Chapter 297

1K 128 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (297) ပုရွက်ဆိတ်သိုက်ထဲမှ လျှို့ဝှက်ချက်များ

အိပ်မက်ဆိုး ချောက်ကမ်းပါး အောက်ခြေ၌ ထူးဆန်းသော အဖြစ်အပျက်တစ်ခုက ထပ်ကာတလဲလဲ ဖြစ်ပေါ်နေသည်။
ဝိညာဉ်စား ပုရွက်ဆိတ်အုံကြီးသည် ယဲ့ဖန်၏ အလောင်းပေါ်သို့ ရူးသွပ်နေသော တစ္ဆေများကဲ့သို့ အုံလိုက်ကျင်းလိုက် တက်လာကြသည်။
သူတို့သည် သူ၏ အရိုးအပါအဝင် တစ်ကိုယ်လုံးအား ဝါးမျိုချင်နေကြသည်။ သို့သော် သူတို့ ရှေ့သို့ တစ်ကြိမ် အုံတက်လာကြတိုင်း သူတို့၏ စိတ်ဝိညာဉ်ကို တုန်ခါစေသည့် နောက်ထပ် ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာသည်။
ဒေါင်! ဒေါင်! ဒေါင်!
ခေါင်းလောင်းထိုးသံသည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။ တစ်ခါ အသံထွက်လာတိုင်း ဝိညာဉ်စား ပုရွက်ဆိတ်အားလုံး တုန်ယင်သွားကြရသည်။
ထို့ပြင် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မှင်စာများ၏ အရိုးတို့သည် နှစ်ထောင်သောင်းနှင့်ချီ၍ မူလအတိုင်း ကောင်းမွန်စွာ ရှိနေခဲ့သော်လည်း ခေါင်းလောင်းတစ်ခါ ထိုးလိုက်တိုင်း ထိုအရိုးများ စတင်၍ အက်ရာပေါ်လာသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များ အလွန် ဒေါသထွက်နေကြသည်။ ယဲ့ဖန်၏ အလောင်းသည် နှစ်ထောင်သောင်းအတွင်း သူတို့ ကိုက်လို့မရသော ပထမဆုံး အရာ ဖြစ်နေသည်။
သူတို့ တစ်ကြိမ် နောက်ပြန်လန်ကျသွားတိုင်း သူတို့သည် ပို၍ ကြမ်းကြုတ်လာကြသည်။ ပုရွက်ဆိတ်အုံကြီးက ယဲ့ဖန်၏ အလောင်းပေါ်သို့ ထပ်ခါတလဲလဲ ပြေးတက်လာကြသည်။
“သေစမ်း … ငါ အားကုန်သုံးရင်တောင် တစ်ခါပဲ ခေါင်းလောင်းထိုးအောင် လုပ်နိုင်တယ် … မဟုတ်ရင် ငါ့စိတ်ဝိညာဉ်က အားကုန်သွားလိမ့်မယ်”
ကောင်းကင်ခွင်း‌ ခေါင်းလောင်းထဲမှ ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် ခြေကုန်လက်ပန်း ကျလုနီးပါး ဖြစ်နေသည်။ ထို့အပြင် သူ့မျက်လုံးသည် အဆုံးအမဲ့ ရူးသွပ်ခြင်းတို့ဖြင့် တလက်လက် တောက်ပနေသည်။
တစ်ခဏအကြာတွင် သူ၏ စိတ်ဝိညာဉ်သည် သံမဏိလက်သီးကို ဖွဲ့စည်း၍ ကောင်းကင်ခွင်း ခေါင်းလောင်းအား အားဖြင့် ထိုးလိုက်သည်။
ဒိန်း!
နောက်ထပ် ခေါင်းလောင်းထိုးသံသည် အလွန် ကျယ်လောင် အားပြင်းစွာဖြင့် ထွက်ပေါ်လာသည်။ ထို့အတူ ယဲ့ဖန်၏ နားဝ၌ တဂျွတ်ဂျွတ် မြည်သံများ ရစ်ဝဲ၍ ကြားနေရသည်။
နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မှင်စာများ၏ အရိုးစုများအားလုံး စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားလေတော့သည်။
ဝှစ်! ဝှစ်!
