Chapter 269

1.2K 162 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (18) CHAPTER (269) မင်း မှားသလား?
ထိုအနက်ရောင် ဝတ်စုံနှင့် လူတစ်စုကို မြင်သည်နှင့် ဟွာရှ သိုင်းပညာရှင်များ၏ စိတ်လှုပ်ရှားနေကြသော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူတို့၏ မျက်လုံးတွင် အလွန် ထိတ်လန့်ပြီး ကြောက်ရွံ့နေဟန်များ ပါဝင်သည်။ အထူးသဖြင့် ထိုအဖွဲ့၏ ရှေ့ဆုံးမှ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ကို မြင်ပြီး ပို၍ တုန်လှုပ်သွားသည်။
ဟွာရှနိုင်ငံသား သိုင်းပညာရှင်များ ချွေးတဒီးဒီးကျလာသည်။
တောက်! တောက်!
သိုင်းပညာရှင်တိုင်း မျက်ခုံးလှုပ်ကာ တကယ့် နတ်ဆိုးကို မြင်လိုက်ရသကဲ့သို့ ကြောက်လန့်လာကြသည်။
အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဟွာရှနိုင်ငံတွင် အဆန်းကြယ်ဆုံး ထိပ်တန်းသိုင်းပညာရှင် ဖြစ်သည်။
ကျိုကလန်၏ သိုင်းပညာ သမိုင်းတွင် သူသည် အတော်ဆုံး ပါရမီရှင်ဖြစ်သည်ဟု ပြောကြသည်။ သူသည် အသက်ငါးနှစ်တွင် စတင်၍ ကျင့်ကြံခဲ့ပြီး အသက် ဆယ်နှစ်တွင် ကျော်ကြားလာခဲ့သည်။
အသက်ဆယ့်ငါးနှစ် အရွယ်တွင် သူသည် ယန်ကျင့်မြို့၏ လူငယ်များကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့နောက်တွင် သူသည် ကမ္ဘာအနှံ့ လှည့်လည် သွားလာခဲ့သည်။ သူသည် အသက် နှစ်ဆယ့်ငါးနှစ်၌ ဗီယက်နမ် နိုင်ငံ၏ သိုင်းလောကတစ်ခုလုံးကို ရှင်းလင်း၍ ဗီယက်နမ်နိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ခဲ့သူ ရွမ်ကျင့်မင်အား သုံးကွက်အတွင်း အနိုင်ယူခဲ့သည်။
အသက်သုံးဆယ်အရွယ်တွင် အရှေ့တောင်အာရှမှ ဒဏ္ဍာရီအဆင့် ရှစ်ယောက်နှင့် တိုက်ခိုက်ခဲ့ပြီး သူတို့အားလုံးအား မဲခေါင်မြစ်ကမ်းပါး နံဘေး၌ သတ်ဖြတ်ခဲ့သည်။
ငါးနှစ်ကြာပြီးနောက် အရှေ့တောင်အာရှ အတွင်းရှိ နိုင်ငံဆယ့်တစ်နိုင်ငံမှ သိုင်းပညာရှင်များသည် မြန်မာနိုင်ငံမှနေ၍ ဟွာရှနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး သူတို့ လမ်းမှာ ဆုံခဲ့သည့် ဟွာရှသိုင်းပညာရှင်တိုင်းအား ရှင်းလင်းသုတ်သင်ခဲ့သည်။ ဟွာရှနိုင်ငံသား သိုင်းပညာရှင်များ အားလုံးကို သုတ်သင်ရန် သူတို့ ကြံစည်ထားကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် သူသည် ထိုရန်သူအဖွဲ့အား သူ့ဓားဖြင့် တစ်ကိုယ်တည်း ရင်ဆိုင် ဖြေရှင်းခဲ့သည်။
အရှေ့တောင်အာရှမှ ရာနှင့်ချီသော ထိပ်တန်းသိုင်းပညာရှင်များအား ရှီရွှမ်းပန်နာ ပြည်နယ်တွင်း၌ တစ်ညတည်းနှင့် သုတ်သင်ခဲ့သည်။
(စကားချက်။ ။ ရှီးရွှမ်းပန်နာသည် တရုတ်ပြည် အနောက်တောင်ဘက်ရှိ ယွင်နန်စီရင်စု ဒေသရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး မြန်မာ၊ လာအိုတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ပြည်နယ် ဖြစ်သည်။)
