Chapter 391

963 109 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

CHAPTER (391) လက်ခြောက်ချောင်း နတ်ဆိုး
ဟဲဟွိုက်သည် ကူလန်ဂြိုဟ်၏ လမ်းကြားလေးတစ်ခု၌ ဂုဏ်ယူနေသော မျက်နှာထားဖြင့် မြောက်ကြွမြောက်ကြွ လျှောက်နေသည်။
လွန်ခဲ့သည့် ရက်အနည်းခန့်က သူ့အား ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်အဖြစ် အသိအမှတ် ပြုခဲ့ပြီး ရာထူးအဆင့်အတန်း မြင့်မားလာသည်ဟူသော အဓိပ္ပာယ်ဖြင့် ကျက်သရေဆောင်အရိုးအား ရရှိခဲ့လေသည်။
သူ့ခါးမှ ကျက်သရေဆောင် အရိုးကို မြင်သည့်သူတိုင်း သူ့အား တအံ့တဩနှင့် လေးစားစွာ ဆက်ဆံကြလေသည်။
ဟဲဟွိုက်သည် အရိုးကို သယ်ဆောင်ထားခြင်းကြောင့် ရရှိလာသည့် ခံစားချက်ကို သဘောကျသည်။
ကျက်သရေဆောင်အရိုးသည် သူ၏ ထင်ရှားသော သင်္ကေတ ဖြစ်သလို သူ့ရာထူးဖြင့် ဖိနှိပ်ညှင်းပန်းနိုင်သည်ဟု သက်သေပြနေသော ပစ္စည်းလည်း ဖြစ်သည်။
ကျက်သရေဆောင်အရိုးနှင့် ရင်ဆိုင်ရသဖြင့် မည်သူမျှ သူ့အမိန့်ကို မနာခံဘဲ မနေရဲချေ။
ထို့နောက် ဟဲဟွိုက်သည် သူ့ခါးမှ ကျက်သရေဆောင်အရိုးကို ထိကြည့်လိုက်သည်။ ထိုသို့သောအချိန်၌ သူ့မျက်နှာက တစ်ခဏမျှ အေးခဲသလို ဖြစ်သွားသည်၊ အဘယ်ကြောင့်ဆိုသော် သူ ဘာကိုမျှ ထိသလို မခံစားလိုက်ရသောကြောင့်ပင်။
*ဘာဖြစ်တာလဲဟ*
ဟဲဟွိုက် မျက်နှာပျက်သွားပြီး ခပ်သွက်သွက် ခေါင်းငုံ့၍ သူ့ခါးကို ငုံ့ကြည့်လိုက်သည်။
ထိုအခါမှသာ သူ၏ ကျက်သရေဆောင်အရိုး ပျောက်သွားပြီး သလင်းကျောက် ကြိုးလေးသာ ယိမ်းထိုးနေသည်ကို သူ သတိပြုမိလိုက်သည်။
ထို့ကြောင့် ဟဲဟွိုက်၏ မျက်နှာက ချက်ချင်း ဖြူရော်လာသည်။
“ငါ့ရဲ့ ကျက်သရေဆောင်အရိုး ဘယ်ရောက်သွားတာလဲ”
ဟဲဟွိုက်သည် တုန်လှုပ်ပြီး ဒေါသတကြီး ရေရွတ်လိုက်မိသည်။ ဘယ်ကိုရောက်သွားသလဲဆိုတာကို သူ စဉ်းစားလို့မရပေ။
ထိုစဉ် လမ်းကြားလေးတစ်ခုလုံး၌ ဆိုးယုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။
ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုကို ဟဲဟွိုက် သတိထားမိလိုက်သည်။ ထိုအရာကား အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ပင်။
မားမားမတ်မတ် ရပ်နေသော အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးသည် အဖြူရောင် လက်ချောင်းရိုး အပိုင်းအစတစ်ခုကို ကိုင်ထားသည်။
ထိုအရိုးအပိုင်းအစလေးကို ကြည့်ရင်း ယဲ့ဖန်သည် သူ၏ မိသားစုဝင်အား ကြည့်နေရသလို ခံစားလာမိသည်။
သူသည် ဆိုးယုတ်သော ချီဓာတ်များအား ဆက်တိုက် ထုတ်လွှတ်နေမိသည်။
“မင်း ဘယ်သူလဲ”
ဟဲဟွိုက်သည် ခက်ထန်သော မျက်နှာထားဖြင့် မာန်မဲလိုက်သည်။
ကူးလန်ဂြိုဟ်ပေါ်တွင် တစ်စုံတစ်ယောက်က ကျက်သရေဆောင်အရိုးကို လုယက်မည်ဆိုပါက ထိုသူ၏ ကလန်တစ်ခုလုံး သုတ်သင်ခံရလိမ့်မည်။
သို့သော် ဘာရယ်ကြောင့်မှန်း မသိသော်လည်း ဟဲဟွိုက်သည် ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို ကြည့်နေရင်း တစ်ဟုန်ထိုး တိုးပွားလာသည့် ဆိုးယုတ်သော ချီဓာတ်များကို ခံစားမိရင်း ထိုလူက လူသား မဖြစ်နိုင်ဘဲ ရှေးဦးသားရဲကောင်သာ ဖြစ်မည်ဟု ခံစားမိနေသည်။
သူ ကြောက်စိတ်မွှန်လာသည်။ ဟဲဟွိုက်၏ အသံကို ကြားသော်လည်း ယဲ့ဖန်က ပြန်မဖြေပေ။
သူသည် စွတ်စွတ်ဖြူနေသော အဖြူရောင် လက်ချောင်းရိုးအပိုင်းအစကိုသာ ပူဆွေးနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
“နတ်ဆိုးရဲ့ လက်ချောင်းရိုး။ ဒါက လက်ခြောက်ချောင်း နတ်ဆိုးရဲ့ အရိုးပဲ”
နတ်ဆိုးဂြိုဟ်ပေါ်၌ နတ်ဆိုးများ သန်းရာနှင့်ချီ၍ ရှိသည်။ သို့သော် ယဲ့ဖန်သည် သူတို့အားလုံး၏ မျက်နှာနှင့် ချီဓာတ်များကို မှတ်မိသည်။
ဤလက်ချောင်းရိုး အပိုင်းအစလေးသည် နတ်ဆိုး စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်သည့် လက်ခြောက်ချောင်း နတ်ဆိုး၏ အရိုးအပိုင်းအစ တစ်ခု ဖြစ်သည်။
လက်ခြောက်ချောင်း နတ်ဆိုးသည် တစ်ချိန်တုန်းက နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲ၊ နတ်ဘုရား သုတ်သင်ခြင်း စစ်ပွဲနှင့် အင်မော်တယ် သုတ်သင်ခြင်း စစ်ပွဲ စသည့် ကြမ်းကြုတ်သော စစ်ပွဲများစွာ၌ ပါဝင်ခဲ့သူ ဖြစ်သည်။
သူသည် သွေးဆာ၍ ရက်စက်တတ်သည်။ သူသည် နတ်ဆိုးများအတွက် ဒဏ်ရာများစွာ ရရှိခဲ့ပြီး နတ်ဆိုးဧကရာဇ်အတွက် သူ့အသက်အား အကြိမ်ကြိမ် စွန့်လွှတ်ခဲ့သူ ဖြစ်သည်။
သို့သော် သူသည် တိုက်ပွဲတိုင်း၌ အသက်ရှင်ခဲ့သည်။ သူ့စိတ်ထဲတွင် နတ်ဆိုးများသည်သာ သူ့ဘဝဖြစ်ပြီး နတ်ဆိုးဧကရာဇ်သည်သာလျင် သူ၏ ယုံကြည်ရာ ဖြစ်သည်။
သို့သော် ဤမျှ သွေးဆာသော နတ်ဆိုး စစ်မှုထမ်းဟောင်းကြီးက နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲ၌ သေဆုံးသွားလိမ့်မည်ဟု ယဲ့ဖန် ဘယ်သောအခါကမှ ထင်မထားခဲ့မိပါ။ သူ၏ အရိုးစုတောင်မှ အပိုင်းပိုင်း ကျိုးပဲ့ကာ လူများစွာထံသို့ ကျက်သရေ ထွန်းတောက်သော သင်္ကေတအဖြစ် လွှဲအပ်ခြင်း ခံနေရသည်။
