၂၇၁။ "အိပ်မက်ဆိုးဖြစ်လာခြင်း - ၃"

777 65 1
                                    

၂၇၁။ “အိပ်မက်ဆိုးဖြစ်လာခြင်း - ၃”

ဂျန်ဝုရှီက အန္တရာယ်မပေးတတ်သည့် ယုန်ငယ်လေးလို မှားမှားယွင်းယွင်း သတ်မှတ်ခံလိုက်ရသည်။ ထို့ကြောင့်ပင် ကျောက်ချူက တိမ်ဖုံးတောင်ထွတ်၏ အတွင်းပိုင်းအထိ ခေါ်ဆောင်သွားတော့သည်။

ကျောက်ချူက တန်းတန်းမတ်မတ် ရှေ့ဆက်သွားသည်။ တောင်ထွတ်အတွင်း ကင်းလှည့်နေကြသည့် တပည့်များကို ရှောင်ရှားပြီး မှောင်မဲသည့် လမ်းပျပျလေးအတိုင်း ဆက်လျှောက်သည်။

ကျောက်ချူ၏ ကျွမ်းကျွမ်းကျင်ကျင် လှည့်ပတ်သွားလာတာကို တွေ့မြင်ရလျှင်, ဂျန်ဝုရှီက သူမအတွေးများ မှန်ကန်ကြောင်း သိလိုက်သည်။

ကျောက်ချူ၏ တိမ်ဖုံးတောင်ထွတ်ကို နားလည်ထားပုံက ဘိုင်ယန်ရှင်းအန်ထက် မနိမ့်ကျချေ။

တိမ်ဖုံးတောင်ထွတ်၏ အဆောက်အဦပေါင်းများစွာကို ဖြတ်ကျော်သွားသည့် ကျောက်ချူနောက်သို့ သူမက လိုက်ပါသွားသည်။ ဂျန်ဝုရှီ၏ ထက်မြက်သည့် နှာခေါင်းက တိမ်ဖုံးတောင်ထွတ်အတွင်းသို ဝင်ရောက်လာသည်နှင့် ဆေးဖက်ဝင်အပင်များ, ဆေးများ၏ အနံ့များက လေထုထဲ ပျံ့နှံ့နေတာကို သိလာရသည်။ ဆေးထုတ်လုပ်သည့် ဆေးဖက်ဝင်အပင်များ၏ အနံ့သာမက, အမျိုးမျိုး ရောစပ်နေသည့် အပင်များ၏ အနံ့များပါ ပါဝင်သည်။ စူးရှရှ ပျစ်ပျစ်နှစ်နှစ်အနံ့က အားဆေးရနံ့, ကုသခြင်းဆေးရနံ့များနှင့် လုံးလုံး မတူချေ။ တစ်မျိုးတစ်ဖုံအနံ့ ဖြစ်နေသည်။

နောက်ဆုံးတွင် ကျောက်ချူက ဘာမျှ ရေးမထားသည့် အဆောက်အဦရှေ့တွင် ရပ်လိုက်သည်။ အဆောက်အဦရှေ့တွင် တိမ်ဖုံးတောင်ထွတ် တပည့်နှစ်ယောက်က စောင့်နေသည်။ ညနက်နေပြီမို့ အစောင့်နှစ်ယောက်က အတော်ပင်ပန်းနေပုံရပြီး တံခါးများကို မှီကာ မျက်လုံးများပင် စင်းနေကြကာ အိပ်ပျော်လုလု ဖြစ်နေကြသည်။

ခဏအကြာတွင် ကျောက်ချူက လျှပ်တပျက် လှုပ်ရှားလိုက်ကာ လက်ဝါးစာ ကျွေးလိုက်သော်, အစောင့်နှစ်ယောက်က မည်သို့ ဖြစ်သွားမှန်းပင် မသိပဲ မေ့မြောသွားကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now