part 2

3K 254 3
                                    

unicode

အပိုင်း ၂။ အဆိပ်ဝိုင် (၂)
“လင်ကျစ် ငါ နင့်အကူအညီလိုတယ်၊ နင် ငါ့ကို ကူညီမယ်လို့ ပြောခဲ့တယ် မဟုတ်လား”

ယဲ့ကျန်းက သူ၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ကာ စိတ်ပျက်အားငယ်စွာ ကြည့်လိုက်သည်။ လွန်ခဲ့သော နှစ်နှစ်လုံးလုံး သူမကို သူဆက်တိုက်ကူညီပေးခဲ့၏။ ထို့အတွက်ကြောင့် သူမ၏ အရင်းနှီးဆုံးမိတ်ဆွေဟု သူမ သတ်မှတ်ထားခဲ့သည်။ လက်ရှိတွင်လည်း သူမနှင့် အရင်းနှီးဆုံးသူဖြစ်နေသေး၏။
သူမ မော့ရုံကျန်းကို စာပို့တိုင်း သူက ပို့ပေးသည်။ ယခုအခါတွင် သူမ ဒုက္ခရောက်သောအခါ ပထမဦးစွာ တွေးမိသည်မှာ လုလင်ကျစ်သာလျှင်ဖြစ်သည်။
“ဒါပေါ့ ငါ ကူညီမယ်လို့ပြောခဲ့တယ်”
လုလင်ကျစ်က နှစ်သိမ့်သလိုပြုံးသည်။ သူက ယဲ့ကျန်း သူမ၏ဝတ်ရုံထဲမှ တစ်စုံတစ်ရာ ဆွဲထုတ်လိုက်ခြင်းကို ကြည့်နေ၏။ ထိုအရာက ဖီးနစ်ပုံထွင်းထုထားသော အစိမ်းရောင်ကျောက်တုံးလေးဖြစ်သည်။
“ငါ့ကိုကူညီပြီး ဒါကိုအင်ပါယာဆီကို ယူသွားပေးပါ၊ သူ ဒါကိုမြင်ရင် ငါ့ကိုချက်ချင်း လာတွေ့လိမ့်မယ်”
ယဲ့ကျန်းက ထိုကျောက်စိမ်းတံဆိပ်ကို ရှစ်နှစ်တိုင်တိုင် သိမ်းထားခဲ့သည်။
“ဒါက ပြဿနာမဟုတ်ဘူး”
လုလင်ကျစ်၏အကြည့်က ကျောက်တုံးတံဆိပ်ပေါ် ရောက်လာပြီးနောက် တောက်ပသွားသည်။
“ဧကရာဇ်က သူ့ရဲ့တော်ဝင်တာဝန်တွေကို လုပ်နေရတာနဲ့ မအားလပ်ရုံပါ”
“ငါ တောင်းပန်ပါတယ် လင်ကျစ် နင် သူ့ကိုတွေ့ရဖို့အတွက် အကြောင်းအရာတစ်ခုခု ပြောလိုက်လို့ရတာပဲ၊ ငါ ဘာမှ မတောင်းဆိုပါဘူး၊ ဒီအတိုင်း ငါ့ရဲ့မိသားစုကိုတော့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်၊ ငါ သူ့အသက်ကို ကယ်ခဲ့တာလေ၊ အဲဒီအချိန်က ငါ့မှာသာ ဒါရှိရင် ငါ ဘာပဲတောင်းဆိုတောင်းဆို သူ ဖြည့်ဆည်းပေးမယ်လို့ ကတိပေးခဲ့တယ်၊ ကျေးဇူးပြုပြီး ငါ တစ်ခုပဲ တောင်းဆိုချင်တာပါ၊ ယဲ့မိသားစုကို ချမ်းသာပေးပါ”
ယဲ့ကျန်း၏မျက်နှာတွင် မျက်ရည်က ပြည့်နှက်နေခဲ့သည်။ သူမက သူနှင့်ဆက်နေရန် ဆန္ဒမရှိတော့ပါပေ။ လက်ရှိအချိန်တွင် သူမ အဖြစ်ချင်ဆုံးက သူမ မိသားစုကို ကယ်တင်ချင်ရုံမျှသာဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းတံဆိပ်ကို လုလင်ကျစ်ကို တုန်ယင်နေသောလက်များဖြင့် ပေးလိုက်၏။
