Chapter 249

1.2K 151 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (249) ဟေး ..ကျွန်မကလေးဘဝတုန်းက ကျွန်မ ချစ်ရတဲ့ကောင်လေး
*ယဲ့ဖန်နဲ့တူတယ်*
ယဲ့ရီယွင်၏ စကားကြောင့် ဘေးမှ ယဲ့ကလန်ရဲ့ ဂျူနီယာများက တစ်ခဏမျှ ကြောင်သွားပြီမှ ယဲ့ဖန်ကို ဝိုင်းကြည့်ကြသည်။
သို့သော် ယဲ့ဖန်အား တစ်ချက် ကြည့်ပြီးနောက် သူတို့အားလုံး မှင်တက်သွားကြသည်။
အမှန်အတိုင်းပြောရလျင် ယဲ့ဖန်သည် ဓာတ်ပုံထဲမှ ကောင်လေးနှင့် အတော်လေး ဆင်တူသည်။ သူတို့နှစ်ယောက်၏ ကွာခြားမှုကတော့ သူတို့၏ ပင်ကိုစရိုက်ပင် ဖြစ်သည်။
ဓာတ်ပုံထဲမှ ကောင်လေးသည် ကြောက်တတ်သည်၊ တစ်ဘက်မှ ယဲ့ဖန်ကတော့ ကြမ်းကြုတ်၍ မကောင်းဆိုးဝါးဆန်သော ချီဓာတ်ကို ထုတ်လွှတ်နေ၏။
"ထားလိုက်စမ်းပါဟယ်… နတ်ဘုရားမလေး ကျုံးဝမ်ရဲ့ အချစ်ဦးက ဘယ်လိုလုပ် ဒီရက်စက်တဲ့ အရူး ဖြစ်နိုင်မှာလဲ"
ယဲ့လန်သည် ယဲ့ဖန်အား မနှစ်သက်သဖြင့် ဆက်၍ ချေပလိုက်သည်။
"ငါ့အထင် သူတို့နှစ်ယောက်ထဲမှာ တူတာဆိုလို့ နှစ်ယောက်လုံးက တောသားဖြစ်နေတာပဲ"
သူမ၏ စကားများက ဘေးရှိ ယဲ့ဂျူနီယာများကို ဟားတိုက်ရယ်မောသွားစေသည်။
သူတို့သည်လည်း ယဲ့ဖန်ကို မနှစ်သက်ပါ၊ ထို့ကြောင့် ယဲ့ဖန်ကို မည်သည့်နည်းနှင့်မဆို တိုက်ခိုက်ရန် မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်မခံလိုပါ။
သို့သော် ယခုအချိန်တွင် ယဲ့ဖန်က သူတို့စကားများကို လျစ်လျူရှုထားသည်။ သူက မတ်တပ်ရပ်နေရင်း ဓာတ်ပုံထဲမှ ကောင်လေးကိုသာ တောက်ပသော မျက်လုံးများကို ငေးကြည့်နေသည်။
"ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ"
ယဲ့ဖန်က သက်ပြင်းချ၍ ပွဲထဲသို့ ယဲ့ရီယွင်နှင့် အခြား ယဲ့ဂျူနီယာလေးများနှင့်အတူ ဝင်သွားလိုက်သည်။
….
