Chapter 298

1K 139 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (298) အဲ့ဒါရဲ့ နာမည်က ပုရွက်ဆိတ်လေးတဲ့

ကျွိ! ကျွိ! ကျွိ!
ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်တို့သည် ဘုရင်နှစ်ယောက်ကြားရှိ စစ်ပွဲကို စောင့်မျှော်နေသကဲ့သို့ အော်ဟစ်နေကြသည်။
သူတို့သည် သူတို့၏ ဘုရင်အသစ်အား စောင့်မျှော်နေကြခြင်း ဖြစ်သည်။ ဘုရင်အဖြစ် ယှဉ်ပြိုင်မည့် ပုရွက်ဆိတ်နှစ်ကောင်က မျိုးနွယ်စု နှစ်ခုကြားရှိ ကွင်းပြင်၌ ရပ်နေကြသည်။
ထို့နောက် သူတို့သည် သူတို့၏ ဂုဏ်သိက္ခာကို ထုတ်ပြဟန်ဖြင့် အစွယ်များကို ထုတ်ဖော်ကြသည်။ ကျယ်လောင်သော တကျွိကျွိ အသံနှင့်အတူ ပုရွက်ဆိတ်ဘုရင်အဖြစ် ယှဉ်ပြိုင်သူ နှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ထိပ်တိုက် ရင်ဆိုင်လေတော့သည်။
သူတို့သည် လျင်မြန်စွာ လှုပ်ရှားကြပြီး သူတို့၏ ချွန်ထက်သော လက်သည်းများအား တစ်ခါ ဝှေ့ယမ်းလိုက်တိုင်း ပြိုင်ဘက်၏ ကိုယ်ပေါ်၌ သွေးသံတရဲရဲ ဒဏ်ရာတစ်ခု ချန်ရစ်ခဲ့နိုင်ကြသည်။
သူတို့သည် တစ်ကောင်နှင့် တစ်ကောင် ချွန်ထက်သော အစွယ်များဖြင့် ကိုက်ဖဲ့ကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားက ဒဏ္ဍာရီအဆင့်များထက်တောင် ပို၍ သာလွန်နေသေးသည်။
ဂျွတ်ခနဲ အသံနှင့်အတူ ပုရွက်ဆိတ်ဘုရင် အဖြစ် ယှဉ်ပြိုင်သူတစ်ကောင်၏ ဝမ်းဗိုက်အောက်ပိုင်း ခုတ်ပိုင်းခြင်း ခံလိုက်ရသဖြင့် သွေးများ မြေကြီးပေါ် ပန်းထွက်လာသည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ အစွယ်များက ပြိုင်ဘက်၏ ကိုယ်အား ဖောက်ထွင်းသွားသည်။
ရွှစ်! ရွှစ်! ရွှစ်!
သူတို့၏ တိုက်ပွဲကား ပြင်းထန်လှပေ၏။ အနိုင်ရသူသည် ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်၏ ဘုရင်အဖြစ် သရဖူဆောင်းရပေလိမ့်မည်။
ရှုံးနိမ့်သူကတော့ တစ်ယောက်တည်း သေဆုံးရပေလိမ့်မည်။ ဤသည်မှာ အရက်စက်ဆုံး ကြီးနိုင်ငယ်ညှဉ်း သဘာဝတရားပင်။
ထိတ်လန့်ဖွယ်ကောင်းလှသည့် တိုက်ပွဲကို ကြည့်ပြီး ယဲ့ဖန်၏ ဝိညာဉ်မီးတောက်က တဖျက်ဖျက် တောက်ပလာသည်။
“သူတို့က ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် ဒါမှမဟုတ် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်လောက်နဲ့တောင် ယှဉ်နိုင်နေလောက်တယ်”
ယဲ့ဖန် အလွန် ထိတ်လန့် အံ့အားသင့်သွားသည်။ ပုရွက်ဆိတ်အသိုက်ထဲ၌ သူတို့ကဲ့သို့ ပုရွက်ဆိတ်ဘုရင် အဖြစ် ယှဉ်ပြိုင်သူ အကောင်ရေ များစွာ ရှိနေမည်ဆိုတာကို သူ ရိပ်စားမိသည်။
သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော စုပေါင်း အင်အားကို သူ တွေးကြည့်လိုက်မိသည်နှင့် သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။
ရွှစ်!
