Chapter 377

997 110 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (26) CHAPTER (377) သွားစမ်းပါ

ပစိဖိတ်သမုဒ္ဒရာထဲ၌။
နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး ရေထဲသို့ ဆက်တိုက် ငုပ်လျှိုးလာကြသည်။ သူတို့သည် သမုဒ္ဒရာအောက်ခြေသို့ ကူးခတ်လာပြီး ခေလန်နှင့် အခြား ကမ္ဘာမြေသားများ၏ ခြေရာလက်ရာများကို ရှာဖွေနေကြခြင်း ဖြစ်သည်။
ထူးဆန်းလှသည်က သူတို့သည် မည်သည့် ပင်လယ်သားရဲကိုမျှ မဆိုထားနှင့် ငါးသေးသေးလေးများ သို့မဟုတ် ပုစွန်များကိုပင် မတွေ့ချေ။
“ထူးဆန်းတယ်၊ ရေနေ သတ္တဝါတွေ ဘယ်ရောက်ကုန်တာလဲ”
နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး စိတ်ရှုပ်ထွေးကာ မျက်မှောင်ကြုတ်သွားကြသည်။
သူတို့ည် မျက်လုံးများကို မှိတ်၍ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သမုဒ္ဒရာအား ဖြန့်ကျက်၍ ရှာဖွေလိုက်သည်။
*ဟမ်*
စက္ကန့်ပိုင်းအတွင်းမှာပင် နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က မျက်လုံးပြန်ဖွင့်၍ ပြောလိုက်သည်။
“သွားကြစို့၊ ရှေ့နားမှာ အသူတရာနက်တဲ့ သမုဒ္ဒရာချောက် ရှိတယ်။ ကမ္ဘာမြေသားတွေ အဲ့အောက်ခြေမှာ ပုန်းနေတာ ဖြစ်ရမယ်”
သူ့စကားကို ကြားပြီးနောက် ကျန်လူများအားလုံး ထိုသို့ ဖြစ်ရမည်ဟု ယုံကြည်သွားကြသည်။ ထို့နောက် သူတို့သည် ရှေ့နားမှ သမုဒ္ဒရာ ချောက်နက်ဆီသို့ ဦးတည်၍ ကူးခတ်လာကြသည်။
ထိုချောက်သည် မာရီယာနာချောက်ဟု ခေါ်ပြိး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာချောက်နက်များထဲတွင် အနက်ဆုံး ချောက်ဖြစ်သည်။
၎င်း၏ ပင်လယ်ရေ မျက်နှာပြင်အောက် အနက်သည် ဧဝရတ်တောင်၏ အမြင့်ထက် ပို၍ နက်ရှိုင်းသည်ဟု ဆိုကြသည်။
၎င်းချောက်သည် အသူတရာနက်ရှိုင်း၍ အမှောင်ထုနှင့် ဖုံးလွှမ်းနေသည်။
(စကားချပ်။ ။ မာရီယာနာချောက်သည် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းရှိ ကီလိုမီတာ ၂၀၀ ဝန်းကျင် အကွာအဝေးရှိသော မာရီယာနာကျွန်းဆွယ်၏ အရှေ့ဘက်၌ တည်ရှိသည်။ ၎င်းသည် အလျား ၂,၅၅၀ ကီလိုမီတာနှင့် အနံ ၆၉ ကီလိုမီတာ ရှိသည်။ အဆုံးစွန် သိထားကြသော အနက်သည် ၁၀,၉၈၄ မီတာ နက်သည်ဟု ဖော်ပြထားသည်။)
ထို့နောက် သူတို့သည် ချောက်နက်၏ အောက်ခြေသို့ လျင်မြန်စွာ ဦးတည်လာကြသည်။ တစ်ခဏကြာသော် ချောက်၏ အောက်ခြေသို့ သူတို့ ရောက်ရှိလာသည်။
ချောက်၏ အောက်ခြေသည် အလွန် ညစ်ပတ်ပေရေလို့နေ၏။ ကြေးခွံများနှင့် အခွံများနှင့် ပြည့်နှက်နေသဖြင့် ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်သားရဲတစ်သိုက် နေထိုင်ခဲ့သည်မှာ သိသာလှသည်။
“သူတို့ အနီးအနားမှာပဲ ရှိလောက်တယ်”
နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်က စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ပြောလာသည်။