သန်မာသော အသံလှိုင်းက ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးအား လေထဲသို့ လွင့်ထွက်သွားစေခဲ့သည်။ ထို့အပြင် သူတို့၏ မယုံနိုင်လောက်အောင် မာကြောသော ခန္ဓာကိုယ်များသည် အက်ရာများး ထင်လာပြီး သွေးများ စီးကျလို့လာသည်။

ပုရွက်အုံကြီးတစ်ခုလုံး အလွန် ထိတ်လန့်အံ့ဩနေဟန်များဖြင့် ပြည့်နှက်လို့နေ၏။ ပုရွက်ဆိတ်တိုင်းက မယုံနိုင်ဟန်များဖြင့် ဖြစ်နေကြသည်။
နှစ်ထောင်သောင်းချီအတွင်း ယဲ့ဖန်သည် သူတို့ကို ထိခိုက်အောင် လုပ်နိုင်သော  ပထမဆုံး လူသား ဖြစ်လာသည်၊ အတိအကျဆိုရင်လျင် ပထမဆုံး လူသား အရိုးစုဖြစ်သည်။
ပုရွက်ဆိတ်အုံကြီးတစ်ခုလုံး ပျာပန်းခတ်နေကြသည်။ သူတို့၏ ကြမ်းကြုတ်သော မျက်လုံးများက ကြောက်စိတ်များဖြင့် တောက်လောင်နေကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ပုရွက်ဆိတ်အုံ တစ်ခုလုံးသည် ဒီရေကျသွားသကဲ့သို့ နောက်သို့ ပြန်ဆုတ်ခွာသွားကြသည်။ မကြာခင်မှာပင် သူတို့ ပျောက်ကွယ်သွားကြသည်။
ထိုအခါမှသာ ယဲ့ဖန်၏ စိတ်ဝိညာဉ်သည် သက်ပြင်းချလိုက်မိတော့သည်။ သူ၏ စိတ်ဝိညာဉ်သည် လုံးဝကို မောပန်းနေပြီ ဖြစ်သည်။
“ကပ်သီးလေး လွတ်သွားတာပါလား … အကယ်၍များ ဒီပုရွက်ဆိတ်အုံက ငါ့ကို နောက်တစ်ခါ ထပ်တိုက်မယ်ဆို သူတို့ အောင်မြင်သွားလောက်တယ် … ဒီလိုဆိုရင် ငါ့အရိုးစုကလည်း လုံးဝ ပျက်ဆီးသွားရလိမ့်မယ် … ငါ့စိတ်ဝိညာဉ်ကလည်း ဒီနေရာမှာ ထာဝရ ပိတ်မိနေတော့မှာပဲ”
တစ်ခဏမျှ အနားယူပြီးနောက် ယဲ့ဖန်သည် သူ၏ စိတ်ဝိညာဉ်က တဖြည်းဖြည်း အားပြန်ပြည့်လာသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် မြေကြီးပေါ်မှ ကောက်ထလိုက်သည်။ ထို့နောက် သူသည် သူ၏ စိတ်ဝိညာဉ်အား ကောင်းကင်ခွင်း ခေါင်းလောင်းတွင်းမှ ဖြန့်ထုတ်၍ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။
ယခုအချိန်တွင်တော့ သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း ပျက်စီးလို့နေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်၌ မည်သည့် အသားစမှ ကျန်ရှိမနေပေ။ သူ၏ ခန္ဓာကိုယ်သည် ဆိုးရွားသော အရိုးစု ဖြူဖြူကြီးအဖြစ်သာ ရှိနေလေတော့သည်။
ယခုအချိန်တွင် သူ၏ အရိုးစုထဲ၌ ဝိညာဉ်အလင်းတန်းသာ ကျန်ရှိနေသည်။ ရုတ်တရက် ကြမ်းပြင်ပေါ် ခြေချိတ်ထိုင်နေသော အရိုးစုက သူ့ဘာသာသူ ထလာလေတော့သည်။
“ငါ့ရဲ့ အရင် ဘဝသင်ခန်းစာတွေအရ ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေက ရက်စက်ကြမ်းကြုတ်တာလေး နည်းနည်း လျော့သင့်သလိုပဲ”
ယဲ့ဖန်၏ ဦးခေါင်းသည် မျက်ခွံပေါက် နှစ်ပေါက်အတွင်း၌ မနှစ်မြို့ဖွယ်ကောင်းသော အလင်းများ တဖျက်ဖျက်လက်နေသည့် အဖြူရောင် လူ့ဦးခေါင်းခွံကြီးသာ ဖြစ်နေသည်။
ခြေသံများနှင့်အတူ လူ့အရိုးစုကြီးသည် ရှေ့သို့ လျှောက်သွားနေသည်။ ထိုခြေသံကို ကြားသည်နှင့် ဝိညာဉ်စား ပုရွက်ဆိတ်များစွာ ထပ်မံ၍ ပေါ်လာပြန်သည်။
ထိုခြေသံပိုင်ရှင်က ယဲ့ဖန်မှန်း သူတို့ မြင်လိုက်သည်နှင့် ချက်ချင်း နောက်လှည့်ကာ သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ကြောက်စိတ်မွှန်နေသော အမူအရာဖြင့် အဝေးသို့ ထွက်ပြေးသွားလေတော့သည်။ သူတို့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကြသည်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် ဆွံ့အသွားရသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များက သည်လောက် ကြောက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သို့သော် သူသည် စိတ်ချလက်ချ ပြန်ဖြစ်သွားသည်။ ထို့နောက် သူသည် ပုရွက်ဆိတ်အသိုက်၏ အတွင်းကျကျထဲသို့ ပို၍ ဦးတည်ကာ ဝင်လာခဲ့သည်။
