၇၇၄။ ညစာစားပွဲ (၁)

187 24 0
                                    

၇၇၄။ ညစာစားပွဲ (၁)

နှစ်စဉ်နှစ်တိုင်း လိပ်ပြာတိုက်ပွဲ မစတင်ခင်မှာ ရန်တိုင်းပြည်က ကျောင်းတော်အသီးအသီးမှ ပြိုင်ပွဲဝင်များအား ညစာစားပွဲ တည်ခင်းဧည့်ခံပေးသည်။ သို့သော် ဒီနှစ် ညစာစားပွဲက အနည်းငယ် ကွဲပြားသည်။ လိပ်ပြာတိုက်ပွဲတစ်ခုလုံးကို အိမ်ရှေ့စံက တာဝန်ယူထားရသည်။ ညစာစားပွဲကိုလည်း သူပင် တာဝန်ယူ ဧည့်ခံပေးသည်။ အိမ်ရှေ့စံ၏ နန်းဆောင်တွင် လူပေါင်းထောင်ချီဆန့်သော ကွင်းပြင်တွင် ညစာစားပွဲကို ကျင်းပမည် ဖြစ်သည်။

ညဘက်သို့ ရောက်ရှိလာလေပြီ။ နေပြည်တော်အတွင်းမှာ စုစည်းရောက်ရှိနေကြသော ကျောင်းတော်အသီးသီးမှ တပည့်များက သူ့အုပ်စုဖြင့်သူ အိမ်ရှေ့စံ၏ နန်းဆောင်သို့ ဦးတည်သွားကြသည်။ သူတို့ အားလုံး ဂရုတစိုက်ဖြင့် သွားလာကြသည်။ ဖြစ်နိုင်သမျှ အိမ်ရှေ့စံ၏ မျက်လုံးရှေ့မှာ ပေါ်ထင်အောင် နေထိုင်ကြသည်။ သို့မှသာ အိမ်ရှေ့စံက သူတို့ကို သတိပြုမိမည့် အခွင့်အရေး ရရှိပြီး အိမ်ရှေ့စံ၏ လက်အောက်တွင် အမှုထမ်းဆောင်နိုင်မည့် အခွင့်အရေးကို ရရှိကြလိမ့်မည်။ လူငယ်များအားလုံး သူတို့၏ သက်ဆိုင်ရာ ကျောင်းတော်များ၏ ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှားတက်ကြွနေကြပြီး အလွန်အမင်း စိတ်အားထက်သန်နေကြသည်။ သူတို့က လရောင်ရွှမ်းသော လမ်းတောက်လျှောက် လျှောက်လှမ်း၍ အိမ်ရှေ့စံ၏ နန်းဆောင်သို့ ဝင်ရောက်လာကြလေ၏။

အိမ်ရှေ့စံ၏ အစောင့်များက လမ်းဘေး ဝဲယာတွင် တန်းစီ ရပ်နေကြပြီး လှံရှည်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။ သူတို့မျက်နှာများက တင်းမာနေကြပြီး ဖိအားများပေးစွမ်းနိုင်ကြသည်။

အိမ်ရှေ့စံ၏ နန်းဆောင်က ကျယ်ဝန်းသော မြေပြင်တွင် တည်ဆောက်ထားသည်။ ထိုမျှ များပြားသော လူများ ဝင်ဆံ့နိုင်အောင် ကြီးမားကျယ်ပြန့်သည်။ နန်းဆောင်ခြံဝင်းအတွင်းမှာ ရက်ရက်ရောရောဖြင့် လှလှပပ မွမ်းမံပြင်ဆင်ထားသည်။ ကျောင်းသားများက နန်းဆောင်ဝင်းအတွင်းသို့ ခြေချလိုက်သည်နှင့် ဝေဝေဆာဆာ ပန်းများဖြင့် ပြည့်နှက်နေသော နန်းဆောင်များကို မြင်လိုက်ရသဖြင့် အံ့အားသင့်ကုန်လျက် မျက်လုံးပြူးကျယ်သွားကြလေ၏။ နေရာအနှံ့မှာ မီးများ လင်းလက်နေသည်။ လူရည်မလည်သေးသော လူငယ်များကို ၎င်းမြင်ကွင်းက ဆွဲယူညှို့ငင်သွားလေ၏။ သူတို့စိတ်များက တက်ကြွလန်းဆန်းလာကြပြီး လိုလားတောင့်တခြင်း, မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်သွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now