“သူတို့ကို လူခွဲရှာကြ။ ဂူတွေကို လိုက်စစ်ကြည့်ဦး၊ ပင်လယ်သားရဲတွေ အထဲမှာ ပုန်းနေကောင်း ပုန်းနေလောက်တယ်”
သူ့အမိန့်အဆုံးတွင် နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံးက လူခွဲ၍ ထွက်ခွာကြသည်။
မလှမ်းမကမ်းရှိ ဂူတစ်ခုကို သူတို့ ရှာတွေ့သွားကြသည်။ ထိုဂူသည် သွေးဆာနေသော ဧရာမပါးစပ်ကြီးနှင့် ဆင်တူလှပြီး မနှစ်မြို့ဖွယ်ကောင်းလှသည်။
ထိုဂူသည် ရွှံ့နွံများနှင့် ကျောက်ခဲများဖြင့် ဖုံးအုပ်နေသည်။
ဂူ၏ အဝင်ဝ အစွန်း၌ အစွယ်များကဲ့သို့ ဆူးချိတ်များပါသော ကျောက်တုံးများစွာ ရှိနေသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
“ငါးယောက်တစ်ဖွဲ့ အရင်ဝင်လိုက်၊ ကျန်တဲ့လူတွေက အရေးပေါ်အခြေအနေအတွက် အပြင်မှာ နေခဲ့ရမယ်”
နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်လုံး မကြာခင်မှာပင် သဘောတူညီချက် ရရှိသွားသည်။ အဖွဲ့နှစ်ဖွဲ့ပြန်ခွဲ၍ တစ်ဖွဲ့က ဂူထဲ ဝင်သွားသည်။
သူတို့ ဆူးထစ်များပါသော ကျောက်တုံးများ၏ အနောက်သို့ ကျော်လွန် ရောက်ရှိသွားကာ သူတို့ ချက်ချင်း မျက်မှောင်ကြုတ်မိသွားသည်။
“မင်းတို့ ညှီစို့စို့ အနံ့မျိုး ရကြလား”
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်သည် မျက်ခုံးလှုပ်ချင်သလိုလို ခံစားလာရသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူသည် ဒုက္ခတွင်းထဲ ရောက်နေသကဲ့သို့ ရင်တုန်နေသလို ခံစားနေမိသည်။
ထို့နောက် သူသည် ဆူးထစ်များ ပါသော ကျောက်တုံးများအား သတိထား၍ စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကာ ကြက်သီးတဖြန်းဖြန်း ထလာသည်။
“သေစမ်း၊ ဒါ … ဒါ ဂူမဟုတ်ဘူးဟ။ ဒါ နဂါးတစ်ကောင်ရဲ့ ပါးစပ်ပဲ”
*ဘာ*
သူ့စကားကြောင့် ကျန် နတ်ဘုရား ဆရာသခင်အဆင့် လေးယောက်လုံး တစ်ခဏမျှ တွေဝေသွားသည်။ သူတို့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်တွင် ကမ္ဘာတုန်လောက်သည့် မာန်ဖီသံကို ကြားလိုက်ရသည်။
ဂါး။
ရုတ်တရက် ဝင်ပေါက်ပိတ်သွားကာ ဆူးထစ်များပါသော ကျောက်တုံးများပေါ်မှ ရွှံ့စေးနှင့် ကျောက်ခဲများ ကွာကျလာပြီး အလွန် ထက်၍ ဆိုးဝါးလှသော အစွယ်များ ဘွားခနဲ ပေါ်လာ၏။
ဂျွတ်!
နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး အစွယ်များ၏ ထိုးဖောက်ခြင်းကို ခံရလိုက်သည်။
“အား”
ငါးယောက်လုံး အစွယ်များ၏ ထိုးစိုက်ခြင်းကို ခံနေရသဖြင့် သွေးများ ပန်းထွက်လာပြီး မချိမဆံ အော်ဟစ်လိုက်မိသည်။
သို့သော် သည်လောက်နှင့် မပြီးသေးချေ။
ထို့နောက်တွင်မူ နဂါးသည် စတင်၍ ဝါးစားသဖြင့် ငါးယောက်လုံး၏ ခန္ဓာကိုယ်များ အပိုင်းပိုင်း အထစ်ထစ် ဖြစ်သွားရသည်။
ကျွိ! ကျွိ!