တိုက်ပွဲလွင်ပြင်သည် သွေးစီးကြောင်းများနှင့် အလောင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ထို့နေ့သည် အရှေ့တောင်အာရှ သိုင်းလောက သမိုင်း၌ အမှောင်မိုက်ဆုံး နေ့ရက် ဖြစ်ခဲ့သည်။
အင်အားကြီးသူများ ဝိညာဉ်ချုပ်ခဲ့ရသော နေ့ဖြစ်ခဲ့ပေသည်။
ထိုအချိန်မှစ၍ ဟွာရှနိုင်ငံသည် အရှေ့တောင်အာရှရှိ ထိပ်တန်းသိုင်းပညာရှင်များ၏ တားမြစ်နယ်မြေ ဖြစ်လာခဲ့ရသည်။
ထို့နောက် သူသည် အမှောင်ဂိုဏ်းကို ထူထောင်ခဲ့ပြီး ဟွာရှနိုင်ငံအနှံ့မှ သိုင်းပညာရှင်များအား အနိုင်ယူခဲ့သည်။
အသက်လေးဆယ် အရွယ်တွင် သူသည် ဒဏ္ဍာရီလာ အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဟွာရှနိုင်ငံသားများ၏ အမြင်တွင် တကယ့် နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့သည်။
ထို့နောက် သူသည် တံခါးပိတ် ကျင့်ကြံလေတော့သည်။ ယခု သူသည် အသက်လေးဆယ့်ငါးနှစ်သာ ရှိသေးပြီး ခန့်မှန်းမရနိုင်သော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေလေသည်။
မည်သူမျှ သူ၏ အစစ်အမှန် တိုက်ပွဲဝင်ခွန်အားကို မသိကြပါ၊ အဘယ်ကြောင့်ဆိုသော် သူ၏ အစစ်အမှန် ခွန်အားကို သိရှိသူမှန်သမျှသည် အရိုးစုအဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
"နတ်ဘုရားက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီပဲ …. လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သူ ဒဏ္ဍာရီလာ အဆင့်ကို တက်ရောက်သွားပြီးကတည်းက ဒါ ပထမဆုံးအကြိမ် သူ လူလုံးထွက်ပြတာပဲ … အံ့ဩဖို့ ကောင်းလိုက်တာ"
ဟွာရှနိုင်ငံသား ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက် ကြောက်လန့်ကာ တုန်ယင်လာသည်။ ယန်ကျင့် မြို့သားတစ်ယောက်ဖြစ်သောကြောင့် သူသည် ကျိုချင်းချန်နှင့် ပတ်သက်သော ဒဏ္ဍာရီ ပုံပြင်များစွာကို သိရှိထားသည်။
များစွာသော လူတို့၏ အမြင်တွင် သူသည် သူတို့ မှန်းထားသည်ထက် သာလွန်သော နတ်ဘုရားတစ်ပါး ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ထိုနတ်ဘုရားသည် မျက်စိရှေ့တည့်တည့်၌ ရောက်နေသည်။ ထို့ကြောင့် အိပ်မက်မက်နေသလို ခံစားနေကြရသည်။
ထိုအချိန်တွင် အမှောင်ဂိုဏ်းချုပ် ဖြစ်သူ ကျိုချင်းချန်က ရှေ့သို့ +တစ်လှမ်းချင်း လျှောက်လာသည်။ သူ ဖြတ်ကျော်သွားတိုင်း အနီးအနားမှ သိုင်းပညာရှင်များ ကြောက်စိတ်မွှန်ပြီး အသံတအီအီ ထွက်ကုန်သည်။
ထို့ပြင် အမှောင်ဂိုဏ်း အဖွဲ့သားနီးပါး သူ့နောက်မှ လိုက်ပါလာကြသည်။ အမှောင်ဂိုဏ်း၏ စုစည်းနေသော ချီဓာတ်များက ဆန့်ကျင်ဘက် သိုင်းပညာရှင်များကို တုန်လှုပ်စေသည်။
ဒုန်း! ဒုန်း! ဒုန်း!
