Chapter 378

996 104 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (26) CHAPTER (378) မိုးကောင်းကင်အား ဆေးအနီရောင် ခြယ်သခြင်း

နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်နှင့် နတ်ဘုရား ဆရာသခင်အဆင့် အယောက်တစ်ရာတို့သည် မိုးကောင်းကင်၌ ရပ်တန့်လျက် ရှိနေကြသည်။
သူတို့အားလုံး ကမ္ဘာမြေအား စိတ်အားထက်သန်စွာ ငုံ့ကြည့်နေကြသည်။ ထိုစဉ် နတ်ဘုရား သေနာပတိအဆင့်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး အနည်းငယ် သုန်မှုန်နေသော မျက်နှာနှင့် စကားစလာသည်။
“ဘာဖြစ်သွားတာလဲ။ ငါတို့လူတွေရဲ့ ချီဓာတ်က တအား ထိုးကျသွားတယ်လို့ ငါ ခံစားနေရတယ်”
နတ်ဘုရား သေနာပတိအဆင့်များသည် ခပ်ဝေးဝေးမှ အခြား သက်ရှိများ ချီဓာတ်ကို သူတို့၏ စိတ်ဝိညာဉ်ဖြင့် အာရုံခံ၍ ရသော်လည်း ထိုသူတို့အား သူတို့၏ မျက်လုံးဖြင့် မမြင်ရနိုင်ပေ။
သို့သော်ငြားလည်း ဤနတ်ဘုရား သေနာပတိအဆင့်သူသည် နတ်ဘုရား ဆရာသခင်အဆင့် အယောက်တစ်ရာ၏ အရေအတွက်က လျင်မြန်စွာ ကျဆင်းလာသည်ကို ရှင်းလင်းစွာ အာရုံခံနိုင်သည်။
ထိုနတ်ဘုရား သေနာပတိအဆင့်၏ သတိပေးချက်ကြောင့် အခြား နတ်ဘုရား‌ သေနာပတိအဆင့်များ ချက်ချင်း မျက်နှာပျက်သွားကြသည်။
ထို့နောက် သူတို့သည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များအား ချက်ချင်းဆိုသလို ကမ္ဘာမြေပေါ်သို့ ပို့လွှတ်လိုက်ကြသည်။
ထို့နောက် သူတို့အားလုံး မှင်တက်သွားကြသည်။
တစ်ရာ၊ ရှစ်ဆယ်၊ ခြောက်ဆယ်။
….
လျင်မြန်စွာ ကျဆင်းလှသော အရှိန်ကြောင့် နတ်ဘုရား သေနာပတိအဆင့်များနှင့် နတ်ဘုရား ဆရာသခင်အဆင့်များ အလွန် ထိတ်လန့်သွားကြသည်။
နတ်ဘုရား ဆရာသခင်များ၏ အရေအတွက်က တစ်မိနစ်အတွင်း ငါးဆယ်ရာခိုင်နှုန်း လျော့ကျလာသည်။
*ဒါ … မယုံနိုင်စရာပါလား*
“သေစမ်း၊ ဒီအောက်မှာ ဘယ်လိုမကောင်းဆိုးဝါးမျိုးများ ရှိနေတာလဲ။ ဒါ ဖြစ်မှမဖြစ်နိုင်တာ”
နတ်ဘုရား သေနာပတိအဆင့်များ မျက်ခုံးလှုပ်လာကြသည်။
ကြောက်မက်ဖွယ်ကောင်းသည့် ကမ္ဘာခြား မုဆိုးများ ဖြစ်သည့်အားလျော်စွာ သူတို့သည် သယံဇာတ ပေါကြွယ်ဝသည့် ဂြိုဟ်များစွာကို သူတို့ လုယက်ဖူးပါသည်၊ သို့သော် ဤမျှ ထူးဆန်းလှသည့် ဖြစ်စဉ်ကိုတော့ သူတို့ ယခုမှ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