“သိပ်ကောင်းတဲ့ ဟဲလန်။ သိပ်ကောင်းတဲ့ နတ်ဘုရားကလန်တစ်ခုပဲ”
ယဲ့ဖန်၏ ချီဓာတ်က ပွက်ပွက်ဆူလာသည်။ ဆိုးယုတ်သော ချီဓာတ်ကို ခံစားမိပြီးနောက် ဟဲဟွိုက်တစ်ယောက် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထကာ တုန်ယင်လာသည်။
ထို့နောက် သူသည် ကြောက်လန့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်မိသည်။
“မ …မစ္စတာ၊ ခင်ဗျား ကျွန်တော့ကို ကျက်သရေဆောင် အရိုးလေး ပြန်ပေးလို့ရမလားခင်ဗျ။ ခင်ဗျား လိုချင်တဲ့ ဘယ်အရာမဆို ပေးမယ်လို့ ကျွန်တော် ကတိပေးနိုင်ပါတယ်”
ဟဲဟွိုက် ကြောက်လန့်နေသည်။ သူ၏ ဝမ်းတွင်းအသိကို သူ ယုံကြည်သည်။ ရှေ့၌ ရပ်နေသော လူက သာမန်လူ မဟုတ်မှန်း သူ ရိပ်စားမိနေ၏။
သို့သော် သူ့စကားအဆုံး၌ ယဲ့ဖန်က ရုတ်တရက် ဟဲဟွိုက်ကို စိုက်ကြည့်လာသဖြင့် သူ ကြောက်လန့်ကာ တုန်ယင်သွားသည်။ ဟဲဟွိုက် ဘောင်းဘီတောင် စိုရွှဲတော့မလို ဖြစ်သွားသည်။
ယဲ့ဖန်၏ ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များဖြင့် တောက်ပလျက် ရှိသည်။ သူသည် လူသားတစ်ယောက် ဆိုတာထက် သေချာပေါက် နတ်ဆိုးတစ်ကောင်ပင် ဖြစ်မည်။
“မင်း … မင်း”
ဟဲဟွိုက် ချက်ချင်း နောက်ဆုတ်ကာ တစ်ဘက်လှည့်၍ ထွက်ပြေးချင်လာသည်။
“မင်းက ဒီနတ်ဆိုးရဲ့ အရိုးအပိုင်းအစကို လိုချင်တာလား”
ဟဲဟွိုက်သည် ယဲ့ဖန်၏ ခက်ထန်သော အသံကို ကြားလိုက်ရသည်နှင့် ထိတ်လန့်ကာ ရင်တုန်လာသည်။
ဂလု!
ဟဲဟွိုက် ခေါင်းညိတ်ပြလိုက်သည်။
“ငါ မင်းကို ပြန်ပေးလို့ရတယ်၊ ဒါပေမယ့် သူ ဆန္ဒရှိ၊မရှိဆိုတာကိုတော့ မင်း မေးကြည့်မှရမယ်”
ယဲ့ဖန်က ပြောရင်း သူ့လက်ထဲမှ လက်ချောင်းရိုး အပိုင်းအစကို ညွှန်ပြလာသည်။
*ဘာ*
ဟဲဟွိုက် ကြောင်အသွားသည်။
*အဲ့အရိုးအပိုင်းအစက သဘောတူလား၊ မတူဘူးလားဆိုတာကို မေးကြည့်ရမယ် ဟုတ်လား*
*ဒါ ဖြစ်မှမဖြစ်နိုင်တာ*
စွတ်စွတ်ဖြူနေသော အဖြူရောင် အရိုးသည် သက်မဲ့အရာတစ်ခု ဖြစ်သည်။ ထိုအရိုးက ဘယ်လိုလုပ် အသိစိတ် ရှိနေပါမည်နည်း။
ဟဲဟွိုက်က ယဲ့ဖန်ကို ပြန်ချေပရန် ကြံစည်လိုက်သည်။ ထိုစဉ် ဖျောက်ခနဲ မြည်သံတစ်ခုကို သူ ကြားလိုက်ရသည်။
ထို့နောက် လက်ချောင်းရိုး အပိုင်းအစလေးက တုန်ခါလာသည်ကို ဟဲဟွိုက် မြင်လိုက်ရလေသည်။
ဝုန်း!
