၆၀၇။ ၇ခုမြောက် ရိုက်ချက်-၁၄

365 52 2
                                    

၆၀၇။ ၇ခုမြောက် ရိုက်ချက်-၁၄

အမျိုးသမီးတစ်ယောက်၏ တန်ဖိုးကို အဓိကအားဖြင့် လှပခြင်း, ဟန်မူရာ ကျော့မော့ခြင်းကို အခြေခံ၍ ဆုံးဖြတ်ကြသော ခေတ်ကာလတွင်, သူမ၏ ဖူးသစ်စ အပျိုစင်အရွယ်မှာ, သူမ၏ အသွင်အပြင်ကို တန်ဖိုးမထားဘဲ နေလိမ့်မည်လော။ သို့သော်လည်း လောင်ချီက ငဲ့ညှာခြင်း အလျဉ်းမရှိဘဲ ကြမ်းတမ်းပြင်းထန်သော ကျာပွတ်ရိုက်ချက်များဖြင့် လှပသော်လည်း သူတော်ကောင်းယောင် ဆောင်ထားသော ၎င်းမျက်နှာကို လုံးဝ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားပုံပေါ်သည်။

နင်ရှင်းက အသဲထဲမှ သွေးထွက်လောက်အောင် ငိုကြွေးနေသည်။ တောင်းပန်နေသည်။ ခယနေသည်။ သူမအား တိုက်ရိုက်ကြည့်လျက် ဆုံးဖြတ်ချက်ချနေသော ၎င်းမျက်လုံးများက အမြင်အားဖြင့်ပင် သူ၏ လက်ရှိရုပ်ရည်သွင်ပြင်က မည်မျှလောက် စက်ဆုပ်ရွံရှာဖွယ် ဖြစ်နေသလဲဆိုတာကို ပြောနေသည် မဟုတ်လော။

(မကြည့်ကြပါနဲ့လား.....)

(မကြည့်ကြပါနဲ့... တောင်းပန်ပါတယ်.....)

နင်ရှင်းက စိတ်ထဲမှာ အော်ဟစ်ညည်းညူနေမိသည်။ သူမ၏ သွင်ပြင်, သူမ၏ ဂုဏ်သိက္ခာ, အရာအားလုံး ထိုအခိုက်မှာ မှုန့်မှုန့်ညက်ညက် ဖြစ်သွားခဲ့ရလေပြီ။ သူမ အသဲထဲထိ နှစ်သက်မြတ်နိုး တန်ဖိုးထားခဲ့သော အရာမှန်သမျှ သူမမှ အဝေးသို့ ဆုတ်ခွာ၍ တွန့်ကြေသွားခဲ့လေပြီ။

ထို့ပြင် ထိုအခိုက်မှာ သူမ၏ စုတ်ချာချာ ရုပ်ရည်နှင့် အရှက်ရစရာမှန်သမျှ အရာအားလုံး လေညင်းကျောင်းတော်သားများ အားလုံးရှေ့မှာ ပေါ်ပေါက်သွားခဲ့ရလေပြီ။ သူမမှာ ပုန်းကွယ်စရာ မည်သည့်နေရာမျှ မရှိတော့ချေ။ သူမ၏ သူတော်ကောင်းယောင်ဆောင်ခြင်းက လူအားလုံး မြင်အောင် ပွင့်ထွက်သွားခဲ့လေပြီ။ သူမ၏ လှပသော ရုပ်ရည်သွင်ပြင်က အဖျက်ဆီးခံလိုက်ရလေပြီ။ သူမခန္ဓာကိုယ်တွင် အကောင်းအတိုင်းကျန်သည့် အသားအရည်ဟူ၍ တစ်နေရာလေးပင် မကျန်ရစ်တော့ပေ။ ထိုအခိုက် နင်ရှင်းကို ဘယ်လိုကြည့်ကြည့် ဝက်ခြံဗရဗြစ်နှင့် လမ်းဘေးသူတောင်းစားထက် ပိုမို ကြောက်မက်ဖွယ်ရာ, ပိုမို စက်ဆုပ်ရွံရှာစရာ ကောင်းနေလေပြီ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now