၇၈၁။ ညစာစားပွဲ (၈)

187 30 0
                                    

၇၈၁။ ညစာစားပွဲ (၈)

သူမအနားသို့ ကပ်လာသော လူငယ်များကို ဂျန်ဝုရှီက မျက်မှောင်ကြုတ်၍ စူးစူးရဲရဲ ကြည့်လိုက်ပြီး သူမ၏ ဝိညာဉ်စွမ်းအားကို လက်ဖဝါးတွင် ဖြည်းဖြည်းချင်း စုစည်းလိုက်သည်။

သိပ်သည်းသော အစိမ်းရောင် ဝိညာဉ်စွမ်းအားများက ဂျန်ဝုရှီ၏ လက်ဖဝါးတစ်ခုလုံးတွင် ပေါင်းစည်းလာလေ၏။ သူမအား တင်းတင်းမာမာ ဝိုင်းရံလာသော လူငယ်များ၏ မျက်နှာများမှ အပြုံးများက ရုတ်တရက် တောင့်တင်းသွားကြသည်။

မျက်စိကျိန်းမတတ် အစိမ်းရောင် အလင်းကို သူတို့ မယုံကြည်နိုင်စွာ ကြည့်လျက် မျက်လုံးများ ပြူးသွားကြသည်။ သူတို့ မြင်နေရတာ ဟုတ်ရော ဟုတ်ရဲ့လားဟူ၍ ရုတ်တရက် သူတို့ စဉ်းစားလာကြသည်။

ကောင်စုတ်လေးက ဘယ်လို ကြည့်ကြည့် ၁၄နှစ်လောက်, သို့မဟုတ် ၁၅နှစ်လောက်သာ ရှိသည်။ ထိုကောင်လေးက အရည်အချင်းကောင်း ရှိနေလျှင်တောင် အနီရောင်ဝိညာဉ်စွမ်းအား၏ အထွတ်အထိပ်မျှလောက်သာ ဟူ၍ သူတို့ တွေးထားကြသည်။ ထို့ကြောင့်ပင် သူတို့က သူနှင့် တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိရှိ ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။ သို့သော်ငြား သူတို့မျက်လုံးများရှေ့တွင် မယုံကြည်နိုင်ဖွယ်ရာ အစိမ်းရောင်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာချိန်မှာတော့, သရဲသဘက်ကို တွေ့လိုက်ရသလို သူတို့ ဦးနှောက်များ ပိတ်ဆို့သွားကြလေ၏။

(အစိမ်းရောင်ဝိညာဉ်စွမ်းအားတဲ့လား)

(အိုး ဘုရားရေ... ဒါ အစိမ်းရောင် ဝိညာဉ်စွမ်းအားပဲ။)

ဂျန်ဝုရှီအား ပြဿနာရှာရန် လာကြသော လူငယ်များအားလုံး ရုတ်တရက် သူတို့ မေးရိုးများ မြေပြင်ပေါ် ပြုတ်ကျသွားတော့မလို ဖြစ်သွားကြသည်။

(အသက် ၁၄နှစ်လေးနဲ့ အစိမ်းရောင်ဝိညာဉ်စွမ်းအားတဲ့လား)

(လုံးဝ ဖြစ်နိုင်ချေ မရှိတဲ့ဟာပဲ)

နဂါးသတ်ကျောင်းတော်က ထိပ်တန်းကျောင်းတော်ထဲမှ တစ်ကျောင်းဖြစ်သော်လည်း အသက် ၁၄နှစ်လေးဖြင့် အစိမ်းရောင်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားသူကို သူတို့ ဘယ်တုန်းကမှ မတွေ့ဖူးကြချေ။ သူတို့ အားလုံးက ၁၇နှစ် ၁၈နှစ် အရွယ်များ ဖြစ်ကြသည်။ သူတို့ထဲမှ အသန်မာဆုံး တစ်ယောက်က လိမ္မော်ရော်ဝိညာဉ်စွမ်းအားကိုသာ ပိုင်ဆိုင်ထားသည်။ သူတို့ကျောင်းတော်တစ်ခုလုံးတွင် အသန်မာဆုံး ကျောင်းသားသည်ပင် အဝါရောင်ဝိညာဉ်စွမ်းအားကိုသာ ပိုင်ဆိုင်ထားသည်။ ထိုမျှလောက်ဖြင့်ပင် သူ့ကို ပါရမီရှင်ဟူ၍ သတ်မှတ်ထားလို့ ရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now