ဤမြင်ကွင်းကို ကြည့်ပြီး ဟဲဟွိုက် မှင်တက်သွားသည်။ ထို့ပြင် ထိုလက်ချောင်းရိုး အပိုင်းအစက နတ်ဆိုးချီဓာတ်ကို ထုတ်ဖော်ရင်း လေထဲ မျောလွင့်လာသည်ကို ဟဲဟွိုက် မြင်တွေ့လိုက်ရသည်။
ထို့နောက် တစ္ဆေရိုင်းတစ်ကောင် နိုးထလာသကဲ့သို့ အသက်အရွယ် ရနေပြီး ထိတ်လန့်ဖွယ်ကောင်းသည့် အသံတစ်သံက လက်ချောင်းရိုးထဲမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
“ငါ့ … အရိုး … ငါ့အရိုး …”
လမ်းကြားလေးတစ်ခုလုံး၌ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။ ဤသည်မှာ အစသာ ရှိချေသေးသည်။
ထို့နောက် ထိုစွတ်စွတ်ဖြူနေသော အရိုးဖြူ လက်‌ချောင်းရိုးသည် ယဲ့ဖန်အား တွေ့သွားဟန်ဖြင့် ပြင်းထန်စွာ တုန်ယင်လာသည်။ ၎င်း၌ ကိုယ်ပိုင် အသိစိတ် ရှိနေပုံရသည်။
ထိုစဉ် ခပ်အက်အက် အသံတစ်သံက စိတ်လှုပ်ရှားမှုနှင့်အတူ ညှိုးငယ်စွာ ထွက်ပေါ်လာသည်။
“သ…သခင်ကြီးလား”
ထိုစွတ်စွတ်ဖြူနေသော အရိုးဖြူ လက်‌ချောင်းရိုးသည် အလွန် ထိတ်လန့်ကာ စိတ်လှုပ်ရှားဟန်ဖြင့် ထပ်ပြောလာသည်။
“ခင်…ခင်ဗျားလား”
ထိုအသံသည် အလွန် ပူဆွေးသံပေါက်သော်လည်း ထိုအသံထဲ၌ ယဲ့ဖန်အား နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ဟန်ဖြင့် အလွန် မျှော်လင့်နေဟန်များ ပါဝင်နေသည်။
ဤသည်ကို ကြည့်ပြီး ယဲ့ဖန်သည် တနုံ့နုံ့ ခံစားလာရကာ ပြန်ဖြေလိုက်သည်။
“လက်ခြောက်ချောင်း၊ ငါပါကွာ”

သူ့စကားကို ကြားသည်နှင့် စွတ်စွတ်ဖြူနေသော အရိုးသည် ထိတ်လန့်သွားလေတော့သည်။ ထို့နောက် ထိုအသံက ပို၍ စိတ်လှုပ်ရှားနေသော အသံဖြင့် ဆက်ပြောလာသည်။
“သခင်ကြီး တကယ်ပဲ ခင်ဗျားကိုး။ သခင်ကြီး ကျွန်တော့်နာမည်ကို အခုထိ မှတ်မိနေသေးတယ်နော်”
“ဟားဟား … နောက်ဆုံးတော့ ကျွန်တော် သခင်ကြီးနဲ့ ပြန်တွေ့ရပြီပဲ။ နတ်ဆိုးတွေ သွေးသစ်လောင်း နိုင်တော့မယ်”
လက်ချောင်းရိုးသည် အလွန် ဝမ်းသာပီတိ ဖြစ်လာပြီး ချက်ချင်းပင် ယဲ့ဖန် ခြေထောက်ရှေ့ တည့်တည့်၌ မတ်မတ်ထောင်၍ နှုတ်ဆက်လာသည်။
“သခင်ကြီးကို ဂါရဝ ပြုပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး။ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ဟဲဟွိုက် အလွန် မှင်တက်သွားသည်။ သူ၏ ကျက်သရေဆောင်အရိုး၌ နတ်ဆိုးတစ်ကောင်၏ စိတ်ဝိညာဉ် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
ထိတ်လန့်စရာ အကောင်းဆုံး အချက်သည်ကား ထိုနတ်ဆိုး၏ စိတ်ဝိညာဉ်သည် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏ ရှေ့မှောက်၌ ဝပ်တွားနေသည်ကို မြင်လိုက်ရခြင်းပင်။
*နတ်ဆိုး ဧကရာဇ်တဲ့လား*
“မင်း … မင်းက နတ်ဆိုးဧကရာဇ်လား”
