန်သည် ဧရာမ ဒဏ်ရာကြီးတစ်ခုနှင့်အတူ ကြမ်းပြင်ပေါ် လဲကျ၍ သေဆုံး သွားလေတော့သည်။
သူ့မျက်လုံးထဲတွင် သရဲတစ္ဆေနှင့် ဆုံတွေ့လိုက်ရသကဲ့သို့ အလွန်တရာ ထိတ်လန့်၊ ကြောက်ရွံ့နေဟန်များဖြင့် ပြည့်နှက်လို့နေ၏။
သူ့အလောင်းသည် ချက်ချင်းဆိုသလို ဝါးမျိုခံလိုက်ရပြီး ရဲရဲနီသော သွေးအိုင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
….
ရို့စ် အလွန် အံ့ဩလို့နေသည်။ သူမသည် အလွန် ထိတ်လန့်၊ကြောက်ရွံ့သော မျက်နှာထားဖြင့် သွေးအိုင်ထဲမှ ပုရွက်ဆိတ်ကို ငေးကြည့်နေမိသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now