Chapter 255

1.3K 162 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (255) ဘာဖြစ်လို့လဲဆိုတော့ ငါ့မျိုးရိုးနာမည်က ယဲ့ဖြစ်နေလို့ပဲ

"မောင်ငယ်လေး …. မင်း … မင်း အစ်မကို မတွေ့ချင်တော့တာလား"
ကျုံးဝမ်၏ ရင်ကွဲမတတ် ငိုသံထွက်ပေါ်လာပြီးနောက် အားကစားရုံတစ်ခုလုံး တိတ်ကျသွားသည်။ မည်သည့် ပရိသတ်ကမှ ဤကဲ့သို့ အခြေအနေ ပြောင်းလဲသွားမည်ဟု ထင်မထားခဲ့မိပါ။
အားကစားရုံထဲမှ လူတိုင်း ကျုံးဝမ် ကြည့်ကာ ပြောနေသည့် အသံနောက်သို့ လိုက်ကြည့်လိုက်ကြသည်။
ထိုအခါမှသာ စင်အစွန်းနားရှိ မှောင်ရိပ်တစ်နေရာမှ လူတစ်ယောက်ကို သူတို့ မြင်လိုက်ကြသည်။
*အနက်ရောင် ဝတ်စုံလေးနဲ့ လူငယ်လေး*

သူတို့ ယဲ့ဖန်ကို မြင်သည်နှင့် အားကစားရုံတစ်ခုလုံး ပွက်လောရိုက်သွားသည်။
"အဲ့ဒါ သူပဲ … သူ … သူက ငါတို့နတ်ဘုရားမလေးရဲ့ ရင်ထဲက မောင်ငယ်လေးပဲ"
"ဘာလို့လဲ … ဘာကြောင့် သူက ဝန်မခံခဲ့တာလဲ"
"ငါပြောသားပဲ … သူရဲ့ ပူးတွဲဖျော်ဖြေမှုက နတ်ဘုရားမလေးရဲ့ သီချင်းနဲ့ လိုက်ဖက်ပါတယ်လို့ … သူတို့က တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ဖို့ ကံကြမ္မာက ကြိုတင် ပြဋ္ဌာန်းထားပြီးသား"

ချက်ချင်းဆိုသလိုပင် အားကစားရုံတစ်ခုလုံး ဝေဖန်ဆွေးနွေးသံများနှင့် ပြည့်နှက်လာသည်။
ယဲ့ဖန်သည် ကျုံးဝမ်၏ အသံကို ကြားလိုက်ရချိန်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်သွားသည်။
သူ ကျိုရို့ထျန်းအား တားဆီးရန်း မကြိုးစားခဲ့ပါ၊ ကျိုရို့ထျန်းက သူမကို လှည့်စားနေမှန်း သူ သိပါသည်။
ကျုံးဝမ်သည်လည်း သတိထားမိပါသည်။
"ဆယ့်နှစ်နှစ်"
ထိုအချိန်တွင် ကျုံးဝမ်က ယဲ့ဖန်က လှပသော မျက်ဝန်းလေးများနှင့် ငေးကြည့်ကာ အော်ပြောလာသည်။
ထို့နောက် သူမမျက်ဝန်းထဲမှ ပဲစေ့ကဲ့သို့ မျက်ရည်များ စီးကျလာသည်။
"အစ်မ မင်းကို စောင့်နေခဲ့တာ ဆယ့်နှစ်နှစ် ရှိခဲ့ပြီ … အစ်မ မင်းကို လိုက်ရှာနေခဲ့တာ ဆယ့်နှစ်နှစ်တောင် ရှိနေပြီ"
" နောက်ဆုံးတော့ မင်း ပေါ်လာခဲ့တယ် … ဒါပေမယ့် မင်း ဘာလို့ အစ်မကို မတွေ့ချင်ရတာလဲ … ဘာလို့ မင်း ဝန်မခံခဲ့ရတာလဲ"
"မင်း အစ်မကို မေ့သွားပြီလား"
အားကစားရုံတစ်ခုလုံး နောက်တစ်ကြိမ် ပြန်၍ တိတ်ဆိတ်သွားသည်။ ကျုံးဝမ်၏ စကားကြောင့်