အသိုက်ထဲသို့ ဝင်လာရာ လမ်းတစ်လျှောက်တွင် သူသည် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မှင်စာများ၏ အရိုးစုများစွာကို တွေ့လာခဲ့ရသည်။
သူတို့၏ အသွေး၊အသားများနှင် စိတ်ဝိညာဉ်များသည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ဝါးမျိုခြင်း ခံလိုက်ရသည်မှာ ကြာလှပြီ ဖြစ်သည်။
သူတို့၏ အင်မော်တယ် လက်နက်များတောင်မှ ပျက်စီးကာ ကိုက်ရာများနှင့် ပြည့်နှက်လို့နေ၏။
ပုရွက်ဆိတ်အသိုက်၏ အတွင်းအကျဆုံး နေရာသို့ ယဲ့ဖန် ရောက်လာချိန်တွင် သူ၏ စိတ်ဝိညာဉ်မီးတောက်က တုန်ခါသွားသဖြင့် သူ လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်။
သိပ်မဝေးသောနေရာတွင် အရိုးစုတစ်ခုမှ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်တစ်မျိုး ထွက်ပေါ်လို့နေသည်။
“အဲ့ဒါက ဒီ ဝိညာဉ်စား ပုရွက်ဆိတ်တွေကို မွေးမြူခဲ့တဲ့ ရှေးဟောင်း သိုင်းပညာရှင်ရဲ့ အရိုးစုဖြစ်မယ့်ပုံပဲ”
ထိုကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်က နှစ်ထောင်သောင်းများစွာ ကြာမြင့်ခဲ့ပြီး တာတောင်မှ ထိတ်လန့်ဖွယ်ကောင်းသည့် ချီဓာတ်ကို ပေးစွမ်းနိုင်သေးသည်ကို ယဲ့ဖန် သိနေခဲ့သည်။
ထို့ပြင် ထိုရှေးဟောင်း သိုင်းပညာရှင်၏ အရိုးစုဘေး၌ ဘောလုံးတစ်လုံး အရွယ်အစားရှိသည့် ဒါဇင်နှင့်ချီသော ပုရွက်ဆိတ်အလောင်းများကိုပါ ယဲ့ဖန် မြင်လိုက်ရသည်။
ထိုအလောင်းများသည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ အားလုံး၏ အလောင်းများပင်။
ရှေးဟောင်းသိုင်းပညာရှင်သည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ ကိုက်ဝါးခြင်းကို သေသည်အထိ ခံခဲ့ရသည်မှာ သိသာလှသည်။
“ကြည့်ရတာ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်အားလုံးက အဲ့ဒီရှေးဟောင်း သိုင်းပညာရှင်နဲ့အတူ သေသွားပြီနဲ့တူတယ်”
အသိုက်ထဲ၌ မည်သည့် ဝိညာဉ်စား ပုရွက်ဆိတ်မျှ မကျန်ရှိတော့ဟု ယဲ့ဖန် ကောက်ချက်ချလိုက်သည်။ သို့မဟုတ်ပါက သူ သေတာ ကြာနေလောက်ပြီ။
“အာ … ဒါ ဘာပါလိမ့်”
ယဲ့ဖန်သည် ရှေးဟောင်းသိုင်းပညာရှင်ဘေး၌ ရှိနေသော ရွှေအိုရောင်ဓားကို မြင်ပြီး တဒင်္ဂမျှ မှင်တက်သွားသည်။ ဓား၏ ကိုယ်ထည်သည် ဝိညာဉ်စား ပုရွက်ဆိတ်များကြောင့် ပျက်စီးနေပြီဖြစ်သည်။
သို့သော် လက်ကိုင်ကတော့ မူလအတိုင်း ဖြစ်နေသေးသည်။ အံ့ဩစရာ ကောင်းလိုက်ပါဘိ။
“ဒါက ဝိညာဉ်စား ပုရွက်ဆိတ်တွေကို တားဆီးနိုင်မှ‌တော့ ဒီဓားလက်ကိုင်က ထူးဆန်းပြီး ရှားပါးတဲ့ အရာတစ်ခုနဲ့ ပြုလုပ်ထားတာ ဖြစ်ရမယ်”
ထို့နောက် ယဲ့ဖန်သည် ဓားလက်ကိုင်ကို ကောက်ကိုင်လိုက်သည်။ ရုတ်တရက် သူသည် ဓားလက်ကိုင်ပေါ်မှ ရှေးဟောင်းစာလုံး တစ်လုံး ရေးထွင်းထားသည်ကို သူ မြင်လိုက်သည်။
ထိုစာလုံးကား ... ကောင်းကင်ဘုံ ဟူသော စကားလုံးပင်။
ထို့အပြင် ယဲ့ဖန်သည် ရှေးဟောင်း သိုင်းပညာရှင်၏ အရိုးစုကို တစ်ချက် ကြည့်လိုက်သောအခါ သူ၏ စိတ်ဝိညာဉ်မီးတောက်သည် ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားရသည်။
ထိုအရိုးစုပေါ်၌ ကျွန် အမှတ်အသားများစွာကို သူ မြင်လိုက်ရ၍ ဖြစ်ပေသည်။
....
