Chapter 335

1K 121 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (335) သူတို့ကို ဖောက်ခွဲလိုက်

သုဿာန်တစပြင်အလား တိတ်ဆိတ်လို့နေ၏။
ယခုအချိန်တွင် နတ်ဘုရားမမြို့တော်တွင်းရှိ လေထုသည် အေးစက်တောင့်တင်းလို့နေ၏။ မြို့တစ်ခုလုံး သုဿာန်အလား တိတ်ဆိတ်လို့နေသည်။
နတ်ဘုရားမများ၏ နောက်လိုက်တိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်လို့နေ၏။
ဂလု!
နတ်ဘုရားမများ၏ နောက်လိုက်တစ်ယောက်သည် သူ၏ တံတွေးအား မနည်းမျိုချလိုက်သဖြင့် သူ့လျှာတစ်ခုလုံးပါ ကိုက်မိတော့မလို ဖြစ်သွားသည်။
“နတ်…နတ်ဘုရားအဆင့်တွေကို ကျွန်ပြုတယ်၊ ဒီ … ဒီလူက လူလား ဒါမှမဟုတ် ဘာလဲ”
“ပုံရိပ်ယောင်၊ ဒါတွေအားလုံး ပုံရိပ်ယောင်တွေမလား။ ဘယ်လိုလုပ် နတ်ဘုရားအဆင့် တစ်ယောက် တစ်စုံတစ်ယောက်ရဲ့ အစေခံ ဖြစ်နိုင်မှာလဲ။ နတ်ဘုရားအဆင့် နှစ်ယောက်ကိုတောင် ကျွန်ပြုထား …”
“ဟာကွာ … ဘယ်လိုလူလဲ။ တစ်ကမ္ဘာလုံးမှာ နတ်ဘုရားအဆင့်တွေက နည်းနည်းလေးပဲ ရှိတာလေ၊ ဒါပေမယ့် သူ … သူက နတ်ဘုရားအဆင့် နှစ်ယောက်ကိုတောင် ကျွန်ပြုထားတယ်၊ သောက်ကျိုးနည်း”

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် နတ်ဘုရားမမြို့တော် တစ်ခုလုံး ပွက်ပွက်ညံလာသည်။ သူတို့စိတ်ထဲတွင် နတ်ဘုရားအဆင့်များသည် ထိပ်သီးပညာရှင်များဖြစ်ပြီး ယှဉ်နိုင်သူ မရှိလုနီးပါး ဖြစ်သည်ဟု ထင်မှတ်ထားကြသည်။
သို့သော် ယခုအခါတွင် …
“ခွေးမသား…ခွေးမသား…ခွေးမသား”
ထိုအချိန်တွင် ခဲလ်ဆာသည် ဒေါသထွက်လုနီးပါး ဖြစ်နေသည်။ ဤကဲ့သို့ အဖြစ်အပျက်က ပြောင်းပြန် ဖြစ်သွားနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။ ယခင်တုန်းက သူသည် ယဲ့ဖန် မုချ သေရမည်ဟု ယုံကြည်ထားခဲ့သော်လည်း သူ့ရန်သူ၏ အဖွဲ့က နတ်ဘုရားအဆင့် နှစ်ယောက်နှင့်အတူ ရုတ်တရက် ပေါ်လာသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူ … သူက ဒဏ္ဍာရီတစ်ပိုင်းအဆင့်ပဲ ရှိတာလေ”
ခဲလ်ဆာသည် မနာလိုမုန်းတီးစိတ်နှင့် အားကျစိတ်များဖြင့် ပြည့်နှက်လာသည်။ သူသည် သူ့ကိုယ်သူတောင် ယဲ့ဖန် ဖြစ်ချင်သွားပြီး နတ်ဘုရားအဆင့်များ၏ လေးစားမှုကို ခံယူချင်လာခဲ့သည်။
သို့သော် ဤသည်က ရွေးချယ်လို့မရမှန်း သူ သိနေခဲ့သည်။ သူနှင့် ဆန့်ကျင်ဘက်တွင်တော့ ခရီနာသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
သူမ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီးနောက် သူမသည် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု လွတ်ကျသွားဟန်ဖြင့် သက်တောင့်သက်သာ ဖြစ်သွားသော အမူအရာမျိုး ဖြစ်ပေါ်လာသည်။