ထောင်သောင်းနှင့်ချီသော ပရိသတ်များသည် သူတို့ နှလုံးသား ဆွဲဆုတ် ဖျစ်ညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူတို့၏ နတ်ဘုရားမလေး သနားစဖွယ် ငိုကြွေးနေသည်ကို ကြည့်ရင်း ပရိသတ်များ၏ ရင်ထဲ ဝေ့ယမ်းခံလိုက်ရသလို ဖြစ်သွားကြသည်။
"မောင်ငယ်လေး … အစ်မ မင်းကို သတိရနေခဲ့တာ … အစ်မ မင်းကို နေ့တိုင်း အိပ်မက်မက်တယ်"
"အစ်မတို့ အတူဖြတ်သန်းခဲ့တဲ့ သုံးလတာ အချိန်လေးကို လုံးဝ မမေ့နိုင်ဘူး … မင်း အစ်မနဲ့ အတူ ငိုခဲ့၊ ရယ်ခဲ့တဲ့ အချိန်တွေကို မမေ့နိုင်ဘူး"
"မင်း သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ မျက်နှာနဲ့ အိမ်ပြန်လာပြီး အစ်မကို အဖျားပျောက်ဆေး ပေးခဲ့တဲ့ အချိန်ကို အစ်မ မမေ့နိုင်ဘူး … မင်း အိမ်ရာမဲ့လူရဲ့ ခြေထောက်ကို တင်းနေအောင် ဖက်ထားခဲ့တဲ့ အချိန်ကိုလည်း အစ်မ မမေ့နိုင်သေးဘူး"
"အစ်မ ကိုယ့်ငယ်ဘဝကို မမေ့နိုင်သေးဘူး … အစ်မ မင်းအကြောင်းကို မမေ့နိုင်သေးဘူး"
တောက်! တောက်!
ကြည်လင်သော မျက်ရည်များက သူမ မျက်ဝန်းမှ စီးကျလာသည်။ ထိုမျက်ရည်များသည် ကြမ်းပြင်ပေါ်သို့ စီးကျလာပြီးနောက် ပျောက်ကွယ်သွားပုံက သူမ၏ နှလုံးသားလေး ဝမ်းနည်းမှုကြောင့် လုံးဝ ကွဲကြေသွားဟန်ကို ဖော်ပြနေသလိုပင်။
"မောင်ငယ်လေး … အစ်မက မနက်ဖြန်က စပြီး နာမည်ကြီး စူပါစတားတစ်ယောက် မဟုတ်တော့ဘူး … အစ်မ မင်းကို နောက်ထပ် ရှာနိုင်တော့မှာမဟုတ်ဘူး"
"အစ်မမှာ ဒီထက် ပိုအရေးကြီးတာတစ်ခုကို လုပ်ရတော့မှာ … အစ်မ သေတောင်သေသွားနိုင်တယ်…"
မျက်ရည်များ ဆက်ကာ စီးကျလာရင်း ကျုံးဝမ်က ဆက်ပြောလာသည်။
"အခု အစ်မ မင်းနဲ့ ဒီည ဆုံခဲ့ရပြီဆိုတော့ အစ်မ မင်းကို သတိမရချင်ဘူး … မင်း အစ်မကို ဝမ်အာ လို့ ခေါ်ပြီး အစ်မကို အခုထိ မှတ်မိနေပါသေးတယ် ဆိုတာလေးကို ကြားခွင့်ရဖို့ မျှော်လင့်ချင်တယ်"
သူမ၏ စကားလုံးများက အလွန် စိတ်ထိခိုက်စရာ ကောင်းလှသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ထောင်သောင်းချီသော ပရိသတ်များ၏ မျက်လုံးများက စိုစွတ်ကာ နီရဲလာ၏။
အမျိုးသမီး ပရိသတ်များဆိုလျင် အော်တောင်ငိုကြသေးသည်။ သူတို့ နတ်ဘုရားမလေးအတွက်နှင့် သူမ၏ ကလေးဘဝမှ လှပ၍ ဝမ်းနည်းဖွယ်ကောင်းသော အချစ်အတွက် ငိုနေကြခြင်းပင်။