ယန်ကျင့် အပြည်ပြည်ဆိုင်ရာ အားကစားရုံသည် လူပေါင်း သောင်းနှင့်ချီ၍ ဆန့်သည်။ သူတို့ ရှေ့ဆုံးတန်း၌ ထိုင်ပြီးချိန်တွင် အခြား ပရိသတ်များက စတင်၍ စုပြုံကာ ဝင်ရောက်လာကြသည်။
ခဏလေးအတွင်းမှာပင် အားကစားရုံကြီးသည် လူအုပ်ကြီးနှင့် ပြည့်နှက်လို့သွားလေသည်။
မကြာခင်မှာပင် စတိတ်စင်ပေါ်ရှိ ပိတ်ကား၌ ဓာတ်ပုံတစ်ပုံ ပေါ်လာသည်။ ထိုဓာတ်ပုံအောက်တွင် စာကြောင်းများအား ကိုရီးယားလိုရော တရုတ်လိုပါ ရေးသားထားသည်။
____ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ် ဆောင်းရာသီတုန်းကပေါ့ … နှင်းတွေ မတရားကျဆင်းနေခဲ့တယ်၊ ကိုရီးယားနိုင်ငံသား ကလေးမလေးတစ်ယောက် ဟွာရှနိုင်ငံရဲ မြို့သေးသေးလေး တစ်မြို့မှာ တစ်ယောက်တည်း လမ်းပျောက်လို့ နေခဲ့တယ်။
____ သူမ ဘယ်ရောက်နေလဲ ဆိုတာကို သူမ မသိခဲ့။ သူမ ချမ်းပြီး ဆာလောင်နေခဲ့တယ်။
____ သူမ ပြောတဲ့ စကားကလွဲ၍ ကျန်သောသူများ၏ စကားကို သူမ နားမလည်နိုင်ခဲ့ပါ။
____ ဘယ်သူမှလည်း သူမပြောတာကို နားမလည်ကြ။
____ တစ်ရက်။
____ နှစ်ရက်။
____ သုံးရက်။
____ အဲ့ကလေးမလေးက နေ့တိုင်း အမှိုက်ပုံးထဲက ဟာကို စားခဲ့ပြီး နှင်းရေများကိုသာ သောက်ခဲ့ရသည်။
____ သူမ မသေချင်ခဲ့။ သူမ အဖေနှင့် သူမ အစ်ကိုကြီးကို သူမ သိပ်သတိရသည်။
____ သို့သော် သူတို့ကို သူမ ရှာမတွေ့ပါ။
____ သူမ ဆက်၍ လျှောက်သည် ၊ လျှောက်ခဲ့သည်။
____ သူမ၏ အဝတ်အစားနှင့် ဖိနပ်များက စုတ်ပြတ်သတ်လာသည်။
____ နှင်းထုများက သူမ အသားအရေကို ဖုံးလွှမ်းလာပြီး ရွှံ့များက သူမ ဖိနပ်ထဲ ဝင်လာသည်။
____ နောက်ဆုံးတွင် သူမ ထပ်၍ မလှုပ်နိုင်တော့ဘဲ အနီးအနားက အမှိုက်ပုံတစ်ခုနားမှာ သတိလစ်သွားသည်။
____ သူမ မျက်လုံးဖွင့်လိုက်သောအခါ ကြောက်လန့်နေသော ဟွာရှ ကောင်လေးတစ်ယောက်ကို သူမ တွေ့လိုက်ရသည်။
____ ထိုကောင်လေးကလဲ သူမလို တစ်ယောက်တည်း အထီးကျန်နေခဲ့သည်၊ သူသည်လည်း အမှိုက်ပုံးထဲမှ ကျန်တာလေးကို စား၍ အသက်ဆက်ရှင်နေခဲ့ခြင်း ဖြစ်သည်။
____ သူမ အမှိုက်တစ်ခုကို ကောက်လိုက်သည်၊ သို့သော် သူက နောက်လှည့်လာပြီး သူမကို ကောက်ချီသွားသည်။
____ ထိုအချိန်မှစ၍ ကောင်လေးနဲ့ ကောင်မလေးတို့က တစ်ယောက်ကို တစ်ယောက် မှီခိုလာကြသည်။
____ သူတို့ အတူတကွ အမှိုက်ပုံတွေမှာ လှန်လှော မွှေနှောက် ရှာဖွေခဲ့ကြသည်။
____ သူတို့ အစားတစ်လုပ်အတွက် လမ်းဘေးခွေးများနှင့် လုယက်ခဲ့ကြသည်။
____ သူတို့ အတူတကွ ငိုခဲ့၊ ရယ်မောခဲ့ကြသည်။
____ သူတို့ ဘိန်းမုန့် ပူပူလေးတစ်ချပ်ကို မျှစား၍ ရေတစ်လုပ်ကို မျှသောက်ခဲ့ကြသည်။
____ ကလေးမလေး ချမ်းလာသည့် အခါတိုင်း ကောင်လေးက သူမကို နွေးအောင် စောင်ခြုံပေးသည်။
____ ကလေးမလေး ဗိုက်ဆာလာသည့်အခါ ကောင်လေးက ညဉ့်နက်သန်းခေါင်၌ အပြင်ထွက်၍ အစာထွက်ရှာခဲ့သည်။
____ သူက သူမရဲ့ ဘဝ ဖြစ်သလို သူမကလည်း သူ၏ ဘဝပင်။
____ သို့သော် သုံးလကြာခဲ့ပြီးနောက်တွင်၊ သူမ အဖေက သူမကို လိုက်ရှာရန် လူလွှတ်ခဲ့ပြီး သူမကို အတင်း ပြန်ခေါ်သွားခဲ့သည်။
____ ကောင်လေးက ရူးမတတ် ဖြစ်ခဲ့ရသည်။
____ ကောင်လေးက သူမနောက်သို့ အားသွန်ခွန်စိုက် ဆက်၍ လိုက်လာခဲ့သည်။
____ သူ့ဖိနပ်တွေ ကျွတ်သွားတာတောင်မှ သူက ခြေဗလာနှင့် ဆက်လိုက်နေခဲ့သေးသည်။
____ သူ့ခြေဗဝါးများ စုတ်ပြတ်သွားတာတောင်မှ သူက သွေးထွက်နေသော ခြေထောက်များနှင့် ဆက်၍ ပြေးလိုက်နေခဲ့သည်။
____ ကားနောက်မှန်လေးက ကောင်လေး ဝေးသထက် ဝေးလာသည်ကို ကြည့်ပြီး ကောင်မလေးက ငိုယိုခဲ့ရသည်။
____ အဆုံးတွင် နှင်းမုန်တိုင်း အလယ်၌ ကောင်လေး လမ်းမပေါ် လဲကျသွားသည်ကို သူမ မြင်လိုက်ရသည်။ ထို့နောက် သူ ပြန်ထမလာနိုင်ခဲ့တော့ချေ။
ထိုအရာများသည် ပိတ်ကားပေါ်၌ ပေါ်လာခဲ့သည့် စကားလုံးများ ဖြစ်ပေသည်။ ထို့နောက် အလွန် လှပသော မိန်းမပျိုလေးတစ်ယောက် ပိတ်ကားထက်၌ ပေါ်လာခဲ့သည်။
သူမကတော့ ကျုံးဝမ်ပင်။ ဗွီဒီယိုလေး တစ်ခုသာ ဖြစ်သည်။
ကျုံးဝမ်က နီရဲ၍ ယောင်ကိုင်းနေသော မျက်လုံးလေးများဖြင့် ပိတ်ကားထက်၌ တရုတ်ဘာသာစကားနှင့် မပြောတတ် ပြောတတ်ဖြင့် ပြောနေသည်။
အားကစားရုံတစ်ခုလုံး တိတ်ကျသွားသည်။
"မောင်လေး …. နင် … နင် အဆင်ပြေရဲ့လား … နင် အသက်ရှင်နေသေးတုန်းပဲလားဟင်"
"မမ တောင်းပန်ပါတယ်နော် … မမ မင်းနာမည်ကို မသိခဲ့ဘူး … မမ မြို့နာမည်ကိုလည်း မသိခဲ့ဘူး .. မမ အဖေနဲ့ အစ်ကိုကြီးကို မေးခဲ့ပင်မယ့်လည်း နှစ်ယောက်လုံး မမကို မပြောပြကြဘူး … နင် ဘယ်မှာလဲ … နင်က ဘယ်သူလဲဟင်"
"မမ ဟွာရှနိုင်ငံကို ခဏခဏ လာခဲ့တယ် … မင်း ရှိလောက်မယ့် နေရာနဲ့ မမတို့ နေခဲ့ဖူးလောက်တဲ့ နေရာတိုင်းကို သွားခဲ့တယ်"
"ဒါပေမယ့် ဟွာရှနိုင်ငံကြီးက အရမ်း ကြီးလွန်းတယ် … ဒါပေမယ့် မင်းကလည်း မမနဲ့ အရမ်းဝေးကွာလွန်းနေတယ်"
"တစ်ချို့သော အကြောင်းကိစ္စတွေကြောင့် … ဒါက … မမရဲ့ နောက်ဆုံး ဂီတပွဲ ဖြစ်သွားလောက်တယ် … မမ ဒီပွဲကို မင်းအတွက် ကျင်းပချင်ခဲ့တာ"
….