ယခုအချိန်၌ ဟဲဟွိုက်သည် ကြက်သီးတဖြန်းဖြန်း ထကာ ခေါင်းမွေးများပင် ထောင်လာတော့သည်။
ထို့နောက် သူသည် သုတ်သီးသုတ်ပျာဖြင့် အသားကုန် ထွက်ပြေးလေတော့သည်။
*ပြေး၊ပြေး၊ပြေး*
ယခုလိုအချိန်တွင် ဟဲဟွိုက်သည် ကြောက်လန့်ကာ ရူးမတတ် ဖြစ်နေ၏။ သူ ယုံတောင်မယုံနိုင်ချေ။ သူသည် ကြောက်သည်ထက် ပို၍ ကြောက်နေ၏။
နတ်ဆိုး ဧကရာဇ် ပြန်လာပြီဟူသော အဓိပ္ပာယ်သည် နတ်ဘုရားနှင့် နတ်ဆိုးများကြားမှ စစ်ပွဲသည် ပြန်လည်ပေါ်ပေါက်လာမည်ဟု ဆိုလိုနေလေပြီ။
ဟဲဟွိုက် မြန်နိုင်သမျှမြန်မြန် အစွမ်းကုန် ပြေးနေသည်။ သို့သော် ဟဲဟွိုက်၏ အပြုအမူကို ကြည့်ပြီး ယဲ့ဖန်က ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူ့ကိုသွားဖမ်းလိုက်၊ ဒါ ပါးကိုက်နားကိုက်ပဲ”
“ဟုတ်ကဲ့ပါ သခင်ကြီး”
စွတ်စွတ်ဖြူနေသော အရိုးဖြူ လက်‌ချောင်းရိုးသည် လက်ခြောက်ချောင်း နတ်ဆိုး စိတ်လှုပ်ရှား နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အလင်းနှင့်အတူ ပြေးထွက်သွားသည်။
ထို့နောက် ဤသည် ဟဲဟွိုက်အား တစ်ဟုန်ထိုး ဝင်တိုက်လာသည်။ ထိုတိုးသံကို ကြားသည်နှင့် ဟဲဟွိုက် သေမတတ် ကြောက်လန့်လာသည်။
“မဖြစ်ဘူး”
သူ ရှောင်ရှားချင်သည်။ သို့သော် ထိုလက်ချောင်းရိုး အပိုင်းအစက ထင်မှတ်မထားနိုင့် မြန်နှုန်းဖြင့် ရွေ့လျားနေသည်။
ရွှစ်!
လက်ချောင်းရိုး အပိုင်းအစက ဟဲဟွိုက်၏ ကိုယ်ထဲသို့ ဥက္ကာပျံပမာ ထိုးဖောက်သွားသဖြင့် သွေးများ ပန်းထွက်လာ၏။ ထို့အပြင် ဟဲဟွိုက်၏ ပခုံး၌ သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။
သူ၏ လက်ပြင်ရိုး လုံးဝကို ကြေမွသွားလေတော့သည်။
“အား…အား…အား….”
ဟဲဟွိုက် ကြောက်လန့်ကာ တုန်လှုပ်နေသော်လည်း သူ၏ အိပ်မက်ဆိုးကား ယခုမှ စမည်ဖြစ်သည်။ လေတိုးသံများနှင့်အတူ လက်ချောင်းရိုး အပိုင်းအစက သူ့ထံသို့ ဆက်တိုက် ထိုးဖောက်လာသဖြင့် သွေးများ ဆက်တိုက် ပန်းထွက်လာသည်။
တစ်ကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်။
….
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟဲဟွိုက်၏ ကိုယ်၌ သွေးသံတရဲရဲနှင့် အပေါက်များစွာ ဖြစ်ပေါ်လာလေသည်။
ထိုအပေါက်တစ်ခုတိုင်းက ဟဲဟွိုက်၏ အရိုးများ ကျိုးကြေနေသည်ကို ကိုယ်စားပြုနေ၏။
အဆုံးတွင်။
ရွှစ်!
သူ၏ ဦးခေါင်းခွံ ကျိုးကြေသွားချိန်တွင် ဟဲဟွိုက်၏ ကြောက်လန့်၍ စိတ်ဓာတ်ကျနေသော မျက်နှာက ချက်ချင်း တောင့်တင်းသွားသည်။
သူသည် ရေစစ်သဖွယ် ဖြစ်သွားရ၏။ မြေကြီးပေါ် လဲကျသွားပြီးနောက် သူ၏ အရိုးများအားလုံး တစ်စစီ ကျိုးပဲ့သွားလေတော့သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now