ယဲ့ဖန် လုံးဝ နားဝေတိမ်တောင် ဖြစ်သွားရသည်။
“*ကျွန်အမှတ်အသားတွေပါလား*
*ဒီကြောက်ဖို့ကောင်းတဲ့ ရှေးဟောင်းသိုင်းပညာရှင်က တစ်စုံတစ်ယောက်ရဲ့ ကျွန်အဆင့်ပဲ ရှိတာပါလား ... သူက ဒီဝိညာဉ်စား ပုရွက်ဆိတ်တွေကို မွေးမြူဖို့ပဲ တာဝန်ယူထားရတာ ဖြစ်မယ်*
*ဘယ်သူ ဒါမှမဟုတ် ဘယ်လိုအရာက ဒီလောက် သန်မာတဲ့ ရှေးဟောင်း သိုင်းပညာရှင်ကို ကျွန်ပြုနိုင်တာလဲ*
ယဲ့ဖန် အလွန်အမင်း ထိတ်လန့်သွားသည်။ အခြား ကမ္ဘာခြား အုပ်ချုပ်သူ သုံးယောက်တို့ သည်လို လုပ်နိုင်စွမ်း မရှိသည်ကို သူ သိပါသည်။
“ကြည့်ရတာ ကမ္ဘာဂြိုဟ်ပေါ်က လျှို့ဝှက် အင်အားစုတွေက ငါ ထင်ထားတာထက် ပိုပြီး ကြောက်ဖို့ကောင်းနေတာပဲ”
ယဲ့ဖန် ချက်ချင်း ဝမ်းနည်းလာသည်။ ထို့နောက် သူသည် တရှဲရှဲမြည်သံများကို ကြားလိုက်ရသည်။
ထို့နောက် ဝိညာဉ်စား ပုရွက်ဆိတ်အဖွဲ့နှစ်ဖွဲ့ ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။ အဖွဲ့တစ်ဖွဲ့တွင် ပုရွက်ဆိတ်ပေါင်း ငါးရာကနေ ခြောက်ရာအထိ ပါဝင်သည်။
ပုရွက်ဆိတ်အဖွဲ့နှစ်ဖွဲ့သည် ဝိညာဉ်စား ပုရွက်ဆိတ်နှစ်ကောင်၏ နောက်သို့ လိုက်ပါနေကြသည်။ သူတို့၏ ပုံစံက မျိုးနွယ်စုနှစ်ခုကြား စစ်ဖြစ်တော့မလိုပင်။
ဤမြင်ကွင်းကြောင့် ယဲ့ဖန် တဒင်္ဂမျှ မှင်တက်သွားရသည်။
“မျိုးနွယ်စုနှစ်ခုရဲ့  ပုရွက်ဆိတ်နှစ်ကောင်ကြားက စစ်ပွဲပါလား”
ရုတ်တရက် ယဲ့ဖန်သည် ပေါက်ပေါက်ရှာရှာ အတွေးတစ်ခု ရသွားသည်။ အကယ်၍များ စကြဝဠာထဲရှိ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများက သူ့အတွေးကို သိရှိခဲ့ပါလျင် သူတို့သည် ယဲ့ဖန် ရူးသွားပြီဟု တွေးနေလောက်သည်။
ရူးနေသော သူများသာ ထိုသို့ အတွေးရလိမ့်မည် ဖြစ်သည်။ သို့သော် သူ တစ်ကြိမ်တစ်ခါမျှသာ အောင်မြင်သွားခဲ့ပါလျှင် ...

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now