Chapter 300

1.1K 124 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (300) ရှင်ဘုရင် ပြန်ပေါ်လာပြီ

ဝိညာဉ်စား ပုရွက်ဆိတ် အကောင် ခြောက်ထောင်ကို သိမ်းပိုက်စိုးမိုးနိုင်ခဲ့ပြီးနောက် ယဲ့ဖန်သည် ဤနေရာမှ ထွက်ခွာရန် ကြံရွယ်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ကို သူ ပြန်တည်ဆောက်ရန် လိုအပ်နေသည်။
*ငါ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ရဦးမှာပါလား*
ယဲ့ဖန်သည် ဒါဇင်နှင့်ချီသော အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်များ၏ အလောင်းကို တစ်ချက် ကြည့်လိုက်သည်။ ထိုအလောင်းများသည် သေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ယခုအထိ မူလ အခြေအနေအတိုင်း အကောင်းပတိ ရှိနေသေးသည်။
ထိုအလောင်းများသည် ပုပ်သိုးဆွေးမြည့်ခြင်း မရှိချေ။
“တကယ်လို့များ ငါ့ခန္ဓာကိုယ်ကို ဒီအရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ အလောင်းနဲ့ ပြန်တည်ဆောက်မယ်ဆို ငါ့ခန္ဓာကိုယ်က ကြောက်ဖို့ကောင်းလောက်အောင် မာကြောလာမှာပဲ”
ယဲ့ဖန်၏ မျက်လုံးတွင် အလွန် ရူးသွပ်မှုများနှင့် ပြည့်နှက်လို့နေ၏။ ကမ္ဘာခြား စကြဝဠာတွင် မည်သူမျှ သူတို့၏ ခန္ဓာကိုယ်ကို ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေးအသားများနှင့် ပြန်တည်ဆောက်ရန် ကြံစည်ရဲမည် မဟုတ်ချေ။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် အလွန့်အလွန် ရှားပါးလှသည်။ သူတို့ အရွယ်ရောက်လာပြီးပါက သူတို့ကို သတ်ရန် မဖြစ်နိုင်သလောက် နီးပါး ဖြစ်သွားပြီ ဖြစ်သည်။
အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင်၏ အလောင်းသည် စကြဝဠာအတွင်း ထိတ်လန့်သွားစေလောက်သည်။ ဒါဇင်နှင့်ချီသော အလောင်းများဆိုလျင် ပြောနေစရာပင် မလိုလောက်ပေ။
“ဒါ တကယ့်ကို ရတနာသိုက်ကြီးပါလား”
ယဲ့ဖန် အလွန် တက်ကြွပျော်ရွှင်သွားသည်။ သူသည် အလောင်းများ ရှိရာသို့ ချက်ချင်းပြေးသွားပြီး မြေကြီးပေါ် ခြေချိတ်ထိုင်ချလိုက်သည်။
တစ်ခဏမျှကြာသော် သူ၏ အရိုးစုအတွင်းမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အလောင်းများကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
ထို့နောက် ယဲ့ဖန်သည် သူတို့၏ အသွေးအသားများကို စတင်၍ သန့်စင်လေတော့သည်။ ပုရွက်ဆိတ်လေးနှင့် သူ၏ နောက်လိုက် အကောင်ရေ ခြောက်ထောင်က ယဲ့ဖန်ကို စက်ဝိုင်းပုံစံ တစ်ထပ်ပြီးတစ်ထပ် ဝိုင်း၍ အလွန် နိုးနိုးကြားကြားရှိစွာဖြင့် ကာကွယ်ပေးနေကြသည်။
အချိန်က တဖြည်းဖြည်းနှင့် ကုန်လွန်သွားသည်။ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အလောင်းသည် ထူးထူးခြားခြားကို မာကြောလှသည်။
ယဲ့ဖန်က နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာကို အသုံးပြုနေတာတောင်မှ သူတို့၏ အလောင်းများကို သန့်စင်ရန် သူ့အတွက် ခက်ခဲနေသေးသည်။
တစ်လကြာပြီးနောက် ယဲ့ဖန်သည် အလောင်းဆယ်လောင်းကို သန့်စင်သွားခဲ့နိုင်ပြီ ဖြစ်သည်။ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အလောင်းဆယ်လောင်းသည် ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် ယဲ့ဖန်၏ ခြေဖဝါးနှင့် ခြေထောက်တို့တွင် အသွေးအသားများ ဖြည်းဖြည်းချင်း ပြန်ပြည့်လာသည်။
နှစ်လကြာပြီးနောက် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အလောင်းနှစ်ဆယ်တို့ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ယဲ့ဖန်သည်လည်း သူ၏ ခန္ဓာကိုယ်အောက်ပိုင်းအား ပြန်တည်ဆောက်နိုင်သွားပြီ ဖြစ်သည်။
...
