Chapter 392

967 116 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

CHAPTER (392) နတ်ဆိုးတွေကို သတ်ခဲ့တဲ့သူတွေအားလုံး သွေးကြွေးပြန်ဆပ်ရမည်

လက်ခြောက်ချောင်း မိစ္ဆာ၏ စိတ်ဝိညာဉ် နိုးထလာပြီးနောက် ကူးလန်ဂြိုဟ် အနှံ့အပြားမှ ဟဲကလန် ဂိုဏ်းသားများ၏ ကျက်သရေဆောင် အရိုးက ဖျတ်ခနဲ လင်းလာပြီး လှုပ်ခါသွားသည်။
ဟဲကလန်ဂိုဏ်းသား တစ်ဖွဲ့သည် ထမင်းစားဆောင်၌ ညစာစားလျက် ရှိနေသည်။
“အာ၊ မင်းတို့ ခံစားမိကြလား။ ငါ့ရဲ့ ကျက်သရေဆောင်အရိုးက အခုလေးတင် လှုပ်သွားသလားလို့”
ဂိုဏ်းသားတစ်ယောက်က အခြားသူများအား ဇဝေဇဝါဖြင့် မေးလိုက်သည်။
သူ့စကားကြောင့် အခြား ကလန်၏ တိုက်ရိုက်မျိုးဆက်များက တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူတို့အားလုံး ဟားတိုက်ရယ်မောကြလေသည်။
“ဟဟ … ဟဲရှန် မင်း မူးနေတာပဲ ဖြစ်မယ်။ ကျက်သရေဆောင် အရိုးတွေက သက်မဲ့တွေလေကွာ၊ ဘယ်လိုလုပ် လှုပ်နိုင်မှာလဲ”
“ဟုတ်တယ်၊ ငါတို့ရဲ့ အရိုးတွေက သေသွားတဲ့ နတ်ဆိုးတွေရဲ့ အကြွင်းအကျန်တွေပဲ။ သူတို့သာ လှုပ်ရှားလို့ရတယ်ဆိုရင် ငါတို့ သေနေလောက်ပြီ”
“ဟီးဟီး ဟဲရှန် မင်းက အရက်ဂျိုး မဟုတ်ဘူးလား။ ဘယ်လိုလုပ် နည်းနည်းလေးသောက်ပြီး မူးနေရတာလဲ”
….
ယခုအချိန်တွင် အခြားသော ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်များက ထိုလူငယ်လေးအား ပြက်ရယ်ပြုလာကြသည်။
သို့သော် သူတို့စကားကို ကြားပြီးနောက် ဟဲရှန်က မျက်မှောင်ကြုတ်၍ သူ့ခါးမှ ကျက်သရေဆောင်အရိုးကို စိုက်ကြည့်လိုက်သည်။
အရိုးအပိုင်းအစလေးက တုပ်တုပ်တောင် မလုပ်သည်ကို အတည်ပြုပြီးမှ ဟဲရှန် စိတ်အေးသွားသည်။
“သေစမ်း၊ နည်းနည်းလေး သောက်ပြီး ငါ့ကိုယ်ငါ အရူးလုပ်နေမိလိမ့်မယ်လို့တောင် ထင်မထားမိဘူး”
ဟန်ရှန်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းနေသည်။
ထို့နောက် သူက ခွက်ကိုကောက်ကိုင်၍ အခြားသူများနှင့် ဆက်သောက်နေလိုက်သည်။ တစ်ခွက်ပြီး တစ်ခွက် မော့နေကြ၏။
ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်များသည် ပို၍ စိတ်အားတက်ကြွလာပြီး သူတို့၏ မျက်နှာများက နီမြန်းလာသည်။
“ဟားဟား … နတ်ဆိုးတွေက ကြောက်စရာကောင်းပြီးတော့ အင်အားကြီးတယ်လို့ သူတို့တွေက ပြောကြတာပဲ။ ငါကတော့ သူတို့က သာမန်ပဲလို့ ထင်တာပဲ”
လူငယ်တစ်ယောက်က အရက်မူးနေဟန်ဖြင့် ပြောရင်း သူ၏ ကျက်သရေဆောင်အရိုးကို ဖြုတ်၍ စားပွဲပေါ် ကောက်တင်လိုက်သည်။