အားကစားရုံတစ်ခုလုံး ဝမ်းနည်းစိတ်များနှင့် ပြည့်နှက်လာသည်။
ယဲ့ဖန်သည်လည်း မထိန်းနိုင်ပဲ တုန်ယင်လာပြီး အသံခပ်အက်အက်ဖြင့် ခေါ်လိုက်သည်။
"ဝမ်အာ…"
ထိုသို့ခေါ်ပြီး သူ နောက်ပြန်လှည့်လာကာ ကျုံးဝမ်ထံသို့ ဖြည်းဖြည်းချင်း ပြန်လျှောက်လာသည်။
တစ်လှမ်း၊ နောက်တစ်လှမ်း။
သူ၏ ခြေလှမ်းတိုင်းသည် ထောင်သောင်းနှင့်ချီသော ပရိသတ်များ၏ ရင်ခုန်သံများကို ပို၍ မြန်ဆန်လာစေပြီး ကျုံးဝမ်၏ မျက်နှာလေးပေါ်သို့ မျက်ရည်များ ပို၍ စီးကျလာစေသည်။
ယဲ့ဖန်က ကျုံးဝမ်နား ရောက်သည်နှင့် သူမအား ချက်ချင်း ပွေ့ဖက်ထားလိုက်သည်။
"ဟင့်…ဟင့်…ဟင့်…မောင်ငယ်လေး… အစ်မ မင်းကို သတိရနေခဲ့တာ… နောက်ဆုံးတော့ အစ်မ မင်းကို ရှာတွေ့ခဲ့ပြီ"
ကျုံးဝမ်၏ ငိုသံလေးထဲတွင် ဝမ်းနည်းပူဆွေးမှုနှင့် ပျော်ရွှင်မှုများ ရောပါနေသည်။
ဤမျှ နွေးထွေးသော ပွေ့ဖက်မျုမျိုး သူမဘဝမှာ တစ်ခါမှ မခံစားခဲ့ရဘူးပါ။ သူမ အချိန်ကို ရပ်တန့်ထားပြီး ကမ္ဘာကြီးအား အေးခဲထားစေချင်မိသည်။
သက်ပြင်းအရှည်ကြီး ချပြီးနောက် ယဲ့ဖန်က ကျုံးဝမ်၏ နဖူးလေးအား မက်မက်မောမော နမ်းလိုက်ပြီး ပြောလိုက်သည်။
"ဝမ်အာ … မင်းက ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ပါ … ဒါပေမယ့် မင်း နားမလည်နိုင်တဲ့ အရာတစ်ခု ရှိနေတယ်"
"မင်း ငါ့ကို အရင်က မုန်းခဲ့တယ် … အခုလည်း မင်း ငါ့ကို မုန်းနေရမယ် … နောင်လည်း မင်း ငါ့ကို မုန်းနေရမယ်"
*ဘာ*
ယဲ့ဖန်စကားကြောင့် ကျုံးဝမ်သာမက ထောင်သောင်းနှင့်ချီသော ပရိသတ်များပါ တွေဝေသွားကြသည်။
*မုန်းရမယ်*
*မဖြစ်နိုင်တာကြီးကို*
ယဲ့ဖန်က ကျုံးဝမ်အား ကြည့်ရင်း ခါးသီးစွာ ပြုံး၍ ဆက်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ ငါ့မျိုးရိုးနာမည်က ယဲ့ဖြစ်ပြီးတော့ မင်းရဲ့ မျိုးရိုးနာမည်က ဖျောင်ဖြစ်နေလို့ပဲ"
သူ့စကားအဆုံးတွင် ယဲ့ဖန်က ဝမ်အာအား ထပ်မကြည့်တော့ဘဲ နောက်ပြန်လှည့်ကာ မာဆတ်ဆတ်အသံဖြင့် ပြောလိုက်သည်။
"ဝမ်အာ … မှတ်ထားပါ … တစ်နေ့နေ့ ငါတို့ တိုက်ခိုက်ရပြီဆိုရင်တောင်မှ မင်း ငါ့ကို သတ်နိုင်ပါတယ် ဒါပေမယ့် ငါကတော့ …. မင်းကို နာကျင်အောင် လုပ်မှာ မဟုတ်ဘူး"
