၈၆၃။ သားရဲမြို့တော်မှ ဧည့်သည်များ (၂)

89 9 0
                                    

၈၆၃။ သားရဲမြို့တော်မှ ဧည့်သည်များ (၂)

ထောင်ချီသားရဲမြို့တော်၏ ရထားလုံးများက စစ်တံခွန်ကျောင်းတော် သိမ်းပိုက်ထားသော တည်းခိုအိမ်ရှေ့တွင် ရပ်တန့်သွားကြသည်။ ဂျန်းယင်းလောင်က ချက်ချင်းပင် သတင်းရ၍ ဧည့်သည်များကို ကြိုဆိုရန် အပြင်ထွက်လာသည်။

ရထားလုံးများမှ ရုပ်ရည်ချောမောသော လူသုံးယောက် ထွက်လာသည်။ သုံးယောက်ထဲတွင် တစ်ယောက်က အသက်သုံးဆယ့်ငါးနှစ်ပတ်လည်လောက် ရှိသည်။ သူ့မျက်နှာက တင်းမာခက်ထန်သည်။ ခံ့ညားသော ရုပ်ရည်သွင်ပြင်ရှိသော ယောက်ျားတစ်ယောက် ဖြစ်သည်။ နောက်တစ်ယောက်က ငယ်ရွယ်သည်။ နှစ်ဆယ့်လေး နှစ်ဆယ့်ငါးနှစ်အရွယ်လောက်သာ ရှိသည်။

သို့သော် သူတို့ သုံးယောက်ထဲတွင် လူစိတ်အဝင်စားဆုံးလူက တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော လူအိုကြီး ဖြစ်သည်။ သူ့မျက်နှာသွင်ပြင်က အရေးအကြောင်းများ အပြည့်ဖြစ်နေသော်လည်း မျက်လုံးများက အချိန်ကာလတစ်ခုလုံးမှာ နစ်မြုပ်နေဟန် ရပြီး သူ့ဘဝကို ခက်ခဲပြင်းထန်စွာ ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ပုံ ရသည်။

လူသုံးယောက်တွင် သက်လတ်ပိုင်း လူက ခေါင်းဆောင်ဖြစ်ပုံရသည်။ သို့သော် သက်လတ်ပိုင်းလူဖြစ်စေ, လူငယ်ဖြစ်စေ, သူတို့က လူအိုကြီးအား တလေးတစား ဆက်ဆံတာကို မြင်တွေ့ရဖို့ မခက်ခဲပေ။

ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်သလဲ... တကယ့်ကို ကလန်ခန်းမသခင် ရှုံးပဲ၊ ကြိုဆိုတာ နှောင့်နှေးသွားလို့ ခွင့်လွှတ်ပေးပါဗျာ ဂျန်းယင်းလောင်က နှလုံးခုန်သံ မြန်လျက် သက်လတ်ပိုင်း လူကို ပြောသည်။

ထောင်ချီသားရဲမြို့တော်ကို မြို့တော်သခင်က အုပ်ချုပ်ထားသည်။ မြို့တော်သခင်၏ လက်အောက်တွင် ခန်းမသခင် လေးယောက် ရှိသည်။ ခန်းမသခင်လေးယောက်က ထောင်ချီသားရဲမြို့တော်ကို အဖက်ဖက်မှ စောင့်ကြပ်ကြည့်ရှုလျက် စီမံခန့်ခွဲကြသည်။ ကနေ့ ဂျန်းယင်းလောင်၏ ရှေ့ရှိ သက်လတ်ပိုင်း လူက မီးလျှံခန်းမ သခင် ရှုံးဘ ဖြစ်သည်။

ခန်းမသခင်လေးယောက်၏ အဆင့်အတန်းက မြို့တော်သခင်ပြီးလျှင် ဒုတိယအဆင့်မှာ ရှိကြသည်။ ဘုရင့်နေပြည်တော်သို့ ရောက်ရှိလာသော အဖွဲ့မှာ ခန်းမသခင်တစ်ယောက်လည်း ပါဝင်လာမည်ဟူ၍ ဂျန်းယင်းလောင် မတွေးထားမိပေ။ ဒါက ထောင်ချီသားရဲ မြို့တော်က တကယ်စိတ်ဆိုးသွားကြောင်း သိသာမြင်သာသည်။ သူတို့က ဒီကိစ္စကို အလေးထားလို့ ရှုံးဘလို ခန်းမသခင်တစ်ယောက်ကိုပင် ပို့လွှတ်လိုက်လေပြီ။

ပါရမီရှင်သမားတော်(၂)Tahanan ng mga kuwento. Tumuklas ngayon