၇၆၄။ မီးဝိညာဉ်လေလံအိမ်တော် (၇)

211 29 1
                                    

၇၆၄။ မီးဝိညာဉ်လေလံအိမ်တော် (၇)

မီးဝိညာဉ်လေလံအိမ်တော်က သူ့နာမည်လိုပင် သက်ဝင်လှုပ်ရှားနေပြီး ရန်တိုင်းပြည်၏ အကြီးမားဆုံးသော လေလံအိမ်တော် ဖြစ်သည်။ ရှားပါး၍ အဖိုးတန်သော ရတနာများကို တစ်ခုပြီး တစ်ခု ဆွဲထုတ်၍ လေလံတင်နေသည်။ အသီးသီးသော လေလံဆွဲသူများက အပြင်းအထန် သဲကြီးမဲကြီး လေလံဝင်ဆွဲနေကြသည်။

ဂျန်ဝုရှီက ၎င်းပစ္စည်းများကို စိတ်ဝင်စားမှု မရှိချေ။ ပျင်းရိငြီးဖွယ်ကောင်းလောက်အောင် အကြာကြီး စောင့်ပြီးမှ သူမ လိုအပ်သော တစ်စုံတစ်ခုကို မြင်လိုက်သည်။

သွေးကြာပန်းခိုင်ကို စင်ပေါ်သို့ တင်ဆောင်လာသည်။ ကြာပန်း၏ ပွင့်ချပ်များက စွေးစွေးနီနေပြီး သွေးများ တစက်စက် စီးကျနေသလိုပင် ထင်ရသည်။ နာမည်နှင့် လိုက်ဖက်သော ပန်းဖြစ်သည်။ ၎င်း၏ အရောင်က လတ်ဆတ်သော သွေးရောင်ဖြစ်သည်။ သွေးကြာပန်းက သွေးအားတိုးစေပြီး စိတ်ဝိညာဉ်ကို တည်ငြိမ်စေသည့် အာနိသင်ရှိသည်။ ၎င်းကြာပန်းက ရှားပါး၍ တွေ့ရခဲသော ဆေးဖက်ဝင် ဖြစ်သည်။ သွေးကြာပန်းက ရှားပါးသဖြင့် ဂျန်ဝုရှီက ဆေးစာအုပ်ထဲမှာသာ တွေ့ဖူးသည်။ အပြင်မှာ ကိုယ်တွေ့ မြင်ဖူးခြင်းက ဒါ ပထမဆုံး အကြိမ် ဖြစ်သည်။

သွေးကြာပန်းက ယန်ဘူဂွေ့အတွက် ဆေးဖော်စပ်ရာမှာ မဖြစ်မနေ လိုအပ်သော ဆေးဖက်ဝင် ဖြစ်သည်။ နေ့တစ်ဝက်လောက် စောင့်ပြီးမှ သူမ လိုချင်တာကို တွေ့ရသဖြင့် စောင့်ရကျိုး နပ်ပေ၏။

အဆင့်မြင့် ရှားပါးပစ္စည်း ဖြစ်သဖြင့် သွေးကြာပန်း၏ အဖွင့် လေလံဈေးသည်ပင် မတန်တဆ ဖြစ်နေသည်။ တစ်သိန်းမှ စတင်လိုက်သည်။ ထို့ပြင် ရန်တိုင်းပြည်၏ ဘုရင့်နေပြည်တော်က ချန်လင်း မြို့နှင့် လုံးဝ ကွဲပြားခြားနားသည်။ ချမ်းသာကြွယ်ဝသော သူဌေများက ချန်လင်းမြို့ ယှဉ်နိုင်သော အရာ မဟုတ်ပေ။

သွေးကြာပန်းအတွက် လေလံယှဉ်ပြိုင်မှုက မျက်စိတစ်မှိတ်အတွင်းမှာပင် အဆပေါင်းများစွာ ထိုးတက်သွားသည်။ အစပိုင်း တစ်သိန်းမှ ရှစ်သိန်းအထိ မိနစ်ပိုင်းအတွင်းမှာ ထိုးတက်သွားလေ၏။ ထို့ပြင် မရပ်တန့်သေးပေ။ မည်သူမျှ အရှုံးပေးလိုသည့် အရိပ်အယောင်ကိုပင် မပြကြချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now