Part 100

1.1K 104 3
                                    

Unicode
အပိုင်း (၁၀၀) သူမက တကယ်ပဲ တတိယသခင်မလေးလား ၁

လဝက်က ဝေဝါးစွာကုန်လွန်သွား၏။
လုလင်ကျစ်၏ခြေထောက်က အပြည့်အဝ မသက်သာသေးပေ၊ ကုစားနှုန်းက လုရှန်းကျစ်ထက် များစွာနှေးကွေးခဲ့သည်။ သို့ရာတွင် လုရှန်းကျစ်၏ ယခင်က ပေးခဲ့သောဆေးကြောင့် လဝက်ခန့်အကြာတွင် သူ လမ်းလျှောက်နိုင်ခဲ့၏။ မသက်မသာတော့ ဖြစ်နေသေးလေသည်။
“ယောင်ယောင်က နှစ်ရက်နေရင် အကယ်ဒမီဝင်ခွင့်စာမေးပွဲ ဖြေဆိုရတော့မယ်၊ ဒါကြောင့် ငါတို့ ပြန်သင့်ပြီ”
လုလင်ကျစ်က လဝက်ခန့် သည်နေရာတွင် အနားယူခဲ့သည်။ သူ ဧကရာဇ်ကို သွားတွေ့သင့်နေလေပြီ။
ယဲ့ကျန်းတွင်လည်း တူညီသောအကြံအစည်ရှိ၏။ သို့သော် သူမ လုလင်ကျစ်နှင့်အတူ မသွားလိုပေ။ သူမက သူ သည်နေရာတွင် အနည်းငယ်လဝက်ခန့် နေအုံးမည်ဟု ထင်ထားခဲ့ခြင်းဖြစ်၏။ သို့သော် ထွက်ခွာရမည့်အချိန်တွင် ရထားလုံးတစ်စီးက အပိုပါလာခဲ့၏။ ဒါက လုလင်ကျစ်အတွက်ဖြစ်မှန်း သူမ နားလည်သွားသည်။
“ငါတို့ပြန်တဲ့အချိန်မှာ လူတိုင်း မင်သက်သွားမှာ ငါ ကြောက်မိပါရဲ့”
ဆရာမရှန်းက ယဲ့ကျန်းကို ကြည့်ပြီးပြောသည်။
ယဲ့ကျန်းက ထိုစကားကိုကြားသောအခါ ရယ်သည်။
“ဆရာမရှန်းကလည်း အခု အရင်ကထက်စာရင် အများကြီး ငယ်ရွယ်သွားတာပဲ မဟုတ်လား၊ ဒါလည်း အံ့ဩစရာကောင်းတာပဲ”
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူမက ပုလဲမှုန့်ဟုခေါ်သော ဆေးတစ်မျိုး ဖော်စပ်နည်းပါသည့် စာအုပ်ကို ရှာတွေခဲ့သည်။ ထိုထဲတွင် အချို့သော ဆေးဖော်စပ်ရာတွင် အသုံးပြုရမည့် ပါဝင်ပစ္စည်းများအားလုံးနှင့်အတူ သူမ အလှဆီ လုပ်နိုင်လိုက်၏။ ထိုအရာကို သူမ ညတိုင်းလိုလိုလိမ်းသည်။
တစ်စုံတစ်ယောက်ကသာ ဒါကိုအချိန်အတန်ကြာ လိမ်းနိုင်မည်ဆိုလျှင် သူတို့၏အသားအရေက ဖျော့တော့လာပြီး အမာရွတ်ကင်းစင်လာပေလိမ့်မည်။ သူမက စာအုပ်ထဲတွင်ပါသော ထိုဖော်စပ်သည့်လမ်းညွှန်အတိုင်း ပုလင်းများစွာလုပ်ထား၏။ နောက်ဆုံးတွင် သူမက လင်းချွမ်အနည်းငယ်ထည့်သည်။ ထိုပုလင်းများပါသော ဘူးတစ်ဘူးအား ဆရာမရှန်းကို ပေးထားသည့်အတွက် ယခင်ကထက်စာလျှင် သူမ၏အသားအရေက သွေးရောင်လွှမ်းပြီး ငယ်ရွယ်ဟန်ပေါက်ကာ လှပနေလေပြီ။
