Chapter 330

1K 120 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (330) ပိုင်ယီ၊ ပိုင်ယီ

တောအုပ်ထဲမှ မြင်ကွင်းသည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။
တရှဲရှဲ မြည်သံနှင့်အတူ ပျော့ပျောင်း နွဲ့ယဉ်ပြီး ကျက်သရေရှိသော ဒါဇင်နှင့်ချီသည့် မိန်းမပျိုများစွာတို့သည် တောအုပ်ထဲမှ ထွက်လာကြသည်။
သူတို့အားလုံးသည် အလွန်လှပကြပြီး အားလုံးက ပုံသွင်းထားသကဲ့သို့ မျက်နှာကျနှင့် အပြုအမူများပါ တူညီနေကြသည်။
ထိတ်လန့်စရာ အကောင်းဆုံးအချက်သည်ကား သူတို့အားလုံးက ဒဏ္ဍာရီလာအဆင့်များ ဖြစ်နေ ကြခြင်းပင်။ စုစုပေါင်း ဒဏ္ဍာရီလာအဆင့်များ ဒါဇင်နှင့်ချီ၍ ရှိနေသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ပုံစံအား မြင်လိုက်မိသည့် မည်သူမဆို ချက်ချင်း ကြက်သီးမွေးညင်း ထသွားလောက်သည်။
ဒဏ္ဍာရီလာအဆင့်များ၏ အရေအတွက်သည် နှစ်နှစ်ရာကျော် သမိုင်း၌ တည်ရှိခဲ့သည့် ဓားသမားဂိုဏ်းနှင့်တောင်မှ ယှဉ်နိုင်နေပြီ ဖြစ်သည်။
သို့သော် သူတို့အားလုံးသည် အချစ်နာကျသော၊ ပြုံးနေသော၊ မကျေမနပ်ဖြစ်နေသော နှင့် ဒေါသထွက်နေသော ပိုင်ယီ ဖြစ်နေကြသည်။
သူတို့ကို မြင်လိုက်သည့် မည်သူမဆို မျက်စိပြာသွားလောက်သည်။ ဤသည်ကို မြင်ပြီး ယဲ့ဖန်၏ မျက်နှာက တင်းမာသွားကာ ရေရွတ်လိုက်သည်။
“ကိုယ်ပွားကောင်တွေ”
သည်လောက် အံ့ဩဖွယ်ကောင်းသော တည်ရှိမှုမျိုးအား ကမ္ဘာပေါ်၌ မြင်တွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ရှေးခေတ်နှင့် အံ့ဩဖွယ်ကောင်းသော ခေတ်ပြိုင်ခေတ်များ၌ ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် ဆယ်မျိုးအပြင် ထိုထက် သာလွန်သည့် ပို၍ ဆန်းကြယ်သော ခန္ဓာကိုယ်များစွာ စကြဝဠာထဲ၌ အများအပြား ရှိသေးသည်။
ထိုခန္ဓာကိုယ်များထဲမှ တစ်ခုသည် သန့်စင်သော ကိုယ်ပွား ခန္ဓာကိုယ်ဖြစ်သည်။
အစပိုင်းတွင် ဤခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသည့် သူသည် သာမန်လူမျှသာ ဖြစ်သည်။ သို့သော် ထိုခန္ဓာကိုယ်ပိုင်ရှင်သည် သူမ၏ သန့်စင်သော ကိုယ်ပွား ခန္ဓာကိုယ်အား နိုးထပြီးသွားလျင်တော့ သူမသည် မူလကိုယ်နှင့် တူညီသော လူများစွာတို့ကို ပွားထုတ်နိုင်သည်။
