၇၇၃။ ကိုယ်စီအတွေး (၃)

181 25 0
                                    

၇၇၃။ ကိုယ်စီအတွေး (၃)

ဂျန်ဝုရှီ၏ ပြုမှုဆက်ဆံပုံက လေ့ချန် မျှော်လင့်ထားတာနှင့် တခြားစီ ဖြစ်နေသည်။ ကောင်လေးက သူ ဖိတ်မံတာကို လက်ခံကြောင်း ပြောဆိုလိုက်သဖြင့် သူနှင့် ရင်းနှီးခင်မင်လိုတာ ဖြစ်လိမ့်မည်ဟူ၍ သူ တွေးလိုက်မိသည်။ သို့သော် စကားနှစ်ခွန်းသာ ပြောပြီးနောက် ကောင်လေးက ရုတ်တရက် ခေါင်းငုံ့၍ သူ့ကြောင်လေးကိုသာ အာရုံစိုက်ထားတော့သည်။

လေ့ချန်၏ အပြုံးက ကသိကအောက် ဖြစ်သွားရသည်။ ဖန်ဂျင်က လေ့ချန်၏ မသက်မသာနှင့် ကသိကအောက် ဖြစ်မှုကို ထောက်လှမ်းမိသွားသည်။ ဖန်ဂျင်က အေးစက်စက်ဖြင့် ခပ်ကင်းကင်း နေသော ဂျန်ဝုရှီကို လှည့်ကြည့်ပြီး ရုတ်တရက် ခေါင်းကိုက်သလို ခံစားသွားရသည်။

ဒီသခင်မလေး၏ ပင်ကိုယ်ဗီဇက သာမန်လူများ လွယ်လွယ်ကူကူလက်ခံနိုင်သော အနေအထားမဟုတ်မှန်း သူ သိပြီးသား ဖြစ်သည်။ သို့သော် လေ့ချန်က အနည်းဆုံးတော့ အိမ်ရှေ့စံ ဖြစ်နေသည် မဟုတ်လော။ သူ့ရာထူးဂုဏ်သိမ်အရ နည်းနည်းပါးပါး မျက်နှာသာ ပေးသင့်သည် မဟုတ်လော။ သူ့ကို အခက်တွေ့အောင် မလုပ်သင့်ဘူး မဟုတ်လော။

အဟမ်း.... ဂျန်ရှီက အရမ်းငယ်သေးတယ်, သူက ရှက်လည်း ရှက်တတ်တယ်၊ ကျနော်တို့ကို ခွင့်လွှတ်ပေးဖို့ ကျနော် တောင်းပန်ပါရစေ လေ့ချန်၏ ဖိတ်မံချက်ကို ဂျန်ဝုရှီ လက်ခံလိုက်ခြင်း၏ နောက်ကွယ်မှာ ဖုံးကွယ်ထားသော သဘောတရားရှိနေမှန်း ဖန်ဂျင် သိသည်။ သို့သော်.....

(ငါ့သခင်မလေးရယ်... ဒီလူက မိုးကောင်းကင်အလိုအရ အိမ်ရှေ့စံ ဖြစ်နေတယ်လေ, မင်းက အစဉ်အလာအရ မဆက်ဆံချင်ရင်တောင် သူ့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ စကားတစ်ခွန်း နှစ်ခွန်းလောက်တော့ ပြန်ပြောပေးအုံးမှပေါ့၊ လေ့ချန်ကို သူ့ဘာသာ စကားပြောခိုင်းပြီး ပစ်ထားတာက အတော်လေး လျစ်လျူရှူလွန်းရာ ရောက်နေတယ် မဟုတ်ဘူးလား။)

အရင်တုန်းက အုတ်အောင်းသောင်းနင်း အခြေအနေများဖြင့် တွေ့ကြုံပြီး ဖြစ်သဖြင့် ဖန်ဂျင်က အတော်လေးကို တည်ငြိမ်သူ ဖြစ်လာသည်။

အာ... ရှက်တတ်တယ်လား လေ့ချန်က ပြောသည်။ သူက မေးစေ့ပွတ်၍ ဂျန်ဝုရှီ၏ မျက်နှာကို မျက်လုံးစောင်း၍ ကြည့်လိုက်သည်။ မျက်နှာလေးက ချောမောသည်ဟူ၍ သတ်မှတ်လို့ မရပေ။ သို့သော် နူးညံ့ပြေပြစ်၍ ဆွဲ‌ဆောင်နိုင်စွမ်းတော့ ရှိပေသည်။ ရုပ်ရည်သွင်ပြင်က လှပ၍ မက်မောဖွယ်ကောင်းသော ဖူရွှမ်နှင့် နှိုင်းယှဉ်နိုင်သော အနေအထားမှာ မရှိချေ။ ချစ်စဖွယ်ကောင်းလွန်းသော ချူလင်းယွဲ့နှင့်လည်း နည်းနည်းလေးပင် နှိုင်းယှဉ်လို့ မရပေ။ သို့သော် အစောပိုင်း သူ့အား ဖြတ်ခနဲ ကြည့်သွားသော အေးစက်၍ တည်တံ့ဟန်ရသော ထိုမျက်လုံးတစ်စုံကတော့, သူ့နှလုံးသားကို ရုတ်တရက် ခုန်သွားစေတာကို လေ့ချန် ခံစားမိလိုက်သည်။ ၎င်းအကြည့်တစ်ချက်ကပင် သူ့နှလုံးသားကို ဖျစ်ညှစ်လိုက်သလို ခံစားသွားရစေသည်။ လေ့ချန်မျက်လုံးများက တမင်တကာပင် သေးသွယ်သော ခါးလေးနှင့် နူးညံ့ရှည်လျားသော လက်များကို ခဏလောက် ကြည့်ရှူလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now