ဆရာမရှန်းက သည်အရာများကို ဂရုမစိုက်ပေ။ သူမ၏ကျောင်းသူက ပင်ပင်ပန်းပန်း ကြိုးစားထားသဖြင့်သာ သူမက အရေးတယူရှိပြီး လိမ်းခဲ့ခြင်းဖြစ်၏။ မထင်ထားဘဲ သည်လောက်အထိ ကြီးမားသောသက်ရောက်မှုကရှိခဲ့သည်။
အခြားတစ်ဖက်တွင် ယဲ့ကျန်းက အံ့အားသင့်ရသည့်အပြင် ကျေနပ်မိသေးသည်။ သူမက ပြန်ရောက်လာသောအခါ သည်အလှဆီကြောင့်ဟု သူမက ရှင်းပြနိုင်မည်ဖြစ်၏။ သူမ ရေပူစမ်းတွင် စိမ်ခဲ့ပြီး အလှဆီကို လိမ်းသောကြောင့် ယခုကဲ့သို့ပြောင်းလဲလာခြင်းဟု ပြောလိုက်လျှင် မည်သူမျှ သံသယဝင်တော့မည်မထင်ပေ။
ဆရာမရှန်းက ခေါင်းကိုခါသည်။
“မင်းမှာ ဒီလိုအတွေးလေးတွေရှိနေတာပဲ၊ အနာဂတ်မှာ လူတွေက ဒီလိုစွမ်းရည်မျိုးကြောင့် မင်းဆီကို ရောက်လာကြတော့မယ် ထင်ပါတယ်”
“ဟုတ်တာပေါ့ ကျွန်မတို့ သွားသင့်ပြီ၊ ကျွန်မရဲ့အမေနဲ့အဖွားကိုလည်း ပေးရမယ်”
ယဲ့ကျန်းက စိတ်လှုပ်ရှားတက်ကြွစွာဖြင့်ပြောသည်။
နှစ်နာရီခန့်ကြာပြီးနောက် သူတို့နောက်ဆုံးတွင် လုစံအိမ်သို့ ပြန်ရောက်သွားသည်။
ယဲ့ကျန်းက ရထားလုံးထဲမှ ထွက်လာသည့်တစ်ခဏတွင် ပတ်ဝန်းကျင်ရှိလူတိုင်း မင်သက်ကုန်ကြသည်။ လှပပြီး နူးညံ့သိမ်မွေ့သောအမျိုးသမီးက ရေထဲမှ ကြာပန်းကဲ့သို့ တင့်တယ်လွန်းလှသဖြင့် သူမကို မမှတ်မိကြတော့ပေ။
သူမ ထွက်ပေါ်လာသည်နှင့် သူမ၏အလှက နွေဦးပန်းပွင့်များကဲ့သို့ ထင်ရှားနေသည်။ လူတိုင်း သူမထံမှ အကြည့်မလွှဲနိုင်ကြတော့ပေ။
“ဆရာမ ဆရာမ ပြန်ပြီး အနားယူလိုက်ပါ၊ ကျွန်မ အဖွားကိုသွားပြီး ဂါရ၀ပြုလိုက်ပါအုံးမယ်”
ဆရာမရှန်းက ခေါင်းညိတ်သည်။
လုလင်ကျစ်က လုရှန်းကျစ်၏လက်ကို ကိုင်လျက် အနားသို့ရောက်လာ၏။
“ယောင်ယောင် သွားစို့”
တတိယသခင်မလေးလား။
ပတ်ဝန်းကျင်ရှိ အစေခံတိုင်း လုလင်ကျစ်ညွှန်းဆိုသော အသံကိုကြားသည်နှင့် ယဲ့ကျန်းကို အံ့အားတကြီး လှည့်ကြည့်မိကြသည်။
ဒါ ဒါက အရင်က အသားမည်းတူးပြီး ပိန်ပါးခြောက်ကပ်နေတဲ့ တတိယသခင်မလေးလု ဆိုတာလား၊ မဖြစ်နိုင်လိုက်တာ။
ယဲ့ကျန်းက လုလင်ကျစ်ကို တစ်ချက်ကြည့်ပြီးနောက် သူ့အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါလျက် အခန်းအတွင်းသို့ ဝင်သွားသည်။