သွေးပျက်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
ထို့နောက် နဂါးသည် ဆိုးရွားလှသည့် ခေါင်းပြတ်ငါးခုကို ထွေးထုတ်လိုက်သဖြင့် ထိုခေါင်းပြတ်များသည် ကျန်နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်၏ ရှေ့သို့ လိမ့်ဆင်းလာ၏။
ထိတ်လန့် သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကိုကြည့်ရင်း ကျန်ရှိနေသော နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။
သူတို့လူငါးယောက်၏ ခေါင်းပြတ်ငါးခုကို ကြည့်ရင်း သူတို့ အလွန် သောကရောက်နေသည်။
ဂါး။
သူတို့၏ မျက်စိရှေ့ တည့်တည့်မှ ဂူအဝင်ဝမှ ရုတ်တရက် ရေများ မြင့်တက်လာပြီးနောက် နဂါးတစ်ကောင်၏ ပါးစပ်အသွင်သို့ ပြောင်းလဲသွား၏။
၎င်း၏ တောက်ပနေသော မျက်လုံးများက လက်ဆွဲမီးအိမ်များကဲ့သို့ ကြီးမားလှပြီး ကြမ်းကြုတ်ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေသည်။
“သေစမ်း၊ အဲ့ဒါကို သတ်ကြဟေ့”
ကျန်ရှိနေသော နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး ဒေါသ တထောင်းထောင်းထကာ အနက်ရေင် နဂါးထံသို့ ပြေးဝင်ရန် ပြင်လာကြသည်။
ထိုစဉ် သမုဒ္ဒရာ ချောက်နက်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ လှုပ်ခါလာသည်။ တစ်ခဏကြာသော် ဘေးပတ်လည်မှ ဧရာမ ကျောက်ဆောင်များ အက်ကွဲလာပြီး ငါးမန်းများ၊ ဧရာမ ရေဘဝဲများ၊ သွေးပျက်ဖွယ်ကောင်းသည့် လူသားစား ဝေလငါးများ စသည့် ကြောက်မက်ဖွယ်ကောင်းသည့် ပင်လယ်သားရဲများ ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ပင်လယ်သားရဲ ဆယ့်တစ်ကောင် ပေါ်ပေါ်လာ၏။ ထို့ပြင် သူတို့တစ်ကောင်ချင်းစီသည် သန်မာသည့် ကျင့်စဉ်များ ရှိသည့် မှော်ဝင်သားရဲများ ဖြစ်နေကြသည်။
သူတို့အားလုံးသည် နဂါးနက်ဘုရင်မ၏ လက်အောက်ငယ်သားများ ဖြစ်ကြသည်။
အသက်ဓာတ် ပျော်ရည်များစွာကို စုပ်ယူပြီးနောက် သူတို့အားလုံးသည် မှော်ဝင်သားရဲများ အဖြစ်သို့ ကူးပြောင်းသွားကြသည်။
သူတို့အားလုံးသည် သားသတ်ပွဲ စတင်ရန် အဆင်သင့် ဖြစ်နေကြသည်။
“မဖြစ်ဘူး၊ မြန်မြန် ... မြန်မြန် ပြေးကြဟေ့”
ထိတ်လန့်ဖွယ်ကောင်းသည့် သားရဲများကို မြင်လိုက်ရသည်နှင့် နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
ရေထဲ၌ မှော်ဝင်သားရဲ ဆယ့်နှစ်ကောင်နှင့် ရင်ဆိုင်ခြင်းက နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်အတွက် ကိုယ့်သေတွင်းကိုယ်တူးနေတာနှင့် မခြားနားချေ။
နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး ကြောက်လန့်ကာ မြန်နိုင်သမျှမြန်မြန် ထွက်ပြေးကြလေတော့သည်။
သို့သော် သူတို့ စတင်၍ လှုပ်ရှားလိုက်သည်နှင့် အလင်းရောင် တစ်ချက်က သမုဒ္ဒရာအတွင်း၌ လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားလေသည်။
ရွှစ်! ရွှစ်! ရွှစ်!