နတ်ဘုရား ဆရာသခင်အဆင့် အရေအတွက်များ လျင်မြန်စွာ လျော့ကျသွားခြင်းက မုဆိုးများအား ကြောက်လန့်ကာ တုန်ယင်သွားစေသည်။
တစ်မိနစ် ကြာပြီးနောက် ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။
သူတို့အားလုံး မရှိတော့ချေ။ နတ်ဘုရား ဆရာသခင်အဆင့်များ၏ ချီဓာတ်များ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားချေပြီ။
“သေစမ်း”
နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်လုံး ထိတ်လန့်သွားသလို ဒေါသလည်း ထွက်လာကြသည်။
ထိုစဉ် နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က ထိတ်ထိတ်ပျာပျာဖြင့် ပြောလာသည်။
“အရှင် အောက်မှာ တစ်ခုခုတော့ မှားနေသလိုပဲ”
*ဘာရယ်*
အခြားသူများအားလုံး အောက်သို့ ခပ်သုတ်သုတ် ငုံ့ကြည့်လိုက်ကြသည်။
ထို့နောက် ဟိုက်ဒရိုဂျင် ဘောလုံးများစွာတို့သည် မြေကြီးပေါ်မှ လွင့်ပျံတက်လာသည်ကို သူတို့ မြင်လိုက်ရသည်။
တစ်ချို့သည် ကျန်းရှီမြို့မှ ဖြစ်သည်။ အချို့သည် ကမ္ဘာမြေ အဖွဲ့အစည်း၏ အခြေစိုက်စခန်းမှ ဖြစ်သည်။
ကျန်တစ်ချို့သည် ပစိဖိတ် သမုဒ္ဒရာထဲမှ ဖြစ်သည်။
ထို့ပြင် နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်လုံးနှင့် ကျန် နတ်ဘုရား ဆရာသခင်အဆင့် အားလုံးတို့သည် ထိုဟိုက်ဒရိုဂျင် ဘောလုံးတစ်လုံးချင်းစီ၏ အောက်၌ တစ်စုံတစ်ခု ပါလာသည်ကို သတိပြုမိသွားသည်။
“အဲ့ဒါ လူ့ဦးခေါင်းတွေပဲ”
….
ဤသည်ကို ကြည့်ရင်း ကောင်းကင်ထက်မှ ကမ္ဘာခြား မုဆိုးများအားလုံး ပွက်လောရိုက်သွားကြသည်။
ဟိုက်ဒရိုဂျင် ဘောလုံးတစ်လုံးချင်းစီ၏ အောက်၌ လူ့ဦးခေါင်းတစ်လုံးချင်းစီပါလာပြီး စုစုပေါင်း အလုံးတစ်ရာ ရှိသည်။
“ဂူဆို၊ သူ … သူ သေသွားပြီ …”
“သမုဒ္ဒရာထဲက ဟိုဦးခေါင်းကို ကြည့်လိုက်ဦး။ အဲ့ဒါ အသန်မာဆုံး နတ်ဘုရား ဆရာသခင်အဆင့် ခါရှာလေ”
“ကမ္ဘာခြား မုဆိုးတွေ။ အဲ့ဒါတွေအားလုံးက ငါတို့ ကမ္ဘာမြေပေါ်ကို တာဝန်ပေးလိုက်တဲ့ နတ်ဘုရား ဆရာသခင်အဆင့်တွေရဲ့ ဦးခေါင်းတွေပဲ”
ဤမျှ အချိန်တိုလေးအတွင်း၌ နတ်ဘုရား ဆရာသခင်အဆင့် တစ်ဝက်ခန့် သုတ်သင်ခံလိုက်ရလေပြီ။ မယုံနိုင်စရာ ကောင်းလှသည်။
ဟိုက်ဒရိုဂျင် ဘောလုံးများစွာတို့သည် ကျန်ကမ္ဘာခြား မုဆိုးများထံသို့ မျောလွင့်လာသည်။
သူတို့အားလုံးသည် ဦးခေါင်းပြတ်များ၏ မသေခင်အချိန်၌ အလွန် သွေးပျက်ဖွယ်ကောင်းသော အခြေအနေနဲ့ တွေ့ဆုံခဲ့ပုံရသော ကြောက်ရွံ့၊ အံ့အားသင့်နေသည့် မျက်နှာထားများကို မြင်တွေ့လိုက်ရသည်။