သူမ ပြောလို့ပြီးသွားချိန်တွင် အားကစားရုံတစ်ခုလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
*နောက်ဆုံး ဂီတပွဲ*
ပရိသတ်များအားလုံး အလွန် ထိတ်လန့်နေသော မျက်နှာများ ဖြစ်သွားကြသည်။ ဘာတွေ ဖြစ်နေသလဲဆိုတာကို သူတို့ လိုက်မမီတော့။
စင်အောက်မှ ပွဲကြည့်ပရိသတ်များက ပွက်လောရိုက်လာသည်။ သို့သော် ပိတ်ကားပေါ်မှ ကျုံးဝမ်ကတော့ ဆက်၍ မျက်ရည်များကို သုတ်နေပြီး ထပ်ပြောလာသည်။
"မောင်လေး … ငါ နင့်ကို သိပ်သတိရတာပဲ … ဒါပုံလေးက မင်း မမကို လက်ဆောင်ပေးခဲတဲ့ တစ်ခုတည်းသော ဓာတ်ပုံလေးပဲ … မမ ဆယ့်နှစ်နှစ်လုံးလုံး မင်းနဲ့ ပြန်တွေ့နိုင်တဲ့ အခွင့်အရေးလေးများ ရမလားဆိုပြီး ဒါကို ထိန်းသိမ်းထားခဲ့တာ"
"ဟေး …. ငါ့ရဲ့ ကလေးဘဝက ငါအချစ်ရဆုံး ကောင်လေးရေ"
ဗွီဒီယိုလေးက ပြီးဆုံးသွားခဲ့ပြီး အားကစားရုံထဲမှ ထောင်သောင်းချီသော လူများအားလုံး ငြိမ်ကျသွားသည်။
ပရိသတ်တိုင်း အလွန် အံ့အားသင့်နေကြသည်။ သူတို့ နတ်ဘုရားမလေး၏ ငယ်ဘဝက အချစ်ဦးက သနားစရာကောင်းလှပြီး လှပလေသည်။
ထိုကောင်လေးကို သူတို့ နတ်ဘုရားမလေး ဆယ့်နှစ်နှစ်လုံးလုံး လိုက်ရှာနေခဲ့သည်တဲ့လား။
သူတို့ နတ်ဘုရားမလေး၏ နှလုံးသား အတွင်းကျကျနေရာ၌ ဟိုးငယ်စဉ်အရွယ်ကတည်းက အမြဲ ယောက်ျားသားတစ်ယောက်က နေရာယူထားသည်ကိုး။
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အားကစားရုံထဲ၌ ရှိုက်သံများနှင့် ပြည့်နှက်လာသည်။
"အရမ်း ကြည်နူးဖို့ကောင်းတာပဲ … အဲ့ကောင်လေးက တော်တော် သဘောကောင်းတာပဲ …"
"အီးဟီး … ငါသာ အဲ့လိုကောင်လေးမျိုးနဲ့ တွေ့ခဲ့လို့ကတော့ နတ်ဘုရားမလေးလိုပဲ ငါ သူ့ကို သေချာပေါက် လက်ထပ်ပစ်မှာ"
"သူက ဘယ်သူလဲကွာ … ငါတို့ရဲ့ သနားဖို့ ကောင်းတဲ့ နတ်ဘုရားမလေး ကျုံးဝမ်လေး"
…..
