၆၇၃။ ကျောက်တုံးအိမ် (၁)

283 31 0
                                    

၆၇၃။ ကျောက်တုံးအိမ် (၁)

အနက်ရောင်သားရဲကြီးက ဂျန်ဝုရှီနှင့် လော့မဲ့မဲ့ကို သယ်ယူ၍ အမူးသမားကြာပန်းနောက်မှ လိုက်ပါလာသည်။ အမူးသမား ကြာပန်းက အစောနက သူ ရှာတွေ့ခဲ့သော ကျောက်တုံးအိမ်သို့ ဦး‌ဆောင်ခေါ်သွားသည်။

အပြင်ဘက်မှ ကြည့်လိုက်လျှင် ကျောက်တုံးအိမ်လေးက ကြီးမားပုံ မရချေ။ ကျောက်တုံးအိမ်လေးက အင်မတန် ရိုးစင်းပြီး အကြမ်းထည် ဆန်သည်။ အသေးအကြီး မတူကွဲပြားသော ကျောက်တုံးများကို ဆင့်စီ၍ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

အိမ်လေးထဲမှာ ကျောက်ပြားအပိုင်းအစများ ဖြန့်ခင်းထားသည်။ အိပ်ရာလည်း မရှိ, စားပွဲလည်း မရှိ, ထိုင်ခုံလည်း မရှိပေ။ သို့သော် ကျောက်တုံးအိမ်လေး ဒီလို ချောက်နက်ကြီးထဲမှာ တည်ရှိနေတာက တကယ်ပင် ထူးဆန်းနေသည်။

ကျောက်တုံးအိမ်လေးက မပြည့်မစုံ ဖြစ်နေသော်လည်း အနည်းဆုံးတော့ အေးစက်မှုကို ကာကွယ်ပေးသည်။

အမူးသမားကြာပန်းက သူ့လက်ကို မြှောက်လိုက်လျှင် ကြာရွက်များ အထပ်လိုက် သူ့လက်ထဲမှာ ပေါ်လာသည်။ ၎င်းကြာရွက်များမှ ရေများကို သူ ဖယ်ရှားပစ်သည်။ ကြာရွက်များ ခြောက်သွေ့သွားလျှင် ကျောက်တုံးအိမ်လေး၏ ထောင့်တစ်နေရာမှာ ၎င်းကြာရွက်များကို ဆင့်စီလိုက်သည်။ ကြာရွက်အိပ်ရာ ဖြစ်လာသည်။

ကြာရွက်များက နူးညံ့မှုမရှိဘဲ နည်းနည်းလေး အမွှေးဆူးရှိသော်လည်း လတ်တလော ဆိုးရွားသော အခြေအနေမှာ မြေပြင်မှ ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာမည့် အ‌အေးဓာတ်ကိုတော့ အနည်းဆုံးအနေဖြင့် ကာကွယ်ပေးနိုင်သည်။

ဂျန်ဝုရှီက သိုလှောင်အိတ်မှ အဝတ်အထည်များကို ထုတ်ယူ၍ ကြာရွက်အိပ်ရာပေါ်တွင် ဖြန့်ခင်းစေလိုက်သည်။ ထို့နောက် လော့မဲ့မဲ့ကို ပွေ့ချီထားရင်းပင် ထိုင်လိုက်သည်။

ခပ်ပွပွ ကြာရွက်အိပ်ရာက သက်သောင့်သက်သာ မရှိပေ။ သို့သော် နူးညံ့သယောင်တော့ ရှိသည်။ မာကျော၍ ညစ်ပေနေသော မြေပြင်ထက်စာလျှင် အဆပေါင်းများစွာ ပိုမို ကောင်းမွန်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now