ခေါင်းပြတ်တစ်လုံးချင်းစီသည် သွေးများဖြင့် ဖုံးလွှမ်းလို့နေသည်။ ထို့ပြင် ခေါင်းပြတ်တိုင်း၏ နဖူးအလယ်တည့်တည့်ရှိ အမြုတေသည် ထုတ်ယူထားခြင်း ခံထားရသည်။
ချောက်ချားဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
“ညီလေး”
နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်သည် သူ့ညီ၏ ခေါင်းပြတ်ကို မြင်လိုက်ရသဖြင့် ဝမ်းနည်းစိတ်ကြောင့် စိတ်လွတ်ချင်သလို ဖြစ်ကာ ဒေါသလည်း ထွက်လာပြီး ထိုခေါင်းပြတ်ဆီ ပြေးသွား၍ မျက်ရည်များနှင့် ထိုခေါင်းပြတ်အား တင်းကြပ်စွာ ဖက်ထားလိုက်သည်။
သေဆုံးသွားသော နတ်ဘုရား ဆရာသခင်အဆင့်များသည် ကျန်ရှိနေသော ကမ္ဘာခြားမုဆိုးများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများ ဖြစ်ကြသည်။
များစွာသော နတ်ဘုရား သေနာပတိအဆင့်နှင့် နတ်ဘုရား ဆရာသခင်အဆင့်များသည် သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများ၏ ခေါင်းပြတ်များကို ပူဆွေးမှုဖြင့် ဆုပ်ကိုင်ထားလိုက်ကြသည်။
တိမ်တိုက်များတောင်မှ ပရိဒေတစိတ်များဖြင့် ပြည့်နှက်လို့လာသည်။ ထိုစဉ် နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်က သေဆုံးသွားသော နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်၏ နားအောက်နားမှ ထူးဆန်းသော စာလုံးတစ်လုံးကို သတိထားမိသွားသည်။
“ဒါ … ဒါ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ နတ်ဆိုး ဖောက်ခွဲခြင်းမှော်စာလုံးပဲ။ သေစမ်းကွာ”
ထိုမှော်စာလုံးကို သတိပြုမိပြီးနောက် ထိုနတ်ဘုရား သေနာပတိအဆင့်သည် ကြောက်စိတ်များဖြင့် ပြည့်နှက်လာပြီး အခြား နတ်ဘုရားအဆင့်များအား အော်ဟစ်သတိပေးလိုက်သည်။
“မြန်မြန်၊ အဲ့ခေါင်းပြတ်တွေကို လွှင့်ပစ်လိုက်ကြတော့။ ဝေးဝေးကို ပြေးကြတော့”
*ဘာ*
သူ့စကားကို ကြားပြီး အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။
ဝုန်း!
ထိုစဉ် နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်၏ လက်မောင်းကြားထဲမှ ခေါင်းပြတ်တစ်လုံးသည် ထပေါက်ကွဲလာပြီး ထိတ်လန့်ဖွယ်ကောင်းသော အင်အားက သူ၏ လက်မောင်းများအား ချက်ချင်း ပြတ်ထွက်သွားစေသည်။
သို့သော် ထိုပေါက်ကွဲမှုကား အစသာ ရှိချေသေးသည်။
ဝုန်း! ဝုန်း! ဝုန်း!
ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခွင်၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများနှင့် ပဲ့တင်ထပ်သွားပြီး လေထဲ၌ လက်မောင်းပြတ်များ လွင့်ပျံနေပြီး ဦးခေါင်းများ ပေါက်ကွဲနေကြ၏။
အသက်ရှင်နေသေးသော ကမ္ဘာခြားမုဆိုးများသည် သွေးများနှင့် ပေကျံလို့နေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ခေါင်းပြတ်အလုံးတစ်ရာသည် မုန့်မုန့်ညက်ညက် ကြေအောင် ပေါက်ကွဲထွက်သွားသည်။
“အား”
စူးရှသော အော်သံများက ကောင်းကင်အနှံ့ ပျံ့နှံ့လျက် ရှိသည်။ နတ်ဘုရား ဆရာသခင်အဆင့် တစ်ဝက်ခန့် အသတ်ခံလိုက်ရလေသည်။
နတ်ဘုရား သေနာပတိအဆင့် တစ်ယောက် သေသွားပြီး နတ်ဘုရား သေနာပတိအဆင့် နှစ်ယောက် ထိခိုက်သွားရသည်။
ကောင်းကင်တစ်ခွင်လုံး၌ သွေးများဖြင့် ပျံ့နှံ့နေလေသည်။
သွေးပျက်ဖွယ်ကောင်းလှသည်။
ကမ္ဘာတစ်ခုလုံးသည် သွေးများနှင့် ရဲရဲနီလျက်ရှိ၏။
“သေစမ်း”
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်သည် သူ့လူများ တစ်စစီ ပေါက်ကွဲထွက်သွားရသည်ကို ကြည့်ပြီး ဒေါသစိတ်ကြောင့် မျက်လုံးများ ကျွတ်ကျမတတ် ဖြစ်နေသည်။
“နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံး။ အဲ့ဒါ နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံး မဟုတ်လား။ အဲ့ဒါက ဘယ်လိုုလုပ် ဒီမှာ ရှိနေတာလဲ”
နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံးသည် နတ်ဆိုးများ၏ မှော်စာလုံး ဖြစ်သည်။
နတ်ဆိုးများ ၎င်းတို့၏ အောင်မြင်ကျော်ကြားချိန်သို့ ရောက်ရှိနေခဲ့စဉ်က သူတို့သည် ဂြိုဟ်တစ်ခုလုံးအား နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံးကို သုံး၍ ဖောက်ခွဲခဲ့ဖူးသည်။
သို့သော် နတ်ဆိုးများ မျိုးသုဉ်းနေခဲ့သည်မှာ အချိန်အတော်ကြာလှပြီ ဖြစ်သည်။
နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်ချင်းစီသည် ကြောက်စိတ်ကြောင့် တုန်ယင်လာကြ၏။
အကယ်၍ သူတို့သာ အနည်းငယ် နှေးကွေးခဲ့ပါက သူတို့အားလုံးသည် အခြားသူများကဲ့သို့ နတ်ဆိုး ဖောက်ခွဲခြင်း မှော်စာလုံးကြောင့် သေဆုံးသွားလောက်သည်။
သူတို့၏ ကျဉ်းတည်းကျပ်ထဲမှ လွတ်မြောက်လာမှုက သူတို့အား ခေါင်းမွေးထောင်သွားစေခဲ့သည်။
သို့သော် ထိုစဉ် ဘေးပတ်လည်ရှိ နီရဲနေသော သွေးများကြားထဲမှ ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဘာလို့လဲဆိုတော့ နတ်ဆိုးတွေက မင်းကို သတ်ဖို့ကြိုးစားနေတာလေ”
ရွှစ်!
ထိုထိတ်လန့်ဖွယ်ကောင်းသော အသံအဆုံး၌ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ထိုနတ်ဘုရား ဆရာသခင်အဆင့်၏ ဦးခေါင်းသည်လည်း လွင့်ထွက်သွားလေတော့သည်။
လေတိုးသံနှင့်အတူ များစွာသော နတ်ဆိုးလူများသည် ဘေးပတ်လည်ရှိ သွေးမြူခိုးကြားထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့၏ အေးစက်သော ဓားမော့များက အသက်ရှင်ကျန်သူများအား ခုတ်ပိုင်းလာ၏။
ရွှစ်! ရွှစ်! ရွှစ်!