သိုင်းပညာရှင် အယောက်တစ်ရာ၏ ခြေသံများက အလွန် သေသပ်လှပြီး တိုက်ခိုက်ရေး ကလပ်တစ်ခုလုံးကို သတိလစ်မတတ် ဖြစ်သွားစေသည်။
အမှောင်ဂိုဏ်း အဖွဲ့သားများ အတူတကွ စုစည်းလိုက်သောအခါ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်က ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်များကိုပင် သွေးပျက်သွားစေနိုင်သည်။
"အမှောင်ဂိုဏ်းက တယ်လာပါလား … မင်းတို့က ငါတို့ထက် လူပိုများတာနဲ့ အားနည်းတဲ့သူတွေကို အနိုင်ကျင့်နိုင်မယ် ထင်နေတာလား"
ထိုစဉ် မာန်မဲသံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ဖန်ကို ထောက်ခံသော ယဲ့ရှုံးနှင့် အခြားယဲ့ကလန်သားများက စည်းဝိုင်းအတွင်းသို့ လှစ်ခနဲ ဝင်ရောက်သွားကာ ယဲ့ဖန်ရှေ့ ရပ်ပြီး အမှောင်ဂိုဏ်း အဖွဲ့ဝင်များကို စိုက်ကြည့်နေကြသည်။
ဤသည်သား အစသာ ရှိသေး၏။
"ယဲ့ဖန်က ဟွာရှလူမျိုးတွေရဲ့ သူရဲကောင်းပဲ … အမှောင်ဂိုဏ်းချုပ်တောင်မှ သူ့ကို အနိုင်ကျင့်လို့ မရစေနိုင်ဘူးကွ"
အဓိက ကလန်တစ်ခုမှ ဒဏ္ဍာရီအဆင့် တစ်ယောက်က မခံမရပ်နိုင်ဟန်ဖြင့် ပြောဆိုကာ စည်းဝိုင်းအတွင်း ဝင်ရောက်လာပြီး ယဲ့ဖန်ရှေ့ ရပ်လိုက်သည်။ ထို့နောက်တွင်မူ ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်၊ …. ဆယ်ယောက်မြောက်လူ။
သိုင်းပညာရှင်များစွာက စည်းဝိုင်းအတွင်း ဝင်လာပြီး ယဲ့ဖန်ကို ဝိုင်းဝန်းကူညီကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်ကျင့်မြို့ရှိ အဓိက ကလန်များ၏ သိုင်းပညာရှင်များ အားလုံးက ယဲ့ဖန်ဘေး၌ ရပ်တည်လာကြသည်။
ထိုအချိန်တွင် တိုက်ခိုက်ရေး ကလပ်အတွင်း၌ ကွဲပြား ခြားနားမှု ဖြစ်ပေါ်လာသည်။
ယဲ့ဖန်နှင့် အမှောင်ဂိုဏ်းချုပ်။
ယန်ကျင့်မြို့ရှိ အဓိက ကလန်များနှင့် ကျိုချင်းချန်၏ နောက်လိုက်များ။
ဤသည်ကြောင့် လေထုသည် အလွန် လေးလံ ထိုးမှိုင်းလို့လာ၏။ သိုင်းပညာရှင်များအားလုံး ချွေးတဒီးဒီး ကျနေကြသည်။
ဤမြင်ကွင်းကို ကြည့်ပြီး အမှောင်ဂိုဏ်း၏ အကြီးအကဲများ၊ ယဲ့မုန့်ထန်နှင့် အခြား သစ္စာဖောက်ယဲ့များ တက်ကြွ ပျော်ရွှင်လာသည်။
ထို့နောက် ယဲ့မုန့်ထန်သည် အမှောင်ဂိုဏ်းချုပ်ရှေ့သို့ မော်မော်ကြွားကြွားဖြင့် အပြေးသွားကာ ဦးညွှတ် အရိုအသေပေး၍ ပြောလိုက်သည်။
"အရှင် … စည်းဝိုင်းထဲက အဲ့ကောင်က သခင်လေး ရို့ထျန်းနဲ့ အကြီးအကဲ ဟမ့်ရှန်ကို သတ်လိုက်ပါတယ် … သူက ကျိုကလန်နဲ့ အမှောင်ဂိုဏ်းကို ထပ်ခါထပ်ခါ စော်ကားခဲ့ပါတယ် … သူက အရှင့်ကို လုံးဝ မလေးစားတာပါ"