“မင်းတို့ မြင်ကြလား။ နတ်ဆိုးတွေက ဘယ်လောက်ပဲ အင်အားကြီးပါစေ သူတို့ရဲ့ အရိုးတွေက ငါတို့ဘိုးဘေး ဟဲလန်ကြောင့် တစ်စစီ ကျိုးပဲ့ပြီး ငါတို့ရဲ့ ဆွဲသီးလေးတွေ ဖြစ်သွားတာပဲ”
“ဟုတ်ပါ့ကွာ”
ဟဲကလန်၏ အခြားဂိုဏ်းသားတစ်ယောက်ကလည်း ရယ်ရယ်မောမောနှင့် သဘောတူလာသည်။
သူသည်လည်း သူ၏ ကျက်သရေဆောင်အရိုးအား မြေကြီးပေါ် ဗြုန်းခနဲ ပစ်ချ၍ စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ပြောလာသည်။
“နတ်ဆိုးတွေက သာမန်ပဲ။ နတ်ဆိုးဧကရာဇ်ကလည်း သေသွားပြီ။ နတ်ဆိုးတွေ အားလုံး လူစုကွဲနေကြပြီ။ အခု နတ်ဘုရားတွေက စကြဝဠာကြီးကို အုပ်စိုးနေကြပြီ”
“အမှန်ပဲ”
ဟဲကလန်၏ အခြားဂိုဏ်းသားများကလည်း သူတို့၏ ကျက်သရေဆောင်အရိုးများကို စားပွဲပေါ် ပစ်တင်ရင်း မူးမူးရူးရူးနှင့် ပြောလာသည်။
“နတ်ဘုရားတွေက စကြဝဠာကြီးရဲ့ အုပ်ချုပ်သူပဲ။ နတ်ဆိုးတွေက အရှုံးသမားတွေပဲ”
“ဟားဟား … ရယ်ချင်စရာ အကောင်းဆုံး အပိုင်းက ‘နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး’ ဆိုတဲ့ စကားပဲကွ။ အဲ့စကားကြောင့် ငါ့မှာ ရယ်လိုက်ရတာ အူတောင်နာတယ်”
“ဟက် ငါတို့ဘိုးဘေး ဟဲလန်လို ငါလည်း နတ်ဆိုးတွေကို သတ်ရဖို့ မျှော်လင့်တယ်ကွာ။ အဲ့ဒါက ငါ့ကို ကျော်ကြားလာအောင် လုပ်ပေးနိုင်တယ်”

ဂိုဏ်းသားများက မောက်မာသော အမူအရာဖြင့် နတ်ဆိုးများအား သတ်ရသည်မှာ ပုရွက်ဆိတ်များကို သတ်ဖြတ်သကဲ့သို့ လွယ်ကူလှဟန်ဖြင့် ပြောနေကြသည်။
ဝီ!
ထိုစဉ် သူတို့သည် ဝီခနဲ အသံကို ကြားလိုက်ရပြီး သူတို့အားလုံး မှင်တက်သွားကြသည်။
ထို့နောက် သူတို့သည် သူတို့၏ အရိုးအပိုင်းအစများက အသက်ရှိနေသကဲ့သို့ တုန်ခါနေသည်ကို မြင်လိုက်ကြရသည်။
ဟဲကလန်ဂိုဏ်းသားများ ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
သူတို့အားလုံး ချက်ချင်း အမူးပြေသွားကြသည်။
“အဲ့ဒါတွေက လှုပ်နေတယ်။ အဲ့ဒါ … အဲ့ဒါတွေက တကယ်ပဲ လှုပ်နေတယ်ဟ”
ဂိုဏ်းသားများ မယုံနိုင်သလို ဖြစ်သွားကြသည်။ ထို့နောက် သူတို့သည် ပုံရိပ်ယောင်ထဲ ပိတ်မိနေသည်ဟု ထင်သွားကြသည်။
သို့သော် ရူးချင်စရာကောင်းလှသည့် အဖြစ်ကား မပြီးသေးချေ။
ထို့စဉ် အနက်ရောင် ဝတ်စုံနှင့် လူစိမ်း အမျိုးသားတစ်ယောက် အခန်းထဲ ရောက်နေသည်ကို သူ သတိထားမိသွားသည်။
ထို့နောက် သူ ချက်ချင်း မျက်နှာပျက်သွားကာ အော်ဟစ်လိုက်သည်။
“မင်း … မင်းဘယ်သူလဲ”
ဟဲလန်သည် ထိုလူငယ် ဝင်လာသည်ကို သူ သတိမထားမိခဲ့သဖြင့် ထိတ်လန့်သလို ဒေါသလည်း ထွက်သွားသည်။
သူ့စကားများက အခြား ဟဲကလန် ဂိုဏ်းသားများအား ချက်ချင်း သတိပေးသလို ဖြစ်သွားသည်။