ထို့ပြင် သူတို့၏ စိတ်များသည် တစ်စိတ်တည်း တစ်ဉာဏ်တည်းပင်။ သူတို့၏ တိုက်ပွဲဝင် ခွန်အားများက မူလ ခန္ဓာကိုယ်နှင့် မယှဉ်နိုင်သော်လည်း တစ်ယောက်နှင့် တစ်ယောက် မပြောဘဲ သိသာစွာ အတူတကွ အကြိမ်ပေါင်းများစွာ ပူးပေါင်း၍ တိုက်ခိုက်လျင် သူတို့၏ စုပေါင်း တိုက်ပွဲဝင်ခွန်အားကို တိုးမြှင့်နိုင်သည်။
သူတို့သည် မည်သူ့ကိုမဆို အနိုင်ပိုင်းနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် စစ်တပ်ကြီးနှင့် သဏ္ဌာန်တူနေသည်။
ယဲ့ဖန် တစ်ချိန်တုန်းက ကမ္ဘာဦး စကြဝဠာခေတ်က ထိပ်သီး ဘုရင်မတစ်ပါးဖြစ်သည့် ကမ္ဘာဦးဘုရင်မ အကြောင်း သိခဲ့ရသည်။
သူမသည် ကိုယ်ပွား တစ်သောင်းပါသည့် စစ်တပ်ကို ဖွဲ့စည်းခဲ့သည်။ သူတို့သည် စကြဝဠာအနှံ့၌ ပြိုင်ဘက်ကင်းပြီး နတ်ဘုရားများကို ရှင်းလင်း၍ အင်မော်တယ်များကို သုတ်သင်ခဲ့သည်။
နံပါတ်တစ် ဘုရင်မသည် ကမ္ဘာဦး စကြဝဠာအား နှစ် မီလီယံချီ၍ အုပ်စိုးခဲ့သည်။ သူမ သေသွားပြီးသည့် အခါမှသာ နတ်ဘုရားမနှင့် အင်မော်တယ်များ ပြန်လည် ဦးမော့လာခဲ့ပြီး သူတို့၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်ခဲ့သည်။
ယဲ့ဖန်သည်လည်း သူ၏ အောင်မြင် ကျော်ကြားချိန်တွင်တောင်မှ အရွယ်ရောက်ပြီးသား သန့်စင်သော ကိုယ်ပွားခန္ဓာကိုယ်ကို ကြောက်ရွံ့သည်ဟု ဆိုနိုင်သည်။
သို့သော် ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် ဆယ်မျိုးအပြင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ဆန်းကြယ်သော ခန္ဓာကိုယ်က ကမ္ဘာပေါ်၌ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
“ယဲ့ဖန် ရှင် အရမ်း ရက်စက်တာပဲ၊ ဘာလို့ ရှင် ကျွန်မကို သတ်တာလဲ။ ကျွန်မက ပိုင်ယီလေ”
ထိုစဉ် ကိုယ်ပွားတစ်ယောက်က မျည်ရည်များဖြင့် ပြည့်နှက်နေပြီး မျက်ဝန်းများဖြင့် ယဲ့ဖန်အား အလွန် ဝမ်းနည်းစွာနှင့် မကျေမနပ် ပြောလာသည်။
သူမ ယဲ့ဖန်သို့ တစ်လှမ်းပြီး တစ်လှမ်း လှမ်းလာစဉ်တွင် သူမ မျက်နှာလေးသည် သနားချင့်စဖွယ် မျက်နှာလေးဖြင့် ဖြစ်နေသည်။
သို့သော် သူမ ယဲ့ဖန်နားသို့ နီးကပ်လာသည်နှင့် သူမသည် သူမ၏ အင်္ကျီစထဲမှ အေးစက်သော အလင်းတန်းတစ်ခုအား ယဲ့ဖန်၏ လည်ပင်းထံသို့ ပစ်လွှတ်လိုက်သည်။
ရွှစ်!
သူမ၏ အေးစက်သော ဓားမော့အား ဝှေ့ယမ်းလိုက်စဉ်တွင် သူမ အသံတစ်ခုကို ကြားလိုက်ရပြီး လက်တစ်ဘက်က သူမ၏ နဖူးအလယ်တည့်တည့်သို့ ရက်စက်စွာ ထိုးဖောက်သွားသည်။
တောက်! တောက်!