အမျိုးသမီး ပရိသတ်တော်တော်များများက ကျုံးဝမ်၏ ဇာတ်လမ်းလေးကြောင့် ရင်ထဲ ထိခိုက်ကာ မျက်ရည်များကို သုတ်နေကြသည်။
အမျိုးသား ပရိသတ်များတောင်မှ နီရဲနေသော မျက်လုံးများနှင့် ထိုကောင်လေးအား လေးစား အားကျမိကြသည်။
ရှေ့ဆုံးတန်းမှ ယဲ့မျိုးဆက် လူငယ်များသည်လည်း ရင်ထဲ ထိခိုက်ကာ မျက်နှာများက နီရဲလာသည်။
ယဲ့လန်သည်လည်း ခုံမှာ ထိုင်နေရင်း အော်ငိုနေသည်။
"ဒီလောက် ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ ကောင်လေးမျိုး ရှိနေရတာလဲ … ဒီလောက် ကြည်နူးဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုလုပ် ရှိနေတာလဲ … ငါ့ရဲ့ နတ်ဘုရားမ‌လေး … ငါ့မောင်လေး"
အခြားသူများသည်လည်း စိတ်ထိခိုက်ကာ သက်ပြင်းချလိုက်ကြသည်။
ယခင်အတိုင်း ငြိမ်နေသည့် သူ တစ်ယောက် ရှိသည်။ သူကတော့ ယဲ့ဖန်ပင်။
ယဲ့ကလန်မှ သူ့အား တရားမဝင်သား ဟူ၍ မောင်းထုတ်ခဲ့ပြီး တောထဲ၌ စွန့်ပစ်ခံခဲ့ရသည်ကို ယဲ့ဖန် မှတ်မိနေပါသေးသည်။
ဘယ်သူမှ သူ့အား ပိုက်ဆံ မပေးခဲ့သလို အစားအသောက်လည်း မပေးခဲ့ပါ။
သူသည် ဟောင်းနွမ်း စုတ်ပြတ်၍ လူသူကင်းမဲ့သော ခြံဝန်းတစ်ခုကို ရှာတွေ့ခဲ့ပြီး လှည့်လည် သွားလာသူအဖြစ် နေထိုင်ခဲ့သည်။
တစ်နေ့တွင် သူ ကလေးမလေး တစ်ယောက်ကို ကောက်ချီလာခဲ့သည်။ သူမ၏ ဘာသာစကားကို သူ နားမလည်ခဲ့သလို သူမ နာမည်ကိုလည်း သူ မသိခဲ့ပါ။
သူတို့ ဒီအတိုင်း တစ်ရက်ပြီးတစ်ရက် တစ်ယောက်ကို တစ်ယောက် မှီခိုခဲ့ကြသည်။ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ဒီတွေ့ကြုံခဲ့သည့် အချိန်လေးက သူ့မှတ်ဉာဏ်တွေထဲ ငုပ်လျှိုးနေခဲ့သည်။
ဒီဗွီဒီယိုကို မြင်မှသာ သူမကို သူ မှတ်မိသွားခဲ့သည်။
"တွေ့ဆုံတာက လွမ်းဆွတ် သတိရနေတာထက် ပိုပြီး ထူးတဲ့ အရာမဟုတ်ဘူး … ငါ့အတွက် ဒီအချိန်တွေကို မေ့သွားတာက အကောင်းဆုံးပဲ ဖြစ်မယ်ထင်တယ်"
ယဲ့ဖန်က အနည်းငယ် စိတ်ရှုပ်နေသော အမူအရာဖြင့် သက်ပြင်းချလိုက်မိသည်။ ထိုအချိန်တွင် ဝမ်းနည်း၍ လှပသော ဂီတသံလေးက စင်ပေါ်မှ မီးရောင်အောက်၌ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မီးရောင်များက စတိတ်စင်၏ ဝင်ပေါက်ကို မီးမောင်းထိုးပြနေသည်။
ထို့နောက် ထောင်သောင်းနှင့် ချီသော လူများ၏ အကြည့်အောက်မှာပင် နတ်သမီးလေးကဲ့သို့ မိန်းမပျိုလေးတစ်ယောက်က ကြော့ရှင်းလှပစွာ ထွက်ပေါ်လာသည်။
သူမသည် အာရှ၏ အလန်းဆုံး ရုပ်ရှင်ဘုရင်မ …. ကျုံးဝမ်ပင်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now