အချိန်ကုန်တာ မြန်လှပေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်တစ်ဝက်ခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။
နောက်ဆုံး အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်၏ အလောင်း ပျက်စီးသွားချိန်တွင် ယဲ့ဖန်၏ ဦးခေါင်း၌ အသွေးအသားများနှင့် ချက်ချင်း ပြည့်နှက်လာသည်။
ယခုအချိန်တွင်တော့ သူသည် အရင်ကနှင့် တစ်ပုံစံတည်းပင်။ သို့သော် သူ၏ အသားအရေသည် ကြေးနီရောင်သန်းနေပြီး သူ၏ ခန္ဓာကိုယ်သည် မာကြောသည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်ဖော်နေသည်။
ထို့ပြင် သူသည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ မာကြောသော အစိတ်အပိုင်းများကို အသုံးပြု၍ နတ်ဆိုး ချပ်ဝပ်တန်ဆာ တစ်စုံကို တည်ဆောက်ခဲ့သည်။
ထိုချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် သူသည် နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် သဏ္ဌာန်တူနေလေသည်။
သူသည် ဒဏ္ဍာရီအဆင့်များနှင့် ဒဏ္ဍာရီလာအဆင့်များကို သူ၏ သန်မာသော ချီဓာတ်တစ်ခုတည်းဖြင့် အနိုင်ယူနိုင်နေပြီ ဖြစ်သည်။
“သန်မာလာရတာက တကယ့်ကို ခံစားလို့ကောင်းတာပဲ”
ယဲ့ဖန်၏ နက်မှောင်နေသော မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းလောက်သည့် အေးစက်စက် အကြည့်များကို ထုတ်ဖော်နေသည်။
ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်ရှိသော သူကိုတောင် လက်သီးတစ်ချက်တည်းဖြင့် တစ်စစီ ပေါက်ကွဲထွက်သွားအောင် လုပ်နိုင်နေပြီဟု ခံစားနေရသည်။
“ဒီနေရာက ထွက်ဖို့ အချိန်တန်ပြီ”
ယဲ့ဖန် အသာအယာပြုံး၍ ပြောလိုက်သည်။ သေမင်း နှုတ်ခမ်းဝ၌ အသက်ရှင်ခဲ့ပြီးနောက် သူ့အရင်ဘဝကထက် ပို၍ သန်မာလာရမည်ဟု ဆုံးဖြတ်ထားသည်။
ထို့နောက် သူသည် သူ့လက်မောင်းကို လှုပ်ခါလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပုရွက်ဆိတ်လေးနှင့် ဝိညာဉ်စား ပုရွက်ဆိတ်အကောင် ခြောက်ထောင်အဖွဲ့ကြီးက သူ့အင်္ကျီလက်အတွင်းသို့ လှစ်ခနဲ ဝင်လာကြသည်။
ထို့နောက် သူ ရှေ့သို့ လျှောက်သွားလိုက်သည်။ သူ့ခြေလှမ်းများက ချီဓာတ်လှိုင်းများကို ဖြစ်ပေါ်လာစေပြီး ကျန်ပုရွက်ဆိတ်အုံများကို ဒေါသထွက်သွားစေသည်။
သူတို့သည် ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ သူတို့ ဘိုးဘေးတို့၏ ချီဓာတ်များကို အာရုံခံမိသဖြင့် တစ်ခဏမျှ မှင်တက်သွားကြသည်။
….