ရဲရဲနီနေသည့် သွေးစက်များက ပိုင်ယီ၏ နဖူးအလယ်တည့်တည့်မှ စီးကျလာပြီး သူမ၏ လှပသော မျက်ဝန်းလေးသည် ဝိုင်းစက်လို့နေပြီး အတောမသတ်နိုင်သော ဝမ်းနည်း ကြေကွဲမှုတို့နှင့် ဖုံးလွှမ်းလို့နေသည်။
ထိုစဉ် ယဲ့ဖန်၏ မျက်လုံးများက အေးစက်လာပြီး သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သည်။ ဂျွတ်ခနဲ အသံနှင့်အတူ ဒဏ္ဍာရီလာအဆင့်တစ်ယောက်၏ မူလ သလင်းကျောက်က သူ့လက်ထဲ ပါလာ၏။
အလောင်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ဒဏ္ဍာရီလာအဆင့်၏ မူလသလင်းကျောက်ကို မျိုချလိုက်ပြီးနောက် ယဲ့ဖန်က အေးတိအေးစက်နှင့် ပြောလိုက်သည်။
“မင်း တော်‌တော်ဆိုးတာပဲ၊ မင်းက ကိုယ်ပွားဆိုတာကို ခုနက ငါ မခန့်မှန်းနိုင်ဘူးဆိုရင် ငါ သေနေလောက်ပြီ”
သာမန်လူတစ်ယောက်ကသာ မိသားစုဝင်ထဲမှ ကိုယ်ပွားတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရပါက သူတို့ သေချာပေါက် သေသွားလောက်သည်။
စိတ်မကောင်းစရာက ယဲ့ဖန်သည် သန့်စင်သော ကိုယ်ပွားခန္ဓာကိုယ်နှင့် ကိုယ်ပွားများကို ကောင်းကောင်းကြီး သိနေခြင်းပင်။
“သေလိုက်တော့”
ထိုစဉ် ပိုင်ယီ၏ မျက်နှာက တင်းမာလာသလို သူမ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်လာပြီး ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။
ထို့အတူ သူတို့သည် ယဲ့ဖန်၏ အရေးပါသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား သူတို့၏ ထက်လှသော အေးစက်သည့် ဓားမော့များဖြင့် ခုတ်ပိုင်းလိုက်သည်။
ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့် ကိုယ်ပွားများသည် မပြောဘဲ အလိုက်သတိ ပူးပေါင်းနိုင်စွမ်းရှိသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားနှင့်ဆိုလျင် သူတို့သည် နတ်ဘုရားတစ်ပိုင်း အဆင့်များကိုပင် အနိုင်ယူနိုင်သည်။
စိတ်မကောင်းစရာက သူတို့ ယဲ့ဖန်နှင့်မှ လာဆုံရခြင်းပင်။
“သေလိုက်တော့”
ယဲ့ဖန်သည် သေမင်းနတ်ဘုရားကဲ့သို့ ရက်စက်၍ အကြင်နာကင်းသော မျက်လုံးများနှင့် ကြုံးဝါးလိုက်သည်။ တစ်ချက်ချင်းစီတိုင်း၌ သူသည် ကိုယ်ပွားတစ်ယောက်၏ နဖူး အလယ်တည့်တည့်အား ထိုးဖောက်သွားသည်။
ထို့နောက် သူသည် သူတို့၏ မူလ သလင်းကျောက်များကို တစ်ခုပြီးတစ်ခု ကောက်ယူ၍ ချက်ချင်း ဝါးစားလိုက်သည်။
မသေဆုံးခင် အချိန်၌ ကိုယ်ပွားများသည် အလွန် နာကျင်စွာ အော်ဟစ်ကြရသည်။
“ယဲ့ဖန် ရှင် အရမ်း ရက်စက်တာပဲ။ ရှင်က အသည်းခွဲတဲ့သူ”
