(၁၀၇) ခုန်လွှဲနေသော မျောက်၏ နှလုံး၊ ကဆုန်စိုင်းနေသော မြင်း၏ ထုံး

5.9K 812 12
                                    

Burmese Translation of "Doomed to be Cannon Fodder".

Translator - No Coz

(၁၀၇) ခုန်လွှဲနေသော မျောက်၏ နှလုံး၊ ကဆုန်စိုင်းနေသော မြင်း၏ ထုံး

ဒါကို လုံဟန့်လဲ ကောင်းကောင်းသိတယ်။ လူတိုင်းမှာ နည်းနည်းတော့ စွာတတ်တဲ့ စရိုက်ကလေး တစွန်းတစစီ ပါတတ်ကြတာပဲ။ မဟုတ်ရင် ယုန်တောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်တတ်တယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကား ဘယ်ရှိလာပါလိမ့်မလဲ။

ပိုင်ရှန်းရှို့ဟာလဲ ယုန်ကလေးလိုဆိုပေမဲ့၊ သူမဟာ ဘယ်လောက်ပဲ ချစ်စဖွယ် နှစ်လိုစရာ ဖြစ်နေပါစေ၊ သူမကိုယ်ကို ထိန်းချုပ် သည်းခံမနေနိုင်တော့တဲ့ တစ်ချိန်ဆိုတာ ရှိလာမှာပဲလေ။ သူမ အိပ်ပျော်နေတဲ့ အချိန်ကလေးမှာမှ အဲ့စရိုက်ကလေး ပေါ်လာလိမ့်မယ်လို့ပဲ သူ မထင်ခဲ့မိတာ။ သူ အရိုက်ခံလိုက်ရပြီးတဲ့အခါမှာ ချိုမြိန်တဲ့ ခံစားချက်လေး ရမိတော့တယ်။ သူ သူမကို ထပ်မနှောင့်ယှက်တော့ဖို့သာ ဆုံးဖြတ်လိုက်လေတယ်။ 'မင်း အိပ်ချင်တယ်ဆိုမှတော့ ဆက်အိပ်ပေါ့'

"အိပ်ခန်းကို ပိုနွေးအောင် လုပ်ပေး" လုံဟန့် အလိုအလျောက် အမိန့်ပေးညွှန်ကြားလိုက်မိတယ်။

ရှောင်ရှီလဲ တစ်ခဏတော့ ပါးစပ်အဟောင်းသား ဖြစ်သွားမိသေး၊ ပြီးတော့မှ သူမ အသိပြန်ဝင်လာပြီး ပြောတော့တယ်။ "အရှင်မင်းသား၊ မီးဖိုက ပူလွန်းအားကြီးရင်လဲ ကိုယ်တွင်းအပူများတဲ့ ဝေဒနာကို ခံစားရစေတတ်ပါတယ်အရှင်" သူမ သခင်မရဲ့ အကျိုးအတွက်သာ မဟုတ်ရင် သူမ ဒီလို ထုတ်ပြောရဲမှာ မဟုတ်ခဲ့ဘူး။

မင်းသားလီဟာ သူမကို တစ်ခဏတော့ စိုက်ကြည့်နေခဲ့ပေမဲ့ ညွှန်ကြားချက်ကို ဆက်လုပ်ဖို့ အတင်း မတိုက်တွန်းတော့ဘူး။ သူ့ကိုယ်လုပ်တော်လဲ အိပ်ပျော်နေပြီဆိုတော့ ယောကျ်ားဖြစ်တဲ့သူက အဲ့ဒီမှာ ဆက်နေဖို့ မကောင်းဘူး။ ဒါကြောင့်မို့ သူ ထွက်သွားဖို့ ဆုံးဖြတ်ကာ အစီအစဥ်တချို့ ဆောင်ရွက်ဖို့လုပ်တော့တယ်။ အိမ်တော်တွင်းမှာလဲ ဘဏ္ဍာမှူးကိုယ်တိုင် ကြီးကြပ်ရမဲ့ ကိစ္စလေးတွေ ရှိသေးတော့ သူ အဲ့ဒါတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာကို တစ်ချက် စီစဥ် ညွှန်ကြားဦးမယ်ပေါ့။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]Where stories live. Discover now