ချွင်ခနဲ အသံနှင့်အတူ သူတို့အားလုံးသည် ဆိုးယုတ်သော မျက်နှာထားများဖြင့် ထိုလူငယ်အား စိုက်ကြည့်ကာ ဓားအိမ်ထဲမှ ဓားများကို ဆွဲထုတ်လိုက်ကြသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူတို့အားလုံး ကြက်သီးတဖြန်းဖြန်းထကာ ကြောက်စိတ်ဝင်၍ တုန်ယင်လာကြသည်။
“ငါလား”
ယဲ့ဖန်က ခက်ထန်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“ငါက မင်းတို့ ပါးစပ်ကနေ ပြောနေတဲ့ နတ်ဆိုးလေ”
*ဘာ*
သူ့စကားကို ကြားပြီးနောက် ဟဲလန်၏ ဂိုဏ်းသားများ အလွန် ကြောက်လန့်သွားကြသည်။
ထိုစဉ် ယဲ့ဖန်က တစ်ဘက်လှည့်၍ စားပွဲပေါ်မှ နတ်ဆိုးများ၏ အရိုးအပိုင်းအစများကို စိုက်ကြည့်လာသည်။ ထို့နောက် သူက စိတ်အားငယ်၍ အတိတ်ကို တသသဖြစ်နေသော အသံဖြင့် ကြွေးကြော်လိုက်သည်။
“ငါ့ရဲ့ အစေခံတွေ၊ အိမ်ပြန်ဖို့ အချိန်ကြပြီ”
ထိုစကားသည် ငရဲတံခါးဝအား ဖွင့်လိုက်သလိုပင်။ တဖျောက်ဖျောက် မြည်သံနှင့်အတူ စားပွဲပေါ်မှ အရိုးအပိုင်းအစများ ထပ်၍ တုန်ခါလာသည်ကို ဟဲကလန်ဂိုဏ်းသားများ မြင်တွေ့လိုက်ရသည်။
ထို့အပြင် အနက်ရောင်ချီဓာတ်များက ထိုနတ်ဆိုးများ၏ အရိုးအပိုင်းအစများမှ ထွက်ပေါ်လာသည်။
ထိုစဉ် သူတို့သည် အလွန် ကြောက်မက်ဖွယ်ကောင်း၍ ဩရှရှနှင့် တက်ကြွနေသော အသံများကို ကြားလိုက်ရသည်။
“သ…သခင်ကြီးလား။ ဟားဟား ငါ့သခင်ကြီး ပြန်လာပြီကွ”
“သခင်ကြီး နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပဲ။ ကျွန်တော်က သွေးစွန်း ဝိညာဉ်ပါ”
“အိမ်ပြန်မယ်။ ငါတို့ နောက်ဆုံးတော့ အိမ်ပြန်နိုင်ပြီကွ။ ငါတို့သခင်ကြီး ရှိနေသရွေ့ ဘယ်နေရာမှာမဆို ငါတို့အတွက် အိမ်ဆိုတာ ရှိစမြဲပဲကွ။ ဟားဟား ….”
အသံတစ်သံချင်းစီက ငရဲမှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာဟန်ရပြီး အခြားသူများအား ကြောက်လန့်ကာ အော်ဟစ်သွားစေသည်။
ထို့အပြင် နတ်ဆိုးများ၏ အရိုးအပိုင်းအစများ တစ်ခုနှင့်တစ်ခု ပေါင်းစပ်နေသဖြင့် ဖျစ်ဖျစ် ဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်လာသည်ကို မြင်နေ၊ ကြားနေရသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် အရိုးစု လေးခု ဖြစ်တည်လာ၏။ ဒုန်းခနဲ အသံနှင့်အတူ သူတို့အားလုံးသည် ယဲ့ဖန်ရှေ့ ဝပ်တွားသွားကြသည်။
“ကျွန်တော် လက်ခြောက်ချောင်း နတ်ဆိုးက သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“ကျွန်တော် နတ်ဆိုး သွေးစွန်းဝိညာဉ်က သခင်ကြီးကို ဂါဝရပြုပါတယ်”
“နတ်ဆိုးတွေက မသေနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
“မြေကမ္ဘာ နတ်ဆိုး ….”
“စိတ်ဝိညာဉ် ဖမ်းဆီးခြင်း နတ်ဆိုး ….”
