Burmese Translation of "Doomed to be Cannon Fodder".
Translator - NC
(၁၈၉) စိုးထိတ်ရ... မင်းသားလီ ကလဲ့စားပြန်ချေ
ဒီအချိန်ကလေး ကွက်တိမှာမှ လုံဟန့် အသိပြန်ဝင်သွားတယ်။ အစကတော့ သူ တော်တော်လေး အံ့အားသင့်သွားတာ၊ ဒါပေမဲ့ ဘာတွေ ဖြစ်နေသလဲဆိုတာကို ချက်ချင်းပဲ ရိပ်စားမိသွားလေတယ်။ ရန်သူ့တိုင်းပြည်က အဆိပ်ပိုးကောင်တွေ အသုံးပြုရာမှာ ကျွမ်းကျင်မှုရှိမှန်း သူ သိထားတယ်လေ။ သူ့လက်အောက်ငယ်သားတစ်ယောက်ဆို မျက်လုံးတွေ နီလာပြီးနောက်ပိုင်း ကိုယ့်ရဲဘော်ရဲဘက်ကိုပါ ပြန်သတ်ခဲ့တာကို သူကိုယ်တိုင် မြင်ခဲ့ဖူးတာကိုး။
ပိုင်ရှန်းရှို့က ကပ်ပါးပိုးကောင်တစ်ကောင်ကောင်ရဲ့ လွှမ်းမိုးထိန်းချုပ်မှုခံနေရတယ်ဆိုတာ သိသာတယ်။ တစ်ခုလေးထူးခြားနေတာက သူမဟာ သူမရဲ့ သိစိတ်တချို့ ကပ်နိုင်အောင် သတိထိန်းထားနိုင်သေးတာပဲ။ တော်သေးတယ်၊ သူမကိုယ်သူမ တားနိုင်လို့။ မဟုတ်ရင် ခုနက ကတ်ကြေးနဲ့ လုံဟန့်ကို ထိုးဖြစ်လိုက်မှာရယ်၊ လုံဟန့်လဲ တကယ်ကြီး သေသွားနိုင်တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ လုံဟန့်တစ်ယောက် ကိုယ့် လုံခြုံရေးကို ဂရုမထားနိုင်အားဘူး။ သူ့စိတ်တွေက ပိုင်ရှန်းရှို့အပေါ်ပဲ စိတ်ပူနေမိတော့တာ။
အဆိပ်ပိုးကောင်ကို ကုသဖို့က လွယ်တာမဟုတ်ဘူး။ သူ လက်ဗလာနဲ့ ကြိုးကို ဆွဲဖြတ်ပစ်လိုက်တယ်။ သူ့လက်ကောက်ဝတ်က အရေပြားတွေတောင် ပွန်းပဲ့ကုန်လေတယ်။ ဒါပေမဲ့ လုံဟန့်ကတော့ အဲ့ဒဏ်ရာတွေကို ကြည့်မနေနိုင်ဘူး။ သူမဆီကိုပဲ လက်လှမ်းလိုက်တယ်။ ပိုင်ရှန်းရှို့ လက်နှစ်ဖက်ကတော့ တစ်ဖက်နဲ့ တစ်ဖက် နပမ်းသတ်နေရှာတာပေါ့။ လုံဟန့် သူမ လက်တွေကို ဆွဲချုပ်လိုက်ပြီး သူမ ညာလက်ထဲမှာရှိနေတဲ့ လက်နက်ကို လုယူပစ်လိုက်တယ်။
"သွားတော့..." ပိုင်ရှန်းရှို့ဟာ သူမခန္ဓာကိုယ်ထဲ ရှိသမျှ အားတို့ ညှစ်ထုတ်ကာ အဲ့စကားလေးတစ်ခွန်းပြောဖြစ်အောင် ပြောထုတ်လိုက်တယ်။ ပြီးတာနဲ့၊ ရုတ်တရက်၊ သူမမှာ ဘယ်ကရလို့ ရမှန်း မသိတဲ့အားတွေနဲ့ လုံဟန့် ချုပ်ထားတဲ့ဆီက ရုန်းထွက်ကာ မြေပေါ်အသာ ခုန်ဆင်းလိုက်လေတယ်။ နောက်တော့ ခြေတစ်ဖက်ကို ကြမ်းမှာထောက်ထားလိုက်ပြီး နောက်တစ်ဖက်က သိုင်းကားတွေထဲ ပါနေကျအကွက်အတိုင်း လုံဟန့်ခေါင်းကို နောက်ပြန်ပတ်ကန်လိုက်တယ်။ 'စောက်ကျိုးနည်း...! ငါ ဘယ်တုန်းက သိုင်းတတ်သွားတာလဲ'
YOU ARE READING
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 1]
Historical Fictionဘာသာပြန်ဝတ္ထုပါ။ [Zawgyi + Unicode] ___ အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်ပေါ့။ သူမမှာ သူ့လက်ကိုတောင် ဆုပ်ကိုင်ခွင့်မရလိုက်ဘဲ အရှင်လတ်လတ်ရိုက်သတ်ခံရမယ့် ကြမ္မာရှိနေတယ်လား...