သွေးများ ပန်းထွက်လာပြီးနောက် နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး၏ ဘယ်ဘက်ရင်အုံနှင့် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး သူတို့အားလုံး တုန်ယင်သွားကြသည်။
ဓားကျိုးတစ်လက်က ရေထဲ၌ မျောလွင့်နေသည်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
“ကောင်း … ကောင်းကင်လက်နက်”
နတ်ဘုရား ဆရာသခင်အဆင့် ငါးယောက်လုံး ကြောက်လန့်နေစဉ် အသက်ပျောက် သွားလေတော့သည်။ ထို့နောက်တွင် သူတို့၏ အလောင်းများက သမုဒ္ဒရာ ချောက်နက်၏ အောက်ခြေသို့ နစ်မြုပ်သွားသည်။
သို့သော် ဓားကျိုးက ထိုအလောင်းငါးလောင်းကို လျစ်လျူရှုထားသည်။
ရုတ်တရက် နတ်ဆိုးနဂါး ပေါ်ထွက်လာပြီးနောက် သူသည် နဂါးနက် ဘုရင်မထံသို့ အောင်မြင်ဝင့်ကြွားစွာ ချဉ်းကပ်လာသည်။
သူ့ပါးစပ်ထောင့်မှ သွားရည်များကို သုတ်လိုက်ပြီးနောက် သူသည် နဂါးနက် ဘုရင်မ၏ ကိုယ်လုံးအား တင်းကြပ်စွာ ပွေ့ဖက်၍ မဖွယ်မရာ မျက်နှာထားနှင့် ပြောလာသည်။
“ငါ့ရဲ့ နဂါးပျိုမယ်လေး ငါတို့က တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဝေးဝေး တွေ့ဆုံဖို့ ရေစက်ပါလာပြီးသားပဲ။ ဒီက ခံ့ချောနဂါးကြီးအတွက် မင်းနဲ့ ထပ်ဆုံတွေ့ရတာ သိပ်ကောင်းတာပဲ”
“မင်း သိရဲ့လား။ ငါ မင်းနဲ့ ဝေးနေတုန်းက ငါ အရမ်းဝမ်းနည်းခံစားခဲ့ရတယ်ဆိုတာ။ ငါ့ကျန်းမာရေးတောင်မှ ယိုယွင်းလာရတယ်”
“ငါ မင်းကို တမ်းတလွန်းလို့ မျက်တွင်းတောင် ချောင်လာတယ်။ တမ်းတစိတ်က ငါ့ကို ဆက်တိုက် မာစတာဘိတ်အောင် ဖိအားပေးနေခဲ့တာကိုး”
“ဟူး နတ်ဆိုး ယဲ့ဖန်နောက် လိုက်ပြီးမှပဲ ငါ တကယ် ပျော်ရွှင်လာရတော့တယ်”

သူ့စကားကြောင့် ဘေးပတ်လည်မှ ပင်လယ်သားရဲ ဆယ့်တစ်ကောင်လုံး အူကြောင်ကြောင် ဖြစ်သွားကြသည်။
*နဂါးပျိုမယ်လေးတဲ့လား*
မှော်ဝင်သားရဲများအားလုံး သူတို့ဘုရင်မ၏ မနှစ်မြို့ဖွယ်ကောင်းလှသော မျက်နှာကိုကြည့်ရင်း ပါးစပ်ရွဲ့ချင်သလိုလို ဖြစ်လာရသည်။
သူတို့မျက်လုံးထဲတွင် နတ်ဆိုးနဂါးသည် ကန်းနေရုံသာမက ဉာဏ်လည်း ထိုင်းလှသည်ဟု ထင်မြင်မိကြသည်။
ထိုသို့သော အချိန်တွင် ဓားကျိုးက နဂါးနက်ဘုရင်မအား မဖွယ်မရာ ပွတ်သပ်ခြင်း ပြုလာ၏။
*အာ တော်စမ်းပါကွာ*
မှော်ဝင်သားရဲ ဆယ့်တစ်ကောင်လုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဒါ မဖွယ်မရာ ပြုလုပ်နေတာပဲ*
*ဓားကျိုးက နဂါးနက် ဘုရင်မကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အပြုအမူတွေ လုပ်နေတယ်*
အံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းက မှော်ဝင်သားရဲများကို အလွန် ထိတ်လန့်သွားစေခဲ့သည်။
ထိုသို့သော အချိန်တွင် နဂါးနက် ဘုရင်မ၏ မျက်နှာက မည်းလာလိုက်၊ နီလာလိုက်၊ ပြာနှမ်းလာလိုက်နှင့် ထို့နောက် ထပ်မံ၍ မည်းနက်လာသည်။
နောက်ဆုံးတွင် သူမ ဒေါသတကြီး ထအော်လေတော့၏။
“သွားစမ်းပါ”
သမုဒ္ဒရာ ချောက်နက်တစ်ခုလုံး ယိုယွင်းမတတ် ဖြစ်လာပြီး ပစိဖိတ် သမုဒ္ဒရာသည် လှိုင်းထလာကာ ဧရာမ ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်လာရတော့သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now