၆၇၆။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၁)

294 31 0
                                    

၆၇၆။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၁)

ရှီလေး ဘယ်မှာ ရှိနေနိုင်သလဲ မဲမှောင်နေသော မြူထုကြားမှာ အလင်းလုံးက လင်းလက်နေသည်။ ၎င်းအလင်းက ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်တိုးသော သူတို့၏ သေးငယ်သော နေရာတဝိုက်ကို အလင်းပေးထားသည်။

ကျောက်ချူက သစ်သားတုတ်ရှည်ကို ကိုင်ထားသည်။ ထိုင်းမှိုင်းစိုစွတ်သော ရေညှိများအပေါ် သူ ရုန်းကန်၍ လျှောက်လှမ်းနေသည်။

တဖျပ်ဖျပ် တောင်ပံခတ်လျက် ငရဲလိပ်ပြာက မှိုင်းမှုန်နေသော မြူထုကြားမှ အလင်းရောင်ရှိသော သူတို့ နေရာသို့ ပျံသန်းလာသည်။ ထို့နောက် ရောင်းရူ၏ လက်ချောင်းထိပ်ဖျားမှာ နားလေ၏။

ဘာမှ ရှာမတွေ့ဘူး ရောင်းရူက မျက်မှောင်နက်နက် ကြုတ်ရင်း သတင်းပေးသည်။ မွန်းစတားကြီး၏ အတိုက်ခံရသော နေ့မှာ လေပြင်းမုန်တိုင်းကြောင့် သူတို့ နေရာအသီးသီးသို့ ပြန့်ကျဲ ရောက်ရှိသွားကြသည်။ ရောင်းရူ ပြန်လည် နိုးထချိန်မှာ သူမ၏ အပေါင်းအဖော်များကို ရှာဖွေရန် သူမ၏ ငရဲလိပ်ပြာများကို နေရာစုံသို့ ပို့လွှတ်ခဲ့သည်။

ထိုနေ့မှ စ၍ ကနေ့ဆိုလျှင် လဝက်ရှိနေလေပြီ။ ရောင်းရူက သူမ၏ ငရဲလိပ်ပြာများ ဦးဆောင်ရာ နောက်သို့ လိုက်ရင်း ကျောက်ချူတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ ငရဲလိပ်ပြာ၏ ဦးဆောင်မှုဖြင့် ယဲ့ရှနှင့် ယဲ့မေ့ကိုပင် တည်နေရာ ရှာဖွေနိုင်ခဲ့သည်။ သို့သော် သူတို့ ဂျန်ဝုရှီ၏ တည်နေရာကို ရှာမတွေ့ကြသေးပေ။ သူမက မြူထုကြားမှာ လုံးဝ ကွယ်ပျောက်သွားသလိုပင်။ ငရဲလိပ်ပြာများကို မည်မျှလောက်ပင် ပို့လွှတ်ပါစေ, ဂျန်ဝုရှီ၏ အရပ်အယောင်ကိုပင် မတွေ့ကြသေးချေ။

နွံဗွက်များ ဝိုင်းရံနေသဖြင့် သူတို့၏ တိုးတက်မှုက နာကျင်ဖွယ်ရာ နှေးကွေးနေသည်။ သူတို့နှလုံးသားများကလည်း စိုးရိမ်ပူပန်ခြင်း ပြင်းထန်နေကြသည်။ သူတို့အားလုံး အနားပင် မယူနိုင်ကြချေ။

သူတို့ တကွဲတပြား ဖြစ်မသွားခင်, ဂျန်ဝုရှီက မွန်းစတားကြီး၏ တိုက်ခိုက်မှုကို ခံလိုက်ရကြောင်း သူတို့ ရှင်းလင်းစွာ မြင်ခဲ့ကြသည်။ ကံကောင်းသဖြင့် လော့မဲ့မဲ့က ထိုသေရေးရှင်ရေး အချိန်မှာ လှမ်းထွက်ခဲ့သည်။ သို့သော် ဂျန်ဝုရှီ အသက်ရှင်သေးလားဆိုတာကိုတော့ သူတို့ မသေချာကြပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now