“ယဲ့ဖန် ရှင် ဘာလို့ ကျွန်မကို သတ်ရတာလဲ။ ကျွန်မက ရှင့်ကို သိပ်ချစ်တာလေ”
“ဖန် ရှင် တကယ်ပဲ ကျွန်မကို ထားသွားတော့မလို့လား။ ဘာလို့ ကျွန်မကို သတ်ရတာလဲ။ ဘာလို့လဲ”
သူတို့၏ စူးရှသော အော်သံများက အလွန် အနှောင့်အယှက်ပေးလှသည်။ အကယ်၍ သာမန်လူ တစ်ယောက်သာ သူ ချစ်ရသောသူအား သတ်ပြီး ထိုကဲ့သို့ အော်သံများကို ကြားရပါက ရူးသွားလောက်သည်။
သူ မည်မျှ သန်မာပါစေ သူ၏ တိုက်ပွဲဝင်ခွန်အားက လျော့နည်းလာလောက်သည်။ ထိုအခိုက်တွင် သူ သေသွားနိုင်သည်။
သို့သော် ယဲ့ဖန်သည် အလွန် စိတ်ဓာတ် ကြံ့ခိုင်သည်။ ပိုင်ယီ မည်မျှ သနားစဖွယ် အော်ဟစ်နေပါစေ သူ တည်ငြိမ်နေဆဲပင်။
သေမင်းနတ်ဘုရားကဲ့သို့ သူ၏ လက်များသည် သွေးများဖြင့် ဖုံးလွှမ်းလို့နေသည်။ သူသည် နတ်ဆိုးကဲ့သို့ အေးစက်လှသည်။
ဒဏ္ဍာရီလာအဆင့်များ၏ မူလ သလင်းကျောက်များကို တစ်ခုပြီး တစ်ခု စားနေခဲ့သဖြင့် သူ၏ တိုက်ပွဲဝင် ခွန်အားသည် တိုးပွားလာ၏။
ကိုယ်ပွားများစွာ မြေကြီးပေါ်သို့ လဲကျလာသည်။
ဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက် သုံးဆယ်၊ အယောက်လေးဆယ်။
….
နောက်ဆုံးသော ကိုယ်ပွားတစ်ယောက်၏ မူလ သလင်းကျောက် ရက်စက်စွာ ဆွဲထုတ် ခံလိုက်ရပြီးနောက် မည်သူမျှ အသက်ရှင် ကျန်ရစ်မနေတော့ပေ။
ယခုအချိန်တွင် ယဲ့ဖန်သည် ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် သူ၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီဓာတ်သည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ကိုတောင်မှ သတ်နိုင်နေသည်။
“ထွက်ခဲ့စမ်း”
ရုတ်တရက် ယဲ့ဖန်က အနက်ရောင် ချီမျှင်စုကို ထုတ်လွှတ်လိုက်ပြီး ကိုယ်ပွားတစ်ယောက်၏ ကိုယ်ထဲသို့ ထည့်သွင်းကာ ပိုင်ယီ၏ စိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။
စက္ကန့်ပိုင်းမျှအကြာတွင် သူ့မျက်လုံးမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သူသည် စိတ်ဝိညာဉ်အား လေ့လာနေခြင်း ဖြစ်သည်။
စိတ်ဝိညာဉ်မှတစ်ဆင့် သူ မြင်ကွင်းများစွာကို မြင်လိုက်ရသည်။
အသားဖတ် တစ်ဖတ်က အရှေ့တိုင်းသူ မိန်းမပျိုလေးဖြစ်သည့် ပိုင်ယီ့ကိုယ်ပေါ်မှ လှီးဖြတ် ခံလိုက်ရသည်ကို သူ မြင်လိုက်ရသည်။
သူမ၏ မျက်လုံးသည် အသားလှီးခံလိုက်ရသည်ကို မခံစားမိသည့်ဟန်ဖြင့် မျက်လုံးများက ဝမ်းနည်းမှုနှင့်အတူ တစ်မျိုးတစ်ဖုံ ဗလာကျင်းနေသည်။
ထို့နောက် ထိုအသားဖတ်သည် ရေခီစွမ်းအင်၏ အာဟာရဓာတ်ကြောင့် လျင်မြန်စွာ ကြီးထွားလာသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
….