အရိုးစုလေးခုလုံးက အလွန် ရူးသွပ်၍ လေးစား နေပုံပေါ်သည်။ သူတို့၏ စကားသံများကို ကြားပြီး အခန်းထဲမှ ဟဲကလန်ဂိုဏ်းသားများ ခေါင်းထဲ ဝီခေါ်သွားသည်။
သူတို့ အသက်ရှိနေပါလား။
သူတို့၏ နတ်ဆိုးအရိုးများက သူတို့၏ စိတ်ဝိညာဉ်များ ပြန်လည်ရှင်သန်စေပြီး နတ်ဆိုး လေးကောင်အား ဖြစ်တည်လာစေသည်။
ထို့နောက် သူတို့အားလုံး အနက်ရောင်ဝတ်စုံနှင့် လူငယ်ရှေ့မှောက်၌ ဒူးထောက်လိုက်ကြသည်။
ဟဲကလန်သားတိုင်း လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြသည်။
နတ်ဆိုးဧကရာဇ်တဲ့။
သူက နတ်ဆိုးဧကရာဇ်တဲ့လား။
“ပြေး”
ချက်ချင်းဆိုသလိုပင် ဟဲကလန်၏ ဂိုဏ်းသားတိုင်း သူတို့ ကပ်ဘေးထဲ ရောက်နေသည်ကို သတိထားမိသွားသည်။
ထို့နောက် သူတို့သည် အခန်းထဲမှ သုတ်ခြေတင် ပြေးလေတော့သည်။ သူတို့သည် နတ်ဆိုးများနှင့် မတိုက်ခိုက်ရဲသလို တိုက်ခိုက်လိုစိတ်လည်း မရှိချေ။
ထိုစဉ် ယဲ့ဖန်၏ မျက်လုံးများက အေးစက်စက် အလင်းတန်းများဖြင့် တောက်ပလာပြီး အမိန့်ပေးလိုက်သည်။
“အစုလိုက် အပြုံလိုက် သုတ်သင်ပွဲကြီး စကြရအောင်”
“ဟုတ်ကဲ့ပါ သခင်ကြီး”
ပြင်းထန် ကြမ်းကြုတ်သော ချီဓာတ်နှင့်အတူ အရိုးစု လေးစုသည် လှစ်ခနဲ ပျောက်ကွယ်သွားသည်။
“မလုပ်ပါနဲ့”
ဟဲရှန်သည် သူ့အား ပြင်းထန်သော ချီဓာတ်က ဖုံးလွှမ်းလာသလို ခံစားလိုက်မိပြီးနောက် လက်ချောင်း ခြောက်ချောင်းပါသော အဖြူရောင် လက်ဝါးတစ်ချက်က သူ့ဦးခေါင်းထက်သို့ ဦးတည်လာသည်ကို သတိပြုလိုက်မိသည်။
ရွှစ်!
သူ၏ ဦးခေါင်းသည် ထိုအဖြူရောင် လက်ဝါးစုအောက်၌ ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားသည်။
အလောင်းက လဲကျသွားတာတောင်မှ ဟဲရှန်၏ မျက်လုံးက ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသေးသည်။
သို့သော် အစုလိုက် အပြုံလိုက် သုတ်သင်ပွဲကြီးကား ယခုမှ စမည်ဖြစ်၏။
ဂျွတ်ခနဲ အသံနှင့်အတူ နောက်ထပ် ဟဲကလန်၏ တိုက်ရိုက်မျိုးဆက်တစ်ယောက် တစ်စစီ ဖြစ်သွားပြီး သွေးများ ပန်းထွက်သွားသည်။
တစ်ချိန်တည်းမှာပင် မြေကမ္ဘာနတ်ဆိုးက ဟဲကလန်၏ ဂိုဏ်းသားနှစ်ယောက်အား ကြမ်းပြင်ပေါ် ဖိချထားလိုက်သည်။
ထို့နောက် သူ၏ ကြီးမားသော အရိုးဖြူ ခြေဖဝါးဖြင့် ထိုဂိုဏ်းသားများအား နင်းခြေလိုက်လေသည်။
ဂျွတ်! ဂျွတ်!
သူတို့၏ အရိုးများ ချက်ချင်းဆိုသလို အက်ကွဲသွားသည်။
….
သတ်ဖြတ်သူများ။
ဤသည်ကား လက်စားပြန်ချေသည့် သွေးဆာနေသော သတ်ဖြတ်ပွဲကြီးပင်။
ဟဲကလန်၏ ဂိုဏ်းသားများ ကြောက်လန့်၍ စိတ်ဓာတ်ကျကာ ဆိုးရွားစွာ သေဆုံးသွားခဲ့ကြသည်။
စက္ကန့်ပိုင်းမျှ အကြာတွင်တော့ အခန်းထဲ၌ ကိုယ်လက်အင်္ဂါ မစုံလင်သော အလောင်းများသာ ကျန်ရစ်ခဲ့တော့သည်။
သွေးပျက်ဖွယ်ကောင်းသည့် သားသတ်ရုံကြီးအလား ထင်မှတ်ရသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ပြုံးကာ ပြောလိုက်သည်။
“သွားကြစို့ နတ်ဆိုးတွေကို သတ်ခဲ့သမျှ သူတွေအားလုံး အကြွေးပြန်ဆပ်ချိန်တန်ပြီ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now