“ဒီလူက ငါ့နှလုံးသားတွေ ပေါက်ထွက်မတတ် ဖြစ်လာအောင် လုပ်နိုင်တာပဲ”
ခရီနာ မချိပြုံးပြုံးလိုက်မိသည်။ သူမစိတ်ထဲတွင် ယဲ့ဖန်သည် အလွန် ဆန်းကြယ်သောသူ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ယဲ့ဖန်သည် သူတို့၏ အပြုအမူများကို ဂရုမစိုက်ပေ။ သူက အမှောင်သခင်အား မတ်တပ်ရပ်စေလိုက်ပြီး ကျေနပ်သော အကြည့်တို့ဖြင့် ပြောလိုက်သည်။
“ကြည့်ရတာ မင်းရဲ့မူလကိုယ်က ချိပ်ပိတ်ထားရာကနေ မကြာခင် လွတ်မြောက်တော့မယ်နဲ့ တူတယ်”
ယဲ့ဖန်၏ စကားကြောင့် အမှောင်သခင်က စိတ်လှုပ်ရှားဟန်ဖြင့် မျက်ရည်များနှင့် ပြောလာ၏။
“သခင်ကြီး၊ သခင်ကြီးသာ အသက်စွန့်ပြီး ကျွန်တော့်ကို မကယ်ခဲ့ဘူးဆိုရင် ကျွန်တော် ချောက်ကမ်းပါး အောက်ခြေမှာကတည်းက သေသွားလောက်ပါြပီ”
“ကျုပ်အသက်ကို သခင်ကြီး ပိုင်ပါတယ်”
ထို့နောက် သူတို့သည် တိတ်ဆိတ်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ တစ်ခဏကြာသော် ယဲ့ဖန်က နတ်ဘုရားမတို့၏ ဧကရီအား စိုက်ကြည့်ကာ ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ခင်ဗျား အခု သေလို့ရပြီလား”
အထက်စီးဆန်လှသည်။ မောက်မာလှ၏။
နတ်ဘုရားမတို့၏ ဧကရီနှင့် အခြား နတ်ဘုရားအဆင့် သုံးယောက်လုံး၏ မျက်နှာထားများ ခက်ထန်လာကြသည်။
“ယဲ့ဖန် မင်းက နောက်ထပ် နတ်ဘုရားအဆင့် နှစ်ယောက်လောက်လေးနဲ့ ငါတို့ကို နိုင်မယ်လို့ ထင်နေတာလား။ အိပ်မက်မက်မနေနဲ့”
နတ်ဘုရားမတို့၏ ဧကရီက ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်ဖော်လာ၏။ သူမ ယဲ့ဖန်ကို သတ်ချင်နေသည်။
ယဲ့ဖန်ကို သတ်လိုက်နိုင်မှသာလျင် သူမသည် သန့်စင်သော ကိုယ်ပွား ခန္ဓာကိုယ်ပိုင်ရှင် ပိုင်ယီကို အလုံးစုံ ထိန်းချုပ်နိုင်ပြီး နတ်ဘုရားအဆင့် စစ်တပ်ကို ဖန်တီး၍ ကမ္ဘာကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။
နတ်ဘုရားမတို့၏ ဧကရီက သူမဘေးမှ သုံးယောက်အား တီးတိုးပြောလိုက်သည်။
“ကျွန်မတို့ ဒီခွေးသူတောင်းစားကို ဒီနေ့ သတ်မှဖြစ်မယ်။ မဟုတ်ရင် သူက ကျွန်မတို့အားလုံးကို သတ်သွားလိမ့်မယ်”
သူမ၏ စကားကို ကျန်နတ်ဘုရားအဆင့် သုံးယောက်တို့ကလည်း ခေါင်းညိတ်၍ သဘောတူလာသည်။
ယဲ့ဖန်နှင့် သေသည်အထိ တိုက်ခိုက်ရန် လိုအပ်ကြောင်း သူတို့ သိနေသည်။
“သွားသေလိုက်တော့”
စက္ကန့်ပိုင်းအတွင်းမှာပင် နတ်ဘုရားအဆင့် လေးယောက်လုံးက ယဲ့ဖန်နှင့် သူ့လူများထံသို့ အလင်းထက် မြန်သော နှုန်းဖြင့် လှစ်ခနဲ ပြေးဝင်လာကြသည်။