ဝိညာဉ်စား ပုရွက်ဆိတ်အားလုံး မှင်တက်သွားပြီးနောက် နောက်မှ လိုက်နေရာမှ ရပ်တန့်ကာ အနားသို့ မကပ်ရဲကြတော့ပေ။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန် ပြုံးလိုက်မိသည်။ ထို့နောက် သူသည် ခြေဆောင့်နင်းလိုက်ပြီး အပေါ်သို့ ခုန်တက်လိုက်သည်။
“ပွင့်စမ်း”
များပြားသော နတ်ဆိုးချီဓာတ်များက တားမြစ်စနစ်အတွင်းသို့ ဝင်တိုးသွားသည်။ ဂျွတ်ခနဲ အသံနှင့်အတူ တားမြစ်စနစ် ပတ်လည်၌ အပေါက်တစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။
ယဲ့ဖန်သည် ချက်ချင်းဆိုသလို မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးလိုက်သည်။ တစ်ခဏကြာသော် တားမြစ်စနစ်က ပြန်ပိတ်သွားသည်။
နှစ်တစ်ဝက်ကြာပြီးနောက် နောက်ဆုံးတွင် ရှင်ဘုရင် ပြန်လာပြီဖြစ်သည်။
….
နှစ်တစ်ဝက်အတွင်း ကမ္ဘာမြေပေါ်မှ အစီအစဉ်များသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့လေသည်။ ဤကာလအတွင်း ရေခီစွမ်းအင်သည် ကမ္ဘာတစ်ဝန်း၌ နေ့တိုင်းနေ့တိုင်း တိုးပွားလာခဲံသည်။
တောထဲတွင် သားရဲဘုရင်များက တစ်ကောင်နှင့်တစ်ကောင် ကြမ်းတမ်းစွာ တိုက်ခိုက်ကြသည်။
ရေထဲတွင် သားရဲဧကရာဇ်များကို ရှာတွေ့ခဲ့ကြသည်။ မှင်စာများသည် သူတို့ခွန်အားကို ပြန်လည်ရရှိသွားပြီ ဖြစ်သည်။
ပင်လယ်ကွေ့နိုင်ငံများ တစ်ခုပြီးတစ်ခု ကျဆုံးသွားခဲ့ကြသည်။ ရှေးဟောင်းကလန်များသည် သူတို့၏ သန့်စင်မွန်မြတ်သော နယ်မြေများမှ ထွက်ပေါ်လာကြခဲ့ကြသည်။
လူသားနှင့် မှင်စာများကြား၌ ကြမ်းတမ်းသော စစ်ပွဲ ဖြစ်ပွားခဲ့ကြသည်။ လူတိုင်းသည် သိုင်းကျင့်ကြံခြင်း လောကသို့ ဝင်ရောက်လာခဲ့ကြသည်။
ပါရမီရှင်များနှင့် သိုင်းပညာရှင်များသည် နေရာတိုင်း၌ ထင်ရှားစွာ ရှိလာပြီဖြစ်သည်။
လူတိုင်းသည် ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်နေကြသည်။
ဧည့်လမ်းညွှန်တစ်ယောက်က ခရီးသွားတစ်ဖွဲ့ကို ဦးဆောင်၍ အိပ်မက်ဆိုး‌ ချောက်ကမ်းပါးသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
ခရီးသွားများအားလုံးသည် ဟွာရှ ကျန်းနန်စီရင်စု ကောလိပ်မှ ပထမနှစ် ကျောင်းသားကျောင်းသူများ ဖြစ်ကြသည်။
“ကျောင်းသားတို့ … ကျွန်တော်တို့ ရောက်ပါပြီဗျ”
“အိပ်မက်ဆိုး ချောက်ကမ်းပါးက သေမင်း မြစ်ဝကျွန်းပေါ်ဒေသရဲ့ တားမြစ်ဒေသ တစ်ခုပါ … ဒါက အလွန် ထူးဆန်းပါတယ် … အရင် အိပ်မက်ဆိုးဘုရင်သာမက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန်လည်း လွန်ခဲ့တဲ့ နှစ်ဝက်က ဒီနေရာမှာ သေဆုံးခဲ့ပါတယ်”