လုလင်ကျစ်၏ မျက်ဝန်းက ကျောက်စိမ်းတံဆိပ် ကိုင်ထားသော လက်ထံသို့ ရောက်လာကာ တောက်ပနေခဲ့၏။
“ကောင်းပြီ၊ ငါ ကူညီပေးမယ်၊ ငါ ပြန်လာတာကို စောင့်နေပါ”
ယဲ့ကျန်းက စံအိမ်သို့ပြန်သွားပြီး စောင့်ဆိုင်းနေခဲ့၏။ သို့သော် သူမ မသိထားသည်မှာ သူမ ပြန်ရောက်လာခြင်းကို စောင့်ဆိုင်းနေသည့် အဆိပ်တစ်ခွက်ကိုသာလျှင်ဖြစ်သည်။
“ဘာလို့လဲ”
ယဲ့ကျန်းက လုလင်ကျစ်ကို စိတ်ရှုပ်ထွေးစွာကြည့်သည်။ ကျောက်စိမ်းတံဆိပ်ကို မြင်လျှင် သူ သေချာပေါက် သူမက သူ့ကို ကယ်ခဲ့သော အမျိုးသမီးဖြစ်မှန်း သိပေလိမ့်မည်။
ဒါပေမဲ့ ဘာလို့ လာမတွေ့ရတာလဲ။
“ဧကရာဇ်က သူ့ကို ကယ်ခဲ့တဲ့ အဲဒီမိန်းကလေးကို ရှန်းအာလို့ပဲ ထင်နေတာ၊ မင်းက ကျောက်စိမ်းတံဆိပ်ကို ပိုင်ထားပြီး သူ့ကို ပြလိုက်မယ်ဆိုရင်တောင်မှ ဘာမှ မပြောင်းလဲသွားနိုင်ဘူး”
လုလင်ကျစ်က ဖျော့တော့စွာ ပြောသည်။
ယဲ့ကျန်း ရုတ်တရက် မျက်လုံးကို ဝေ့ကာ လုလင်ကျစ်ကို ကြည့်လိုက်၏။
“ရှန်းအာ ဟုတ်လား၊ လုရှန်းအာဆိုတာက နင့်ညီမ မဟုတ်လား၊ ငါက အင်ပါယာကို ကယ်ထားခဲ့တဲ့သူမှန်း နင်သိနေတာပဲ၊ ဘာလို့ သူ့ကို မရှင်းပြတာလဲ”
သို့ရာတွင် လုလင်ကျစ်က သူမကိုသာ အထင်တသေး စိုက်ကြည့်လာသည်။
“လင်ကျစ် ငါ့ကိုဖြေစမ်းပါ၊ ဘာလို့လဲ”
သူမ အခြားသော မေးခွန်းတစ်ခုကို မမေးရသေးခင် သူမအနားမှ အယုံကြည်ရဆုံးသူများက သူမ၏ လက်များကို ချုပ်လာသည်။ သူမ အားလုံးကို ကန်ကြောက်ကာ ရုန်းကန်နေသည့်တိုင်အောင် သူမက အားနည်းလွန်းနေခဲ့၏။
“ယဲ့ကျန်း ဒီဘဝမှာတော့ ငါ မင်းကို အကြွေးတင်သွားပြီ”
လုလင်ကျစ်က ခပ်တိုးတိုး ပြောသည်။
“ကောင်းကောင်းသွားပါ”
သူမ၏ အယုံကြည်ရဆုံးအစေခံက သူမ၏ပါးစပ်ကို ဟကာ ထိုအဆိပ်ပါနေသည့် ဝိုင်ကို လောင်းထည့်သည်။ ထိုအချိန်တွင် သူမ သတိလက်လွတ် မျိုချလိုက်မိ၏။
လုလင်ကျစ်၏တိုးလျသောအသံက ပဲ့တင်ထပ်လာသည်။
“နောက်ဘ၀သာ ရှိမယ်ဆိုရင် ငါ ပြန်ပေးဆပ်မှာပါ …”
သူမက ရှုပ်ထွေးနေသော ကြမ်းပြင်ပေါ် ပုံလျက် လဲကျသွား၏။ သူမ၏ လည်မျိုကို ကုတ်ခြစ်ကာ အသက်ရှူရရန် ရုန်းကန်သည်။ သူမ ခံစားရသမျှအားလုံးကို ကြိတ်မှိတ်ခံစားလျက် လုလင်ကျစ်၏ တည်ငြိမ်သော မျက်နှာကိုစိုက်ကြည့်လိုက်၏။ ထို့နောက် ရုတ်တရက် သူမ၏နှလုံးသားက  နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုအရာမှလွဲပြီး အခြားအရာများက ငြိမ်သက်သွား၏။