လေတိုးသံနှင့်အတူ သူတို့သည် ယဲ့ဖန်တို့ အဖွဲ့ထံသို့ နီးကပ်လာသည်။
သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုက လေထုကိုတောင် ပေါက်ပြဲလာစေသည်။
“သွားသေလိုက်တော့”
အလင်းတော် ဘုန်းတော်ကြီးနှင့် ယဲ့ဖန်။
မှော်နက်နတ်ဘုရားမနှင့် အမှောင်သခင်။
နတ်ဘုရားမတို့၏ ဧကရီနှင့် သွေးစွန်းတစ္ဆေ။
မဟာ ကာရိုးလ်သခင်ကြီးသည် နတ်ဘုရားတစ်ပိုင်းအဆင့်သာ ရှိသော ကျိုချင်းချန်ထံသို့ တိုက်ခိုက်လာသည်။
ဒုန်း! ဒုန်း! ဒုန်း!
ထိုစဉ် ကြမ်းကြုတ်သော သားရဲရိုင်းကဲ့သို့သော လူရှစ်ယောက်သည် လေးဖွဲ့စီ တိုက်ခိုက်နေကြသည်။
နတ်ဘုရားမမြို့တော် တစ်ခုလုံးသည် ကမ္ဘာပျက်သောအချိန်သို့ ဇောက်ထိုးမိုးမျှော် ထိုးကျ သွားလေတော့သည်။
နံရံများ ပျက်ဆီးကုန်သည်။ အိမ်များ ပြိုကျကုန်၏။ မြေကြီးသည်လည်း အက်ကွဲလို့သွားသည်။ လူရှစ်ယောက် ဖြတ်သွားသည့်နေရာတိုင်း မြေကြီးသည် ပက်ကြားအက်သွားရသည်။
ထိတ်လန့်စရာ ကောင်းလှပါဘိ။
ပြင်းထန်သော တိုက်ပွဲများကို ကြည့်ပြီး ကျန်သူများ အလွန် မှင်တက်သွားကြသည်။ နတ်ဘုရားအဆင့်များကြားက တိုက်ပွဲကို သူတို့ အခုမှ မျက်ဝါးထင်ထင် မြင်ဖူးကြခြင်း ဖြစ်သည်။
ပို၍ ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ပွဲသည်ကား ယဲ့ဖန်နှင့် အလင်းတော် ဘုန်းတော်ကြီးတို့၏ တိုက်ပွဲပင်။
အလင်းတော် ဘုန်းတော်ကြီး၏ တိုက်ပွဲဝင် ခွန်အားသည် အခြားသူများထက် သိသိသာသာ သာလွန်သည်။ သူ၏ လက်ဖဝါးရိုက်ချက် တစ်ခုစီတိုင်းတွင် စကြဝဠာ ဥပဒေသများ ပါဝင်နေသည်။
တိုက်ကွက်တစ်ခုတည်းနှင့် သူသည် အိမ်တစ်လုံးအား အဖြူရောင် အလင်းလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားစေပြီးနောက် ပျောက်ကွယ်သွားသည်။
သူက ယဲ့ဖန်ကို ထပ်ခါထပ်ခါ တိုက်ခိုက်သည်။ တိုက်ကွက်တစ်ခုတိုင်းက အလွန် ကြောက်စရာ ကောင်းလှသည်။
သို့သော် ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့် အချက်ကား ယဲ့ဖန်က အလင်းတော် ဘုန်းတော်ကြီးအား ဖိနှိပ်ထားနိုင်ခြင်းပင်။
သူသည် အလင်းတော် ဘုန်းတော်ကြီးအား မည်သည့်လက်နက်မှ မပါဘဲ ထိုးနှက်နေသည်။ လက်သီးတစ်ချက်ချင်းစီတိုင်းတွင် သူသည် အလင်းတော် ဘုန်းတော်ကြီးအား နောက်သို့ ထိတ်ထိတ်ပျာပျာနှင့် ဆုတ်သွားရအောင် လုပ်နိုင်ခဲ့သည်။
လက်သီးချက်များနှင့်အတူ အလင်းတော် ဘုန်းတော်ကြီးသည် ထပ်၍ ထပ်၍ နောက်ဆုတ်သွားရသည်။
သူ၏ လက်သီးများသည် ကျိုးကြေ၍ သွေးများ ထွက်နေပြီး မြေကြီးပေါ်သို့ စီးကျနေသည်။
“မဖြစ်နိုင်ဘူး”