"သူ့ကို သတ်လိုက်ပါ … သူ့ရဲ့ သွေးကို သုံးပြီး သခင်လေး ရို့ထျန်းရဲ့ အရှက်သိက္ခာအတွက် လက်စားချေပေးပါ … ပြီးတော့ သူ့အသားတွေကို အကြီးအကဲ ဟမ့်ရှန်ရဲ့ ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်ဖို့ အသုံးပြုပေးပါ"
ယဲ့မုန့်ထန် အလွန် ပျော်ရွှင်နေသည်။ သူ စာကားပုံကိုတောင်မှ သတိရလိုက်သည်။
'တောင်အဆုံးနှင့် ရေလမ်းခရီးအဆုံးမှာ ရှေ့ဆက်ဖို့ လမ်းမရှိတော့ဘူးလို့ ငါ သံသယ ဝင်လိုက်တဲ့အခါမှာ စိမ်းစိုနေတဲ့ သစ်ပင်နဲ့ ပန်းပွင့်တွေ ဝေဆာနေတဲ့ ရွာလေးတစ်ခုကို ငါ တွေ့လိုက်ရတယ်'
ကျိုဟမ့်ရှန် သေဆုံးသွားပြီးနောက် ယဲ့မုန့်ထန်သည် သူတော့ မုချ သေရတော့မည်ဟု ယုံကြည်သွားမိသည်၊ ယဲ့ဖန်နှင့် ရန်သူ ဖြစ်သွားသည်ကိုပင် သူ နောင်တရနေမိသေးသည်။
သို့သော် အမှောင်ဂိုဏ်းချုပ် ပေါ်ထွက်လာမှုက သူ့အား ပျော်ရွှင်သွားစေသည်။
သူ့စိတ်ထဲတွင် အမှောင်ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲများ၏ တိုက်ခိုက်မှုအောက်၌ ယဲ့ဖန် အသက်ရှင်ဖို့ မဖြစ်နိုင်ဟု တွေးနေမိသည်။
အမှောင်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးကလည်း ခပ်သွက်သွက် ပြောလာသည်။
"အရှင် … အစ်ကိုကြီး အကြီးအကဲက တကယ့်ကို သနားစရာ ပုံစံနဲ့ သေဆုံးသွားရတာပါ … သူက ဒီခွေးမသားလေးကြောင့် ပေါက်ကွဲပြီး သေသွားရတာပါ … သူ့ရဲ့ မူလ သလင်းကျောက်လည်း ထုတ်ယူခံလိုက်ရပါတယ် … အရှင် … ကျေးဇူးပြုပြီး အစ်ကိုကြီး အကြီးအကဲနဲ့ သခင်လေးအတွက် လက်စားချေပေးပါ"
ထိုသို့ပြောပြီး ထိုအမှောင်ဂိုဏ်း၏ အကြီးအကဲက လေးဘက်ထောက်၍ ဝပ်တွားလိုက်သည်။
ဤမြင်ကွင်းကြောင့် သူ့နောက်မှ ကျန်အမှောင်ဂိုဏ်း အကြီးအကဲများကလည်း ဒူးထောက်၍ ပြိုင်တူ ပြောဆိုလိုက်ကြသည်။
"အရှင် … ကျေးဇူးပြုပြီး အစ်ကိုကြီး အကြီးအကဲနဲ့ သခင်လေးအတွက် လက်စားချေပေးပါ"
ထိုအသံကြောင့် ယန်ကျင့်မြို့ရှိ အခြား အဓိက ကလန်များမှ သိုင်းပညာရှင်များ ချက်ချင်း မျက်နှာပြာနှမ်းလာပြီး သူတို့၏ လက်များက စိုထိုင်းထိုင်းဖြစ်ကာ ချွေးစိုလာသည်။
အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ မဟာ အကြီးအကဲ လေးယော်ကနှင့် အခြား အဖွဲ့သားများ စည်းဝိုင်းနားသို့ နီးကပ်လာသည်ကို သူတို့ မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