သစ္စာဖောက်ခံရသော နာကျင်မှုဖြစ်သည်။ သူမ၏စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ဖောက်ထွက်ကာ လေထဲတွင် အလင်းအဖြစ် ပျံသန်းသည်။ အရာအားလုံးက ပြောင်ရှင်းနေခဲ့၏။ လုလင်ကျစ်က နန်းတော်အတွင်းမှ အစေခံအားလုံးကို သတ်ခိုင်းသောအမိန့်ကိုလည်း သူမ ကြားရသည်။ မြင်လည်း မြင်ရ၏။ သူမကို သတ်ခဲ့သော၊ သူမကို သစ္စာဖောက်ခဲ့သည့် ထိုအစေခံကိုပင် သူက ပြန်သတ်ခဲ့သေးသည်။
သူမ နေခဲ့သော သည်နန်းတော်ငယ်ကို မီးက စွဲလောင်သွားသည်။ ယဲ့ကျန်းနှင့်ပတ်သက်သမျှ သဲလွန်စတိုင်း ဖျောက်ဖျက်ခံလိုက်ရ၏။
ယဲ့ကျန်း၏ စိတ်ဝိညာဉ်က လုလင်ကျစ်၏နောက်မှလိုက်ကာ တော်ဝင်နန်းတော်အတွင်းသို့ ရောက်သွားသည်။ ထို့နောက် အင်ပါယာ စာကြည့်ဆောင်သို့ ရောက်သွား၏။
“အရှင်မင်းကြီး ဝမ်ဖေးယဲ့ကျန်းက အရှင်မင်းကြီးက နန်းတော်ထဲမှာ အကျဉ်းချထားမဲ့အကြောင်းကို ကြားသွားပါတယ်၊ သူမက နန်းတော်ထဲမှာ အကျဉ်းချမခံချင်ဘူး၊ ဒါကြောင့် ကိုယ့်အိမ်ကို မီးရှို့လိုက်ပါတယ်၊ ဘယ်သူမှ မကျန်ရစ်ခဲ့ပါဘူး”
လုလင်ကျစ်က ဒူးထောက်ကာ သူ၏ရှေ့မှလူကို ရိုကျိုးစွာပြောလိုက်သည်။
ယဲ့ကျန်းက ထိုအချိန်တွင် တိုင်လုံးတစ်လုံးကို မှီကပ်ကာ နေ နေချိန်တွင်ဖြစ်သည်။
သူမ၏ခန္ဓာကိုယ်ကို မည်သည့်အရာကမျှ မတားဆီးနိုင်တော့ပေ။ ထို့ကြောင့် သူမ၏တစ်ဘဝလုံးစာ ရင်းနှီးသော်လည်း ထူးထူးခြားခြား ခံစားနေရသောသူကို စိုက်ကြည့်လိုက်မိ၏။ သူမ၏တစ်ကိုယ်လုံးက ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ယင်လာတော့သည်။
သူ့ကို မမြင်ခဲ့ရသည်မှာ အချိန်အတန်ကြာသွားခဲ့ချေပြီ။ သူက သူမ မှတ်မိသကဲ့သို့ မျက်စိမမြင်ဘဲ ပြောင်ရှင်းသော ဝတ်စုံများကိုသာ ဝတ်ဆင်ထားတတ်သည့် ကောင်းမွန်သောသူ မဟုတ်တော့ပေ။ ထို့အစား သူက ပို၍ ချောမောလာသေး၏။ မျက်ခုံးကလည်း ဖြောင့်တန်းသည်။ မျက်နှာပြင်က အရာအားလုံး ပြီးပြည့်စုံကာ ထူးချွန်စွာဖြင့် ခံ့ညားချောမောနေခဲ့၏။ သိသိသာသာ ပြောင်းလဲသွားသောအရာကို သူမ ခံစားလိုက်ရသည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now