ယခုအချိန်တွင် အလင်းတော် ဘုန်းတော်ကြီးသည် ထိတ်လန့်မှုကြောင့် မျက်ခုံးတလှုပ်လှုပ် ဖြစ်နေ၏။ သူ၏ ကိုယ်ပိုင်ခွန်အားကို သူ သေချာသိသည်။ သူသည် နတ်ဘုရားမတို့၏ ဧကရီနှင့် အခြား နတ်ဘုရားအဆင့် နှစ်ယောက်တို့ထက် သေချာပေါက် ပို၍ သန်မာသည်။
အစပိုင်းက သူသည် ယဲ့ဖန်အား သတ်နိုင်ပြီး အခြားတိုက်ပွဲများကို ဝင်ကူညီနိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။ မမျှော်လင့်ထားဘဲ ရန်သူ၏ တိုက်ပွဲဝင်ခွန်အားက အလွန် ကြောက်စရာ ကောင်းနေ၏။
ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဖြစ်သော ယဲ့ဖန်က နတ်ဘုရားအဆင့်ကို အသာလေး ဖိနှိပ်ထားနိုင်နေသည်။
မည်မျှ ထူးဆန်းလှသနည်း။
ဝုန်း!
ထိုစဉ် ယဲ့ဖန်က အလင်းတော် ဘုန်းတော်ကြီး၏ လက်သီးအား လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်သည်။
“ခွေးမသား”
အလင်းတော် ဘုန်းတော်ကြီးသည် ဒေါသထွက်နေသော မျက်လုံးများဖြင့် ကျိန်ဆဲလိုက်မိသည်။ ထို့နောက် သူသည် အခြား လက်ဖဝါးကို လှုပ်လိုက်သည်။ ခဏကြာသော် ရွှေရောင်တုတ်တစ်ခုက သူ့လက်ဖဝါးပေါ်၌ ပေါ်လာသည်။
*ဒါ မှော်ဝင်ပစ္စည်းပဲ*
ထိုတုတ်ကို မြင်သည်နှင့် အခြားသူများ၏ မျက်နှာ၌ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေမိကြသည်။ ထိုတုတ်မှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို သူတို့ အာရုံခံမိနေသည်။
ယခုအချိန်တွင် တုတ်ကို လက်ထဲကိုင်ဆွဲထားသော အလင်းတော် ဘုန်းတော်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတစ်ပါးနှင့် သဏ္ဌာန်တူနေ၏။
သို့သော် ယဲ့ဖန်သည် လုံးဝ ထိတ်လန့်တုန်လှုပ်နေပုံ မပေါ်ပေ။ ထိုကဲ့သို့ ဖြစ်မည့်အစား သူက မခိုးမခန့် မျက်နှာဖြင့် ပြောလာသည်။
“မှော်ဝင်ပစ္စည်းလား”
ထို့နောက် ယဲ့ဖန်က သူ့လက်ဖဝါးကို လှုပ်လိုက်သောအခါ လက်သီးဆုပ် အရွယ် သားရဲ အမြုတေက သူ့လက်ထဲ ပေါ်လာသည်။
*ဒါ … ဒါက ဧကရာဇ်အဆင့် သားရဲရဲ့ အမြုတေပါလား*
ကြည့်ရှုနေသူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
လူသား သိုင်းပညာရှင်များ၌ မူလ သလင်းကျောက်များနှင့် နတ်ဘုရားအဆင့် အမြုတေများ ရှိသလို သားရဲများတွင်လည်း အမြုတေများ ရှိကြသည်။
ထိုအမြုတေသည် သိမ်းငှက်၏ အတည်မှော်စွမ်းအင်များ ပါဝင်နေသော ဧကရာဇ်အဆင့် သားရဲ အမြုတေဖြစ်သည်။
ထို့ပြင် ကြည့်နေသူများ၏ အာရုံစိုက်နေသော အကြည့်များအောက်တွင် ယဲ့ဖန်သည် သားရဲ အမြုတေအား ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။
ဂျွတ်! ဂျွတ်!