အိမ်တော်အတွင်းတွင် သခင်မကြီးလုက သူတို့အား စောင့်ဆိုင်းနှင့်ပြီဖြစ်သည်။ အကြီးဆုံးမြေးက ဒဏ်ရာရသွားကြောင်း ကြားသောအခါ သူမက ချက်ချင်းလာလိုခဲ့၏။ လုရှီမင်ကသာ သူမကို တားခဲ့သောကြောင့်သာမဟုတ်လျှင် သူမ ကျွင်းကျစ်သို့ ရောက်နေလောက်ချေပြီ။
အပြင်ဘက်တွင်ရှိနေသော အစေခံက ပျော်ရွှင်ဝမ်းသာအားရဖြင့်အော်သည်။
“သခင်မကြီးလု တတိယသခင်မလေး၊ အကြီးဆုံးသခင်လေးနဲ့ စတုတ္ထသခင်လေးတို့ အားလုံး ပြန်ရောက်လာကြပါပြီ”
“အဖွား သူတို့ နောက်ဆုံးတော့ ပြန်လာပြီပဲ”
လုကျင်းက အပြုံးနှင့်ပြောသည်။
သခင်မကြီးလုက နောက်ဆုံးတွင် သူ၏မြေးကို ကြည့်ရတော့မည်ဖြစ်သည်။
လုရှန်းကျစ်က လုလင်ကျစ်ကိုတွဲလျက် အပြင်ဘက်မှ ဝင်လာသည်။ သခင်မကြီးလုကို သူတို့ မြင်လိုက်သည်နှင့် သူက ဒူးထောက်ချတော့၏။
“သူ့ကို ဆက်ထိန်းထားလိုက် မြန်မြန်”
သခင်မကြီးလုက အော်သည်။
“မင်းရဲ့ခြေထောက် ဒီလောက်နာနေတာ၊ ဘာလို့ဒူးထောက်ရတာလဲ၊ အို ငါ့ရဲ့အသည်းနှလုံးလေး ဘာလို့ဒီလောက်အထိ ပိန်သွားရတာလဲ”
“အဖွား ကျွန်တော်မပိန်ပါဘူး၊ ကျွန်တော်ဝနေတုန်းပါပဲ”
လုလင်ကျစ်က ပြုံးသည်။
“အဲဒါအပြင် ကျွန်တော့်ရဲ့ဒဏ်ရာက တစ်ဝက်လောက်အထိ သက်သာသွားပါပြီ၊ ကျွန်တော့်ရဲ့ စတုတ္ထညီလေးနဲ့ တတိယညီမလေးက ကျွန်တော့်ကို ကောင်းကောင်းဂရုစိုက်ကြပါတယ်၊ ဒါကြောင့် ကျွန်တော် ရက်အနည်းငယ်အတွင်း ပြန်ကောင်းလာတာပေါ့”
လုရှန်းကျစ်က အပြစ်မကင်းသလိုပြောသည်။
“အဖွား ကျွန်တော့်အမှားပါ၊ အကြီးဆုံးအစ်ကိုက ကျွန်တော့်ကို ကယ်ဖို့အတွက်ကြောင့်သာမဟုတ်ရင် သူ ဒီလိုဖြစ်သွားမှာမဟုတ်ဘူး”
“မင်းတို့နှစ်ယောက်လုံး အဆင်ပြေနေပြီပဲ၊ ဒီအဖွား စိတ်အေးပါပြီ”
သခင်မကြီးလုက သူမ၏မျက်ရည်များကို သုတ်လျက် သည်ချစ်ရသော မြေးနှစ်ယောက်ကို ထပ်ခါတလဲလဲ ကြည့်သည်။ သူမက သူတို့ကို လက်မောင်းများတွင် ပွေ့ထား၏။
ယဲ့ကျန်းက အပြုံးနှင့်ရှေ့တက်လာလျက် သခင်မကြီးလု၏ရှေ့တွင် ဒူးထောက်ချသည်။
“အဖွားအကြီးဆုံးအစ်ကိုနဲ့ စတုတ္ထအစ်ကိုတို့က အဖွားကို အရမ်းလွမ်းနေတာ၊ သူတို့ အခုမှပဲ စိတ်အေးသွားကြတယ်ထင်တယ်”
သခင်မကြီးလုက သူ့အရှေ့တွင် ဒူးထောက်ချနေသော ကောင်မလေးကို ကြည့်လိုက်သည်။ ဒါက ...
“ယောင်ယောင်လား”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now