၂၉၆။ "အစားထိုးခြင်း - ၅"

782 70 0
                                    

၂၉၆။ “အစားထိုးခြင်း - ၅”

ခဲချန်ဂျုက ချင်ယွဲ့အား ချင်းယန်ကလန် ခေါင်းဆောင်နေရာ ရရန် ကူညီပေးခဲ့စဉ်က, ချင်ယွဲ့ကို ထိန်းချုပ်နိုင်ဖို့ လျှို့ဝှက်ချက်ကို သိမ်းထားခဲ့သည်။ ချင်ယွဲ့က ချင်းယန်ကလန်အဓိပတိနေရာကို ရသွားလျှင် သူ့ကို ဖြတ်တောက်ပစ်နိုင်သည် မဟုတ်လော။ ချင်ယွဲ့ကို ထိန်းချုပ်ထားနိုင်သည်မို့ ခဲချန်ဂျု၏ တောင်းဆိုချက်မှန်သမျှကို ချင်ယွဲ့က လိုက်လျောပေးနေရသည်။ တိမ်ဖုံးတောင်ထွတ်အတွင်း ခဲချန်ဂျု၏ ယုတ်မာရက်စက်မှု မှန်သမျှကို မသိကျိုးကျွံပြုပေးနေရသည်။ ချင်ယွဲ့၏ အကြောင်းကို ခဲချန်ဂျုသာ ဖော်ထုတ်လိုက်ပါက ချင်ယွဲ့က လုံးပါး ပါးသွားရမည် ဖြစ်သည်။

သည်လျှို့ဝှက်ချက်ကို ဘိုင်ယန်ရှင်းအန်က  ခဲချန်ဂျုနှင့် ချင်ယွဲ့ အချင်းများနေစဉ် မတော်တဆ ကြားသိခဲ့ရခြင်း ဖြစ်သည်။ ဂျန်ဝုရှီက သည်လျှို့ဝှက်ချက်ကို သူတို့နှင့် ယှဉ်ပြိုင်ရန် အသုံးပြုဖို့ ရည်ရွယ်မထားခဲ့ပေ။ သို့သော် တိမ်ဖုံးတောင်ထွတ်တွင် ခဲချန်ဂျု အသက် ဆုံးရှုံးသွားပြီမို့ မည်သူ့ကိုမျှ အပြစ်မတင်နိုင်တော့ပေ။

မမျှော်လင့်ထားသည့် အခြေအနေအရ သည်လမ်းကြောင်းကို လျှောက်လှမ်းရတော့မည် ဖြစ်လို့ ဂျန်ဝုရှီက အသာစီးရမည့် အရာမှန်သမျှကို သဘာဝကျကျ အသုံးချမည် ဖြစ်သည်။

ချင်းယန်ကလန်တွင် သည်လို ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်က ဟွာယောင်းနှင့် ကျောက်ချူကို တုန်လှုပ်စေသည်။ ချင်ယွဲ့က အဓိပတိရာထူးကို မတရားသိမ်းပိုက်ထားမှန်း သူတို့နှစ်ယောက်လုံး သိကြသည်။ သို့သော် ကိုယ့်ဆရာကို သတ်ဖြတ်ပြီး စက်ဆုပ်ရွံ့ရှာဖွယ် နည်းလမ်းဖြင့် သိမ်းပိုက်ထားမှန်းတော့ မသိကြချေ။

သည်လောကလူ့ဘောင်တွင်, ကိုယ့်ကျေးဇူးရှင်ဆရာကို သတ်ဖြတ်ခြင်းထက် ရွံ့ရှာဖွယ်ကောင်းသည့် အရာ မရှိတော့ချေ။

သည်အကြောင်းအရာသာ ပေါက်ကြားသွားပါက, ချင်ယွဲ့က အဓိပတိရာထူးကို ဆုံးရှုံးနိုင်ရုံသာမက, ဘယ်နေရာသွားသွား သူများ တံတွေးခွက်ထဲ ပက်လက်မျောမည့် ကိန်းပင်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now