အသက်ရှင်နေသော နတ်ဘုရား ဆရာသခင်အဆင့်များ တိုက်ခိုက်မှုအား သတိမပြုလိုက်ခင်မှာပင် နှစ်ပိုင်းပိုင်းခံလိုက်ရသည်။
နတ်ဘုရား သေနာပတိများတောင်မှ သဲကြိးမဲကြီး တိုက်ခိုက်မှုမှ အသက်ရှင် ကျန်ရစ်ခြင်း မရှိပေ။
နတ်ဘုရား သေနာပတိအဆင့်တစ်ယောက် သုတ်ခြေတင်ပြေးသွားပြီး မကြာလိုက်ချေ၊ သူ့ဦးခေါင်းအား သူတောင်းစားအိုကြီးက လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားလေသည်။
ထိုစဉ် အခြား နတ်ဘုရား သေနာပတိအဆင့် တစ်ယောက်က သူတောင်းစားအိုကြီးအား ခုတ်ထွင်းရန် ပြင်လာသည်။
ထိုစဉ် သွေးမြူခိုးများကြားမှ ဓားကျိုးတစ်လက်က လှစ်ခနဲ ပျံသန်းလာ၏။
ရွှစ်!
ထိုနတ်ဘုရား သေနာပတိအဆင့်၏ ဦးခေါင်းသည် ပြတ်ထွက်သွားပြီး သွေးများက နေရာအနှံ့သို့ လွင့်စဉ်သွားသည်။
သွေးမြူခိုးများ လွင့်ပြယ်သွားပြီးနောက် ကျန်ရှိနေသော ကမ္ဘာခြားမုဆိုးများသည် မြန်နိုင်သမျှ မြန်မြန် နောက်ဆုတ်ကြလေသည်။
ထိုသို့သော အချိန်၌ သူတို့၌ နတ်ဘုရား သေနာပတိအဆင့် ဆယ်ယောက်နှင့် နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်သာ ကျန်ရှိနေတော့သည်ကို သတိပြုလိုက်မိသည်။
အသက်ရှင်ကျန်ရစ်သူများအားလုံး ဒဏ်ရာဗလပွနှင့် ဖြစ်နေကြသည်။ ထို့အပြင် အသက်ရှင် ကျန်ရစ်သူအားလုံးအား လူသား သိုင်းပညာရှင်များနှင့် မကောင်းဆိုးဝါးများက ဝိုင်းထားကြသည်။
ရန်သူများ၏ လက်မောင်းများနှင့် ချပ်ဝတ်များနှင့် သူတို့၏ ချီဓာတ်များအား ဖုံးကွယ်ပေးထားနိုင်သော တူညီသည့် မှော်စာလုံးများ ရှိနေသည်။
အလွန် နီးကပ်သော အကွာအဝေး၌ ရှိနေလျင်တောင်မှ သူတို့၏ ချီဓာတ်ကို အာရုံခံ၍ ရနိုင်မည် မဟုတ်ချေ။
“အံ့ဩစရာကောင်းလိုက်တာ။ ဘယ်လိုလုပ်”
ကျန်ရစ်နေသော ကမ္ဘာခြားမုဆိုးများ ကြောက်စိတ်ကြောင့် ကတုန်ကယင် ဖြစ်နေသည်။ သူတို့ ရောက်လာခဲ့စဉ်က နတ်ဘုရား သေနာပတိအဆင့် ဆယ့်သုံးယောက်နှင့် နတ်ဘုရား ဆရာသခင်အဆင့် အယောက် နှစ်ရာကျော် ပါလာခဲ့သည်။
သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် နတ်ဘုရား သေနာပတိ သုံးယောက်နှင့် နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်သာ ကျန်ရှိတော့သည်။
*မယုံနိုင်စရာ ကောင်းလိုက်တာ*
ထိုသို့သော အချိန်၌ အသက်ရှင်သူများသည် အလွန်တရာ မုန်းတီးစိတ်များဖြင့် ပြည့်နှက်လျက် ရှိသည်။
သူတို့အားလုံး ယဲ့ဖန်နှင့် သူ၏ နောက်လိုက်များအား ဒေါသတကြီး စိုက်ကြည့်နေကြသည်။
“စောက်ကမ္ဘာမြေသားတွေ၊ နောက်ဆုံးတော့ မင်းတို့ ပေါ်လာပြီပေါ့လေ”
ထို့နောက် အသက်ရှင်နေသူများက ခေါင်းကိုမော့၍ လေထုအလွှာထက်သို့ ဟစ်အော်လိုက်ကြသည်။
“မုဆိုးခေါင်းဆောင် သခင်မ ကျေးဇူးပြုပြီး သူတို့ကို သတ်ပေးပါ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now