ထိုအချိန်တွင် ယဲ့ဖန် တစ်ယောက်တည်းသာ တည်ငြိမ်မြဲ တည်ငြိမ်ဆဲ ဖြစ်နေသည်။ သူသည် အမှောင်ဂိုဏ်းချုပ်ဖြစ်သူ ကျိုချင်းချန်ကိုသာ အနည်းငယ် အေးစက်သော အကြည့်များဖြင့် ကြည့်နေသည်။
ထို့နောက် သူ ရှေ့သို ခြေတစ်လှမ်း တက်လိုက်သည်။
"ယဲ့ဖန်"
ယဲ့ဖန်၏ လှုပ်ရှားမှုကို မြင်သည်နှင့် ယဲ့ရှုံးနှင့် သူ့ဘက်မှ အခြားသူများ အားလုံး မှင်တက်သွားကြသည်။
သူတို့ သူ့ကို တားဆီးချင်နေသည်၊ သို့သော် ယဲ့ဖန်က သူတို့ကို လက်ကာပြသည်။ ယဲ့ဖန်‌ ပြောလာသည့် စကားကြောင့် လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
"မင်း မှားသလား"
*ဘာ*
သူ့စကားကြောင့် ယန်ကျင့်မြို့ရှိ အဓိက ကလန်မှ သိုင်းပညာရှင်များအားလုံး တုန်လှုပ်ကာ အံ့အားသင့်သွားကြသည်။
ယဲ့ဖန်က အမှောင်ဂိုဏ်းချုပ်ကို သူ မှားသလား၊ မမှားဘူးလားဟု မေးနေသည်တဲ့လား။
နှစ်အတော်ကြာအတွင်း အမှောင်ဂိုဏ်းချုပ်အား ယခုကဲ့သို့ ပြောရဲသည့်သူက သူ ပထမဆုံးပင် ဖြစ်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ယဲ့ဖန်ဘက်မှ သူများ ချွေးတဒီးဒီးကျလာကာ ကြီးမားသော တိုက်ပွဲအတွက် ပြင်ဆင်ထားလိုက်ကြသည်။
ယဲ့မုန့်ထန်နှင့် အမှောင်ဂိုဏ်းဘက်မှ အခြားသူများ မှင်တက်သွားကြသည်။ ထို့နောက်တွင်မှ သူတို့ ဟားတိုက်ရယ်မောကြသည်။
*သူ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ*
ယဲ့ဖန်က တကယ်ကို ကိုယ့်သေတွင်းကိုယ်တူးနေသည်ဟု သူတို့ ယုံသွားကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် သူ၏ မောက်မာသော စကားများကြောင့် သေချာပေါက် နုတ်နုတ်စင်းခံရမည်ဟု ထင်နေကြသည်။
သို့သော် နောက်ထပ် ဖြစ်လာသည့် အဖြစ်အပျက်က သူတို့၏ လှောင်ရယ်သံများကို ချက်ချင်း အေးခဲသွားစေသည်။
ဒုန်းခနဲ အသံနှင့်အတူ အမှောင်ဂိုဏ်းချုပ်က ယဲ့ဖန်ရှေ့ ဒူးထောက်ချကာ အလွန် စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလာသည်။
"အရိုအသေပေးပါတယ် သခင်ကြီး … ကျွန်တော်က ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်ရဲ့ ဆယ့်နှစ်ဆက်မြောက် မျိုးဆက်က ကျိုချင်းချန်ပါ"
"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ"
ထိုသို့ပြောပြီးနောက် အမှောင်ဂိုဏ်းချုပ်က လေးဘက်ထောက် ဝပ်တွားသွားသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now