ဝုန်းခနဲ အသံနှင့်အတူ ကျုံးဝမ်သည် ကြမ်းပြင်ပေါ် လဲကျသွားရင်း အရေးကြီးသော အရာတစ်ခုကို သတိရလိုက်သည်။ ထိုအချိန်တွင် သူမမျက်လုံးမှ မျကရည်များက ဒလဟော စီးကျလာသည်။
"ယဲ့ … မင်းရဲ့ မျိုးရိုးနာမည်က ယဲ့ …"
ယဲ့ဟူသော စကားလုံးက သူမ၏ အားအင်အားလုံးကို စုပ်သူသွားသကဲ့သို့ ဝမ်အာ၏ ချစ်စရာကောင်းသော မျက်နှာလေးသည် ပြာနှမ်းလာပြီး စိတ်ဓာတ်ကျသွားရှာသည်။
ယဲ့ဖန် စင်အောက်သို့ လျှောက်လာသည့်အချိန်တွင် ကျိုရို့ထျန်းက ဟားတိုက်ရယ်မောလာသည်။ သူ ယဲ့ဖန်ကို ပိုကြည့်လေ သူ ပိုပြီး စိတ်ကျေနပ်လာလေ ဖြစ်သည်။
"ဟားဟားဟား … ညီငယ်လေး … မင်းက တော်တော် ဉာဏ်ကောင်းတာပဲ … မင်း ကျုံးဝမ်းကို ငါနဲ့ အပြိုင်ပိုးပန်းမယ်ဆိုရင် မင်းအတွက် အခြေအနေ ဆိုးရွားလာမယ်ဆိုတာ မင်း သိနေတာပဲ"
"အခု မင်းက ကျုံးဝမ်ကို လက်လျှော့လိုက်ပြီဆိုတော့ မင်း နောက်ပိုင်း ငါ့လက်အောက်ငယ်သား ဖြစ်လာနိုင်ပါတယ် … ငါ မင်းကို အာမခံနိုင်တာက …"
ယဲ့ဖန်က ကျုံးဝမ်ကို လက်လျှော့လိုက်ခြင်းက ယန်ကျင့်မြို့က နံပါတ်တစ် သခင်လေးဟူသည့် သူ၏ ဂုဏ်ပုဒ်ကြောင့် ကြောက်လန့်နေခြင်း ဖြစ်သည်ဟု ကျိုရို့ထျန်းက ယုံကြည်သွားသည်။
သို့သော် သူ့စကားပင် မဆုံးလိုက် အေးစက်စက် အလင်းတန်းတစ်ခုက သူ့မျက်စိရှေ့ ဖြတ်ပြေးသွားသည်။
ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က ကျိုရို့ထျန်းထံသို့ လက်ဝေ့ယမ်းပြလိုက်သည်။ ကျိုရို့ထျန်း လတ်ဆတ်သော လေညင်းကို ခံစားလိုက်ရသည်၊ သို့သော် ထို့နောက်တွင်မူ သူ စကားပြောနေရာမှ ရပ်တန့်သွားသည်။
ထောင်နှင့်ချီသော ပရိသတ်များ၏အံ့ဩနေသော အကြည့်များအောက်မှာပင် ကျိုရို့ထျန်း ပျောက်ကွယ်သွားကာ ပြာပုံအဖြစ် ပြောင်းလဲသွားပြီး လေနှင့်အတူ မျောပါသွားသည်။
"သူ ပျောက်သွားတယ်"
"ယန်ကျင့်မြို့ရဲ့ နံပါတ်တစ် သခင်လေးက ဘယ်ရောက်လို့ဘယ်ပျောက်မှန်းမသိဘဲ ပျောက်ကွယ်သွားတယ်"
ဘာတွေ ဖြစ်ပျက်သွားသလဲဆိုတာကို မည်သူမျှ မသိလိုက်ပါ။ ပွဲကြည့်ပရိသတ်များက စင်ပေါ်ကို ကြည့်ကာ လိုက်ရှာသော်လည်း ကျန်ခဲ့တာဟူ၍ ပြာပုံတစ်ခုကိုပါ တွေ့ခဲ့ရသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ပရိသတ်များ တွေဝေသွားကြသည်။ သို့သော် ယဲ့ဖန် အားကစားရုံထဲမှ ထွက်ခွာသွားခဲ့သည်ကို သူတို့ သတိမထားလိုက်မိပါ။