ထိုစဉ် အသံနှင့်အတူ ပုရွက်ဆိတ်ဘုရင် အဖြစ် ယှဉ်ပြိုင်သူ တစ်ကောင်က သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်အား ထိုးဖောက်လိုက်သဖြင့် ထိုအကောင်၏ သွေးများက မြေကြီးပေါ်သို့ ပန်းထွက်လာသည်။
ထို့နောက် ထိုဒဏ်ရာရနေသော အကောင်သည် မြေကြီးပေါ်သို့ လဲကျသွားပြီး သူ၏ ဒဏ်ရာများကြောင့် မလှုပ်မယက်ဖြစ်သွားသည်။
သူ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီ။ သူသည် သူ၏ တိုက်ပွဲဝင်ခွန်အားကို လုံးဝ ဆုံးရှုံးလိုက်ရလေပြီ။ သူ တိုက်ပွဲ၌ ရှုံးသွားခဲ့သည်။ သူ့ကိုယ်သူ ရှုံးနိမ့်သွားမှန်း သူ သိလိုက်သည်။
ဘုရင်အသစ် ပေါ်ပေါက်လာသောအခါ ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်က ဂုဏ်ပြု အားပေးသလို ရူးသွပ်စွာ အော်ဟစ်နေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်က တိုက်ပွဲ၌ ရှုံးနိမ့်သွားသည့် အကောင်အား တစ်ကောင်တည်း ထားခဲ့ကာ ဘုရင်အသစ်နား စုပြုံ ဝန်းရံ၍ ပုရွက်ဆိတ် အသိုက်ဆီသို့ ထွက်ခွာသွားကြသည်။
ထိုပုရွက်ဆိတ်လေးသည် ရှုံးနိမ့်သွားသော ဘုရင်ကဲ့သို့ အလွန့်ကို အထီးကျန်ကာ အဖော်မဲ့နေခဲ့သည်။ ရှုံးနိမ့်သွားသော ပုရွက်ဆိတ်လေး၏ တစ်ခုတည်းသော ရွေးချယ်စရာက သေခြင်းတရားကို စောင့်မျှော်နေရန် ဖြစ်သည်။
ပုရွက်ဆိတ်ဘုရင်အဖြစ် ယှဉ်ပြိုင်သူ တစ်ကောင်က တိုက်ပွဲ၌ ရှုံးနိမ့်သွားပါက ထိုအကောင်သည် သေရမည်ပင်။
သူ တည်ရှိခဲ့ဖူးသည့် မိသားစုနှင့် ပုရွက်ဆိတ်အုံကြီးကို ကြည့်ပြီး သူ၏ မှုန်မှိုင်းနေသော မျက်လုံးများက မလိုလားသလို ဖြစ်နေသည်။
ထို့နောက် သူသည် သူ၏ ဒဏ်ရာရနေသော ကိုယ်အား တရွက်တိုက်ဆွဲ၍ မြေကြီးပေါ်၌ တွားသွားလိုက်သည်။ သေခြင်းတရားကို စောင့်မျှော်ရန် တိတ်ဆိတ်သည့် နေရာတစ်ခုကို သူ ရှာဖွေချင်နေခဲ့သည်။
ထိုစဉ် အသားဟူ၍ မပါရှိဘဲ အရိုးဖြူဖြူများသာ ရှိသော ခြေထောက်တစ်ဘက်က မီတာ အနည်းငယ်ခန့်၌ ထွက်ပေါ်လာသည်။
ထိုပုရွက်ဆိတ်သည် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူ ခေါင်းမော့ကြည့်လာသည်။ ယဲ့ဖန်၏ အရိုးစုကို သူ မြင်လိုက်ရသည့်အခါတွင် သူ အကြီးအကျယ် ထိတ်လန့်သွားရသည်။
ထိုအရိုးစုကို သူ မှတ်မိပါသည်။ တစ်ချိန်က ထိုအရိုးစုအား သူ့ပုရွက်ဆိတ်အုံနှင့်အတူတူ ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးသည်။
သို့သော် သူ ထိုအရိုးစုအား တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်း သူသည် ကျယ်လောင်သော ခေါင်းလောင်းသံနှင့်အတူ အဝေးသို့ လွင့်ထွက်သွားခဲ့ရသည်။