သူ စတင်၍ ဝါးစားလေသည်။
*မြတ်စွာဘုရား*
ကြည့်နေသူများအားလုံး အလွန် မှင်တက်သွားကြသည်။ ယခင်က မည်သူမျှ သားရဲ အမြုတေကို မစားခဲ့ကြပေ၊ အဘယ်ကြောင့်ဆိုသော် အမြုတွေတွင်းမှ ပြင်းထန်သော စွမ်းအင်က နတ်ဘုရားအဆင့်၏ ခန္ဓာကိုယ်တောင်မှ ပေါက်ကွဲသွားစေနိုင်သည်။
သို့သော် ယခုအချိန်တွင်...
ဝုန်း!
သားရဲ၏ အမြုတေကို စားပြီးနောက် ယဲ့ဖန်သည် သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ချက်ချင်းဆိုသလို သူသည် ဒဏ္ဍာရီအဆင့်သို့ အဆင့်တက်သွားသည်။ ထို့ပြင် သူ၏ ကြေးနီရောင် အသားအရေသည် အနက်ရောင် သံမဏိထက်ပင် မာကျောလာကာ ကြောက်မက်ဖွယ် ကောင်းလောက်သော ချီဓာတ်ကို ထုတ်ဖော်လာသည်။
“မှော်ဝင်ပစ္စည်း၊ နတ်ဘုရားတွေ။ ငါ အားလုံးကို ဖောက်ကွဲပစ်လိုက်လို့ ရတယ်”
ယဲ့ဖန်က ရက်စက်သော အကြည့်များဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူသည် အလင်းတော် ဘုန်းတော်ကြီးထံသို့ ပြေးဝင်သွားသည်။
ဒုန်း! ဒုန်း! ဒုန်း!
သူသည် အလင်းတော် ဘုန်းတော်ကြီးအား ထပ်ခါထပ်ခါ ထိုးနှက်၏။ သူ တစ်ကြိမ် ထိုးနှက်လိုက်တိုင်း အလင်းတော် ဘုန်းတော်ကြီးအား နောက်သို့ လွင့်ထွက်သွားအောင် လုပ်နိုင်လေသည်။
ပထမတစ်ချက်၊ ဒုတိယတစ်ချက်၊ တတိယအချက်။
...
ယဲ့ဖန်သည် ဆယ်ချက်မြောက် လက်သီးချက်ကို ထိုးသွင်းလိုက်ပြီးနောက် သူသည် ဂျွတ်ခနဲ အသံကို ကြားလိုက်ရသည်။
ကြည့်နေသူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် မှော်ဝင်ပစ္စည်းသည် တစ်စစီဖြစ်သွားရသည်။
ယဲ့ဖန်သည် မှော်ဝင်ပစ္စည်းအား လက်သီးချက်ဖြင့် ပျက်စီးသွားအောင် လုပ်နိုင်ခဲ့သည်။ သူ၏ အပြုအမူများသည် လူသားနှင့်တောင် မတူပေ။
အလင်းတော် ဘုန်းတော်ကြီးတောင်မှ ထိတ်လန့်လို့နေ၏။ သို့သော် ဤသည်ကား အစပင်ရှိသေးသည်။
ယဲ့ဖန်သည် သူ၏ သံမဏိ လက်သီးကို ချိန်ရွယ်၍ အလင်းတော် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now