အားကစားရုံ၏ အပြင်ဘက်၌ ယဲ့ဖန်၏ မျက်နှာက သူ့နှလုံးသားကဲ့သို့ အေးစက်ကာ မာကျောနေ၏။
ကျုံးဝမ်၏ မောပန်းနွမ်းလျစွာ ပြောဆိုခဲ့ဟန်များကို ပြန်မြင်ယောင်ရင်း သူ ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။
ထိုဖြူစင်လှသည့် မိန်းကလေးက သူ့အား သူမ၏ ကောင်းကင်နှင့် ကံကြမ္မာကဲ့သို့ ဆက်ဆံခဲ့သည်။ သို့သော် ကံတရားက လူတွေအား အမြဲ အရူးလုပ်သည်။
"ဝမ်အာ … ဖျောင်ကျိုးဝမ်"
ယဲ့ဖန် မချိပြုံး ပြုံးလိုက်မိသည်။ အကယ်၍များ သူ့အပြုံးကို တစ်စုံတစ်ယောက် မြင်သွားခဲ့ပါက သေချာပေါက်ကို ငိုသွားလောက်သည်။
သူနှင့် ကျုံးဝမ်တို့၏ ဇာတ်လမ်းက ယခုမှ စတင်မည်ဖြစ်ကြောင်း သူ သိနေခဲ့သည်။
"ငါ မင်းရဲ့အဖေ ဖျောင်ကျင်းတျောင်နဲ့ မင်းအစ်ကို ဖျောင်ကျိုးယိုတို့ကို သတ်ခဲ့တယ် … နောက်နှစ်ရက်ကြာရင် ငါ မင်းအဘိုး ဖျောင်ထိုက်ရှင်းကို သတ်ရဦးမယ်"
ကျုံးဝမ်သည် ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဖျောင်ကျင်းတျောင်၏ သမီးဖြစ်ပြီး ဖျောင်ကျိုးယို၏ ညီမလည်း ဖြစ်သလို ဖျောင်ထိုက်ရှင်း၏ မြေးမလေးလည်း ဖြစ်နေသေးသည်။
ထိုအချက်များကို သူ စင်ပေါ်တက်လာကတည်းက သေချာ သိသွားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူ ကျုံးဝမ်နှင့် တွေ့ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သူ သူမအား ထပ်၍ မနာကျင်စေမှာ ဖြစ်သည်။
"အမုန်းတရားက မင်းကို ပိုပြီး သန်မာလာစေလိုက်မယ် … အမုန်းတရားက မင်းကို ပို၍ ကြီးထွား ရင့်ကျက်လာစေလိမ့်မယ်"
"မင်း သန်မာလာလို့ရှိရင် မင်း ငါ့ကို မုန်းနေတာကို ပိုလိုချင်မိတယ် … ပျက်သုဉ်းခြင်း ခန္ဓာကိုယ်လေး"
ထိုသို့ပြောပြီး ယဲ့ဖန်က မချိပြုံးပြုံးပြီး ရှန့်ကျန်းမြို့ရှိရာ အရပ်သို့ လှမ်းကြည့်ရင်း တလက်လက် တောက်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
"သူ ငါ့ကို လိုက်ရှာနေခဲ့တဲ့ ဆယ့်နှစ်နှစ်တာ အချိန်ကာလအတွက် ငါ သူ့အတွက် တစ်ခုခု လုပ်ပေးသင့်တယ် ထင်တယ်"
ထိုသို့ပြောပြီးနောက် ယဲ့ဖန် လှစ်ခနဲ ပျောက်ကွယ်သွားသည်။
                 စာစဉ် (17) ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now