သူ့ကိုယ်ပေါ်မှ အက်ကြောင်းရာများသည် ထိုသောက်အရိုးစုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝိညာဉ်စားပုရွက်ဆိတ်၏ မျက်လုံးများက ကြောက်စိတ်ကြောင့် ဖိတ်ဖိတ်တောက်လာ၏။
ထို့နောက် ထိုပုရွက်ဆိတ်သည် ယဲ့ဖန်၏ အရိုးစုနှင့် ဝေးရာသို့ ထွက်ပြေးချင်ဟန်ဖြင့် နောက်သို့ ဆုတ်ရန် ပြင်လာသည်။
သို့သော် ထိုအခိုက်တွင် အသံတစ်သံကို သူ ကြားလိုက်ရသည်။
“မင်း နိုင်ချင်လား … မင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဂုဏ်သိက္ခာကို မင်း ပြန်လိုချင်လား … မင်း ပုရွက်ဆိတ် အားလုံးရဲ့ လေးစားတာကို ခံရပြီးတော့ ပုရွက်ဆိတ်ဘုရင် ဖြစ်ချင်လား”

စိတ်ဝိညာဉ်၏ အသံတစ်သံက ဝိညာဉ်စား ပုရွက်ဆိတ်၏ စိတ်ထဲ ရစ်ဝဲကာ ရောက်ရှိလို့လာသည်။ ဤသည်မှာ ဘာသာစကားမဟုတ်ဘဲ ဝိညာဉ်အချင်းချင်း ဆက်သွယ်သည့် ဟိန်းသံတစ်ခုသာ ဖြစ်သည်။
ထိုပုရွက်ဆိတ်၏ မျက်လုံးများက အလွန် စိတ်ရှုပ်သွားကာ သတိစိတ် နိုးကြားသွားဟန်ဖြင့် တလက်လက် တောက်ပလာသည်။
သူ၏ တုံ့ပြန်မှုကို ကြည့်ပြီး ယဲ့ဖန်၏ စိတ်ဝိညာဉ် မီးတောက်သည် တုန်ခါသွားရသည်။ ထို့နောက် သူသည် ထိုပုရွက်ဆိတ်ရှေ့၌ သူ့လက်ကို တစ်ချက် လှုပ်လိုက်သည်။
ရုတ်တရက် စိတ်ဝိညာဉ် မှတ်တမ်းတစ်ခုက ပုရွက်ဆိတ်၏ ရှေ့၌ ပေါ်လာသည်။ ဧရာမ ကမ္ဘာခြား နဂါးတစ်ကောင်သည် ကံဆိုးမှုများကို ကံကောင်းမှုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် ထူးခြားဆန်းပြားသော သားရဲတစ်ကောင်ဖြစ်သည့် မျက်လုံး ခြောက်လုံးပါသော ချီလင်တစ်ကောင်နှင့် တိုက်ခိုက်နေသည့် မှတ်တမ်းဖြစ်သည်။
သူတို့၏ တိုက်ကွက်တစ်ခုတိုင်းတွင် စကြဝဠာ၏ ဥပဒေသများ ပါဝင်နေပြီး ကောင်းကင်ကို မိုးပြိုစေနိုင်သလို သို့မဟုတ် ကမ္ဘာမြေအား ပြိုလဲ ပျက်စီးသွားစေလောက်သည်။
ဂြိုဟ်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားရသည်။ နဂါးငွေ့တန်းများ တစ်စစီ ဆွဲစုတ်ခံလိုက်ရသည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်ပါဘိ။
ဝိညာဉ်စား ပုရွက်ဆိတ်လေးသည် ထိုမှတ်တမ်းကြောင့် အလွန် အံ့အားသင့်သွားသည်။ သူသည် ပုရွက်ဆိတ်အုံနှင့် မွေးကတည်းက အတူ နေလာခဲ့ခြင်း ဖြစ်သည်။ သူ တစ်ခါမှ အပြင်လောကကို မမြင်ဖူးခဲ့သလို ဧရာမ ကမ္ဘာခြား သားရဲကောင် နှစ်ကောင်၏ တိုက်ပွဲက သည်လောက် ထိတ်လန့်စရာ ကောင်းမည်ဟုလည်း ထင်မှတ်မထားခဲ့မိပါ။
သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။ သူ ပို၍ သန်မာလာချင်သည်၊ သူ၏ ဂုဏ်သိက္ခာကို သူ ပြန်ရယူလိုသည်။ သူသည် ပုရွက်ဆိတ်အားလုံး၏ ထိပ်ဆုံး၌ ရပ်တည်ကာ အခြားသူများ အားလုံး၏ လေးစားခြင်းကို ခံယူလိုသည်။
ထိုစဉ် ယဲ့ဖန်က သူ့လက်ဖဝါးကို ပြန်ရုတ်လိုက်သည်။ စိတ်ဝိညာဉ်မှတ်တမ်း ပျောက်လို့သွားလေသည်။ ထိုအခါ ဝိညာဉ်စား ပုရွက်ဆိတ်သည် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက ယဲ့ဖန်ကို မော့ကြည့်လာသည်။
“ငါ့ကို အညံ့ခံပါ … မင်း သန်မာလာ‌အောင် ငါ ကူညီပေးနိုင်တယ် … ငါ မင်းရဲ့ ဂုဏ်သိက္ခာကို ပြန်ယူပေးနိုင်တယ် … မင်း ပုရွက်ဆိတ်တွေရဲ့ ဘုရင် ဖြစ်လာအောင် ငါ ကူညီနိုင်တယ်”
ယဲ့ဖန်၏ စိတ်ဝိညာဉ် အသံက ဝိညာဉ်စား ပုရွက်ဆိတ်၏ နားထဲ၌ ပဲ့တင်ထပ်သွားသည်။ သူ ချီတုံချတုံ ဖြစ်နေပြီး ရုန်းကန် လှုပ်ရှားလာသည်။
ထို့နောက် သူသည် မြေကြီးပေါ် ခေါင်းကို နှိမ့်၍ လဲချလိုက်သည်။ ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်၏ စိတ်ဝိညာဉ် မီးတောက်သည် ပို၍ စိတ်လှုပ်ရှားသွားရသည်။
ထို့နောက် သူသည် လေထဲ၌ လက်တစ်ချက် လှုပ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်အမှတ်အသား တစ်ခုက လေထဲ၌ ပေါ်လာသည်။ ထို့နောက် ထိုအမှတ်အသားသည် ပုရွက်ဆိတ်၏ ဦးခေါင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။
တစ်မိနစ်။ နှစ်မိနစ်။
….
ယဲ့ဖန် အလွန်အမင်း စိတ်လှုပ်ရှားလာသည်။ သူသည် ကျွန်အမှတ်အသားဖြင့် များစွာသော သန်မာသည့် မှင်စာများကို ကျွန်ပြုနေခဲ့သည်။
သို့သော် ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူ ထင်မှတ်ထားသည်ထက် ကျော်လွန်နေသည်။ လွန်ခဲ့သည့် ကမ္ဘာခြားဂြိုဟ်တွေပေါ်မှာတုန်းက မည်သည့် ကမ္ဘာခြား အင်အားကြီးသူမဆို ဝိညာဉ်စား ပုရွက်ဆိတ်များအား အနိုင်မယူနိုင်ခဲ့ပါ။
ဤသည်မှာ လုံးဝ မဖြစ်နိုင်သည့် အရာပင်။

မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ယဲ့ဖန်သည် စိတ်လှုပ်ရှားလာသည်။ ဤသည်မှာ နှစ်ပေါင်းများစွာ ကျော်လွန်ခဲ့ပြီးနောက် လုံးဝကို စမ်းသပ်မှု အသစ်တစ်ခုပင် ဖြစ်သည်။ သူ့စမ်းသပ်မှုကို သူ ပြီးစီးသွားနိုင်သည်နှင့် သူသည် ကမ္ဘာခြား စကြဝဠာတစ်ခုလုံးကို သေချာပေါက် ထိတ်လန့်သွားအောင် လုပ်နိုင်ပေတော့မည်။
ထိုစဉ် ဝိညာဉ်စား ပုရွက်ဆိတ်က ရုတ်တရက် ခေါင်းမော့လာသည်။ အစပိုင်းတွင် သူ့မျက်လုံးများက စိတ်ရှုပ်ထွေးနေဟန်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူ့မျက်လုံးထဲတွင် အလွန်အမင်း ရူးသွပ်စွဲလန်းမှုများ ပျော်ဝင်လာသည်။