*ဟွာရှ ယဲ့ဖန်*
ဟွာရှ ပြည်သူများသည် သူ့နာမည်ကို မေ့လုနီးပါး ဖြစ်နေကြသည်။ နှစ်တစ်ဝက် အတောအတွင်း ကိစ္စအများအပြား ဖြစ်ပွားခဲ့သည်။
လူတိုင်းသည် လက်ရှိ ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်က ရီကျန့်ထျန်းသာ ဖြစ်သည်ကို သိကြတော့သည်။
“ဟေး … ယုဖေး … မင်းက ယဲ့ဖန်နဲ့ သိတယ်လို့ ပြောကြတယ် ဟုတ်လား”
ထိုစဉ် ကျောင်းသား တစ်ယောက်က ကျောင်းသူတစ်ယောက်ကို မေးလိုက်သည်။ ထိုကျောင်းသူသည် ယုဖေး ဖြစ်သည်။ သူမသည် ကောလိပ် ပထမနှစ် ကျောင်းသူဖြစ်နေပြီး ကြယ်တစ်လုံးအဆင့် သိုင်းပညာရှင်လည်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူမသည် သာမန်လူအဖြစ်မှ ကြယ်တစ်လုံးအဆင့် သိုင်းပညာရှင်အဖြစ်သို့ အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ အလွန် အံ့ဩဖွယ်ကောင်းလှသည်။ သို့သော် လက်ရှိ ပတ်ဝန်းကျင် လောကကြီးသည် ရေခီစွမ်းအင်များနှင့် ပြည့်နှက်နေသဖြင့် သူမ၏ အဆင့်တက်နှုန်းသည် သာမန်မျှသာ ဖြစ်သည်။
အဓိက ကလန်များစွာ၏ တပည့်များစွာတို့သည့် စိတ်ဝိညာဉ် ဆေးပင် သို့မဟုတ် အင်မော်တယ် အသီးများကို မှီဝဲပြီး ဆရာသခင်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
သူ့စကားကြောင့် ယုဖေး မျက်နှာ တစ်မျိုး ဖြစ်သွားသည်။
*ယဲ့ဖန်*
ထိုနာမည်က သူမဘဝကို ပြောင်းလဲခဲ့သည်။ ယခင်က သူမသည် ယဲ့ဖန်အား ဒီအတိုင်း ယဲ့ကလန်၏ စွန့်ပစ်ခြင်း ခံထားရသော သုံးစားမရသည့် တရားမဝင်သားဟု ထင်ခဲ့မိသည်။ သူသည် ဒီအတိုင်း ကံကောင်းနေခဲ့ခြင်းသာ ဖြစ်သည်ဟု သူက တစ်ချိန်က တွေးခဲ့မိသည်။
သို့သော် သူသည် လူများစွာ၏ နှလုံးသားထဲ၌ နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သူသည် ဟွာရှ သိုင်းပညာရှင် အားလုံးနီးပါး လေးစားရသည့် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ခဲ့သည်။
“နှစ်ဝက်‌တောင် ရှိနေပြီနော် … ရှင် အဲ့ဒီမှာ အဆင်ပြေရဲ့လား …”
ယုဖေးသည် အိပ်မက်ဆိုး ချောက်ကမ်းပါးအား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေရင်း ရေရွတ်လိုက်မိသည်။
ယုဖေး၏ အမူအရာကို မြင်သည်နှင့် သူမဘေးမှ အရပ်ရှည်ရှည်နှင့် ခပ်ချောချော လူငယ်လေးက ချက်ချင်းဆိုသလို အထင်သေးသည့် အကြည့်များဖြင့် ပြောလာသည်။