ထိုသွေးသံတရဲရဲနှင့် အသားဖတ်သည် တစ်ပတ်တည်းဖြင့် လူပုံသဏ္ဌာန် ဖြစ်လာ၏။ ထိုအရာသည် တစ်ပတ်အတွင်း ပိုင်ယီနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။
ထို့နောက် ပိုင်ယီသည် အလွန် ပူဆွေးနေဟန်ဖြင့် မျက်ရည်များ ကျနေသည်ကို သူ မြင်လိုက်ရသည်။ ထိုစဉ် အလွန် ရွှန်းလက်သော လူဖြူ အမျိုးသမီးတစ်ယောက်နှင့် အဘွားအိုတစ်ယောက် ပိုင်ယီထံသို့ ချဉ်းကပ်လာသည်ကို သူ တွေ့လိုက်သည်။
သူတို့က သူမအား လျှို့ဝှက်သိုင်းကျမ်းတစ်ခုကို သင်ပေးနေခြင်း ဖြစ်သည်။
မေ့လျော့ခြင်း နတ်ဘုရားမ ဆုဒြာ။
တစ်စုံတစ်ယောက်က သူတို့ ချစ်ရသူအား မေ့ပစ်ချင်သည့် အခါတွင် သူတို့သည် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် မေ့ဖျောက်ပစ်ရသည်။
ထို့ကြောင့် ပိုင်ယီသည် သူမ၏ မှတ်ဉာဏ်များကို စတင်၍ မေ့လျော့လာသည်။ သူမ ပိုပို၍ သန်မာလာလေ သူမသည် သူမ၏ မှတ်ဉာဏ်များကို ပို၍ မေ့ပျောက်သွားလေ ဖြစ်သည်။
တစ်နေ့တွင် သူမကိုယ်သူမ ဘယ်သူဖြစ်သည်ဆိုတာကိုတောင် မမှတ်မိနိုင်တော့ချေ။ ရက်အနည်းငယ် ကြာသောအခါ သူမသည် သူမ၏ မိဘဆွေမျိုးနှင့် မိတ်ဆွေများကို စ၍ မေ့လာသည်။
ထို့နောက် သူမသည် ရှေ့ရက်က ဘာတွေလုပ်ခဲ့သလဲဆိုတာကိုတောင် မမှတ်မိတော့ပေ။ နောက်ဆုံးတွင် သူမသည် သူမကိုယ်သူမ လုံးဝ မေ့သွားတော့သည်။
သူမရင်ထဲ၌ ဝမ်းနည်းမှု အနည်းငယ် စွဲထင်နေသော်လည်း ပိုင်ယီ၏ ကမ္ဘာကြီးတစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်လာသည့် ပုံပင်။
မှတ်ဉာဏ်အားလုံးကို ကြည့်ပြီး ယဲ့ဖန်သည် ဒေါသမီးတို့ တောက်လောင်လာပြီး တဆတ်ဆတ် တုန်လာသည်။
မေ့လျော့ခြင်း နတ်ဘုရားမ ဆုဒြာ။
သူတို့သည် များစွာသော သိုင်းပညာရှင်များကို ဖန်တီးချင်၍ လျှို့ဝှက်သိုင်းကျမ်းကို သုံးကာ ပိုင်ယီအား ထိန်းချုပ်နေခြင်း ဖြစ်သည်။
သူတို့သည် ကောင်းကင်သမီးပျို စစ်တပ်အား ဖွဲ့စည်းရန် ကြံစည်နေခြင်းဖြစ်သည်။
တုန်ယင်လို့လာသည်။ ယဲ့ဖန် တစ်ကိုယ်လုံး တုန်ယင်လို့လာသည်။
ပိုင်ယီ ဆင်းရဲဒုက္ခအား မည်မျှ ခံစားခဲ့ရမည်ကို သူ မတွေးနိုင်ပေ။ သူမသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်၌ မေ့လျော့တတ်သော မူလကိုယ်အဖြစ်နှင့် သန်မာသော ကိုယ်ပွားများ ဖန်တီးရန်အတွက် အသုံးချခံလို ဖြစ်နေသည်။
အလွန် ခက်ထန် ကြမ်းကြုတ်သော မျက်လုံးများနှင့် ယဲ့ဖန်သည် နတ်ဆိုးကဲ့သို့ အလွန် ရက်စက်ပုံပေါက်နေသည်။
“နတ်ဘုရားမ။ ဥရောပ နတ်ဘုရားမ ဌာန။ မင်းတို့အားလုံး အသေပဲ”
                 စာစဉ် (၂၂) ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now