ထို့အပြင် သူသည် ယဲ့ဖန်ထံသို့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေပြီး ယခုမှ သူ့မိသားစုဝင်အား ရုတ်တရက် ပြန်တွေ့လိုက်ရသည့် ကလေးငယ်သဖွယ် တွားသွား၍ လျှောက်လာသည်။
သူ၏ ရင်းနှီးပြီး စိတ်လှုပ်ရှားနေသော အပြုအမူကို ကြည့်ပြီး ယဲ့ဖန် ကိုယ့်မျက်လုံးတောင် ကိုယ် မယုံနိုင်သလို ဖြစ်သွားရသည်။
“ငါ လုပ်နိုင်သွားပြီပဲ”
ယဲ့ဖန် တက်ကြွ ပျော်ရွှင်လာသည်။ သူနှင့် ဝိညာဉ်စား ပုရွက်ဆိတ်တို့ကြားရှိ ထိုးထွင်းသိမြင်နိုင်သော ဆက်ဆံရေးကို သူ ရှင်းလင်းစွာ ခံစားမိသည်။
ယဲ့ဖန်သာ အမိန့်ပေးလိုက်ပါက ထို ဝိညာဉ်စား ပုရွက်ဆိတ်သည် မဆိုင်းမတွ သေရဲနေသည်။
“ငါ ဝိညာဉ်စား ပုရွက်ဆိတ်ကို ကျွန်ပြုနိုင်ခဲ့ပြီပဲ”
ယဲ့ဖန် အလွန် တက်ကြွလာကာ ကိုယ်ကိုကိုင်း၍ လက်ဆန့်ထုတ်လိုက်သည်။ ဝိညာဉ်စား ပုရွက်ဆိတ်က ချက်ချင်းပင် သူ၏ အရိုးလက်ချောင်းပေါ်သို့ တွားသွား၍ တက်လာသည်။
“အခုကစပြီး မင်းကို ငါ ပုရွက်ဆိတ်လေးလို့ ခေါ်မယ်”
ယဲ့ဖန်က ပုရွက်ဆိတ်လေးကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
“ပုရွက်ဆိတ်လေး … မှတ်ထား … မင်းက ငါ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ မင်းက ငါ့မိသားစုဝင်နဲ့ ငါ့ညီအစ်ကို တစ်ယောက် ဖြစ်လာပြီ … ညီအစ်ကိုဆိုတာက အတူ ရှင်တွဲနေထိုင်ကြသလို အတူ သေဆုံးကြတယ်”
သူ့စကားအဆုံးတွင် ပုရွက်ဆိတ်လေး တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လာသည်။
သူသည် သူ၏ အသိုက်မြုံ၊ မိသားစုနှင့် မိတ်ဆွေများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ယခုအခါတွင်တော့ သူ့တွင် သခင်တစ်ယောက်၊ ညီအစ်ကိုတစ်ယောက် ရှိလာပြီ ဖြစ်သည်။
*ညီအစ်ကို*
ထိုစကားလုံးက ပုရွက်ဆိတ်လေး၏ စိတ်ထဲ၌ အမြစ်တွယ်သွားသည်။ နောင် နှစ်ပေါင်းများစွာ ကြာသည့်အခါတွင်တော့ ပုရွက်ဆိတ်လေးက ကမ္ဘာခြား စကြဝဠာထဲတွင် သွေးမုန်တိုင်းတစ်ခုကို ဖန်တီးလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားနိုင်လောက်ပါ။
သူသည် နတ်ဘုရားများ၊ အင်မော်တယ်များ၊ တစ္ဆေများနှင့် မှင်စာများ၏ မျက်လုံးထဲတွင် သေမင်း၏ ပြယုဂ် ဖြစ်လာပေတော့မည်။
ယဲ့ဖန်အပြင် သူသည်လည်း အကြမ်းကြုတ်ဆုံး ဝိညာဉ်စား ပုရွက်ဆိတ် ဧကရာဇ် ဖြစ်လာပေတော့သည်။
နတ်ဘုရားများ၏ အသားများက သူ၏ အရသာရှိသော အစာ ဖြစ်လာခဲ့သည်။ အင်မော်တယ်များ၏ သွေးများက သူ၏ သောက်လို့ကောင်းသော ဖျော်ရည် ဖြစ်လာခဲ့သည်။
သူသည်ကား ပုရွက်ဆိတ်လေးပင်တည်း။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now