“ယုဖေး … မင်း ဝမ်းနည်းစရာ မလိုပါဘူး … သူက တကယ် သန်မာပါတယ် … ဒါပေမယ့် အခုခေတ်မှာ လူတိုင်းက သိုင်းကျင့်ကြံနေကြပြီလေ … သိုင်းလောကမှာ ငါ့လို ပါရမီရှင်တွေ အများကြီးပဲ … ငါ အနာဂတ်မှာ သေချာပေါက် သူ့ထက် အဆ တစ်ထောင်မက အဆ တစ်သောင်းလောက်တောင် သန်မာနိုင်တယ်”
ထိုသို့ပြောနေသော လူငယ်လေးသည် ကျန်းနန်ကောလိပ် ပထမနှစ် ကျောင်းသားများကြား၌ အတော်ဆုံး ပင်ကိုယ် အစွမ်းအစနှင့် အကောင်းဆုံး ကျင့်ကြံခြင်း အခြေခံ ရှိသော ပါရမီရှင် ဖြစ်သည်။
စိတ်ဝိညာဉ် သစ်သီးများအား မှီဝဲပြီးနောက် သူ၏ ကျင့်ကြံခြင်း အဆင့်သည် ဒဏ္ဍာရီ တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့စကားကြောင့် ယုဖေးက အလွန် ရွံရှာသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“သူ ဘယ်လောက် သန်မာခဲ့တယ်ဆိုတာကို နင် ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး … သူ ဘယ်လောက် ရက်စက် ကြမ်းကြုတ်တယ်ဆိုတာကို နင် သိနိုင်မှာ မဟုတ်ဘူး”
*ဘာ*
သူမစကားကြောင့် အရပ်ရှည်ရှည်နှင့် ခပ်ချောချော လူငယ်လေး တဒင်္ဂမျှ မှင်တက်သွားရသည်။ ထို့နောက် သူက သုန်မှုန်နေသော မျက်နှာထားနှင့် ပြန်ချေပလိုက်သည်။
“ဟုတ်လား … အဲ့တော့ ဘာဖြစ်လဲ … သူက အဲ့ချောက်ကမ်းပါးအောက်မှာ သေသွားပြီလေ … သူက ဒီအတိုင်း ဘာမှ သုံးစားမရတဲ့ကောင်လို့ ငါ ထင်တာပဲ … သူက ဘယ်တော့မှ ဟွာရှနိုင်ငံရဲ့ သောက်နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာမှာ မဟုတ်ဘူး … ငါ သူတို့ရဲ့ ဖြီးလုံးတွေကို လုံးဝ မယုံဘူး”
“သူသာ အသက်ရှင်နေသေးရင် ငါ သူ့ကို လက်သီးတစ်ချက်တည်းနဲ့ ပေါက်ကွဲအောင် လုပ်နိုင်တယ်”
အရပ်ရှည်ရှည်နှင့် လူငယ်လေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ သူသည် သူ ကျင့်ကြံခြင်း စတင်၍ လုပ်ဆောင်ကတည်းက သူနှင့် အဆင့်တူသည့် အခြားသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အမြဲ လေလုံးထွား ပြုမူနေခဲ့ပြီး လူတိုင်းအား သိမ်ငယ်စေခဲ့သည်။
သို့သော် သူ့စကားအဆုံးတွင် တစ်ဖွဲ့လုံး ငြိမ်ကျသွားသည်ကို သူ သတိထားလိုက်မိသည်။ ယုဖေးနှင့် အခြားကျောင်းသားကျောင်းသူများသည် ချောက်ကမ်းပါးအစွန်းအား မျက်လုံးပြူး မျက်ဆံပြူးဖြင့် ဝိုင်းကြည့်နေကြသည်။
                   စာစဉ် (20) ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Wo Geschichten leben. Entdecke jetzt