၂၁၀။ "အကျပ်ကိုင်ခြင်း - ၁"

1.1K 80 0
                                    

၂၁၀။ “အကျပ်ကိုင်ခြင်း - ၁”

နောက်တစ်နေ့ မနက်စောစော, နန်းတွင်းညီလာခံ မစတင်ခင်မှာပင် ချင်းယန်ကလန်က နန်းတော်ညီလာခံ ခန်းမသို့ အတင်းအကျပ် ဝင်ရောက်လာသည်။

မိုချင်းယွမ်က နန်းပလ္လင်ပေါ်တွင် ထိုင်၍ သူ့အရာရှိများ, စစ်သူကြီးများနှင့် မျက်နှာချင်းဆိုင်ရုံပင် ရှိသေးသည်။ ချင်းယန်ကလန်လူများက ဗိုလ်ကျစိုးမိုးစွာ ဝင်ရောက်လာ၍ သူတို့က ကြောက်လန့်၍ ခန်းမထဲမှ နောက်ဆုတ်ကာ ထွက်ခွာသွားကြသည်။ မိုချင်းယွမ်၏ မျက်နှာက မည်းမှောင်သွားသည်။

“ဝိညာဉ်ကျောက်စိမ်း ဘယ်မှာလဲ”ဂျန်းချန်ချင်းက သူတို့၏ အပြုအမူက မိုချင်းယွမ်၏ ဘုရင်ဆိုသည့် အနေအထားကို မှုန့်မှုန့်ညက်ညက် ဖျက်ဆီးလိုက်တာကို သတိမပြုမိပေ။ သူတို့က အကြောင်းကြားမှုမရှိ, သတိပေးမှုမရှိဘဲ အတင်းအကျပ်ဝင်ရောက်လာကြ၍ အရာရှိများ စစ်သူကြီးများကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။ သူတို့က ခန်းမအလယ်တွင် ရပ်နေကြရင်း သူတို့လိုချင်တာကိုသာ တောင်းဆိုလိုက်ကြသည်။

သူက အမူမဲ့ အမှတ်မဲ့ သတိမပြုမိတာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း, အစက်အပြောက်သာသာ သေးငယ်သည့် တိုင်းပြည်ဘုရင်နှင့် စကားစမြည် ပြောဆိုဖို့တောင် သူက ဂရုစိုက်သူ မဟုတ်ပေ။

မိုချင်းယွမ်က ထောင်းခနဲ ထလာသည့် ဒေါသကို မျိုသိပ်၍ အပြုံးဖြင့် ပြောသည် “ခင်ဗျားတို့က အတော် စောနေတယ်၊ လာကြစမ်း, ဂုဏ်သရေရှိ ဧည့်သည်တွေအတွက် ထိုင်ခုံတွေ ပြင်ပေးကြစမ်း။”

မိန်းမစိုးအုပ်စုတစ်စုက ထိုင်ခုံများ ယူလာကြ၍ ချင်းယန်ကလန် ကိုယ်စားလှယ်များက ထိုင်ကြသည်။

“ငါတို့ ယန်ရှင်းအန်ရဲ့ အရူးထတဲ့ ကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်တော့မယ်၊ ဒါပေမဲ့ အရင်ဘုရင်ကြီးနဲ့ ချင်းယန်ကလန်အကြားက သဘောတူညီချက်က ရှိသေးတယ်ဆိုတာကို ထပ်လောင်းပြောချင်တယ်၊ ငါတို့က ချီတိုင်းပြည်မှာ အနှောင့်အယှက် မပေးချင်ပါဘူး၊ ဒါပေမဲ့ ငါတို့ကို ဝိညာဉ်ကျောက်စိမ်း မြန်မြန်ဆန်ဆန် လွှဲအပ်ပေးဖို့ အရှင်မင်းကြီးကို ပြောရပါလိမ့်မယ်၊ ဒါပြီးရင် ငါတို့က ကိစ္စပြီးပြတ်ပြီမို့ ချင်းယန်ကလန်ကို ပြန်သွားတော့မှာပါ။”

ပါရမီရှင်သမားတော်(၂)Where stories live. Discover now