Part 85

1.3K 142 2
                                    

Unicode

အပိုင်း ၈၅
မော့ရုန်ကျန်း တစ်ခဏခန့် တောင့်တင်းသွားပြီး ခြေလှမ်းများကိုရပ်ကာ ထိုလူငယ်ကို စိုက်ကြည့်လိုက်သည်။
“ခေါင်းမော့စမ်း”
မော့ရုန်ကျန်းက ပေါ့ပါးစွာ ပြုံးလိုက်ပြီးနောက် လုရှန်းကျစ်ကို နက်ရှိုင်းစွာကြည့်သည်။
“မင်းက လုလင်ကျစ်ရဲ့ညီ လုရှီမင်ရဲ့သားလား”
“ဟုတ်ပါတယ်၊ အရှင်မင်းကြီး”
လုရှန်းကျစ်က သူ့ညီမနှင့်ထန်းကျန့်တို့နှင့် စကားပြောပြီး ပြန်လာချိန်တွင် ဖြစ်သည်။ ခေါင်းအေးအေးဖြင့် ရှင်းလင်းနိုင်ရန်အလို့ငှာ သူ အဆောင်တော်တစ်ခုထံသို့သွားပြီး အေးအေးဆေးဆေး ထိုင်လို၏။ သို့ရာတွင် ထိုအချိန်တွင်ပင် တစ်စုံတစ်ယောက်က မည်သည့်အတွက်ကြောင့် ရည်ရွယ်ချက်ရှိရှိ သူ့ကို ဒုက္ခပေးနိုင်ကြောင်း သူ နားမလည်သေးပေ။ အပြင်ထွက်ရန် ဆုံးဖြတ်ပြီး ထွက်လာချိန်တွင်ပင် ဧကရာဇ်၏အနောက်တွင် လိုက်ပါလာတတ်သော အစောင့်နှင့်အစေခံ တသီတတန်းကြီးကို မြင်လိုက်ရခြင်းဖြစ်၏။
ဧကရာဇ်က သူ၏ဒဏ်ရာရသွားသောလက်အတွက် ဆေးပို့ပေးခဲ့ခြင်းကို သိနေသည့်အလျောက် သူက မော့ရုန်ကျန်းထံသို့ တုံ့ဆိုင်းစွာ ချဉ်းကပ်ပြီး ဒူးထောက်လိုက်ခြင်းဖြစ်သည်။
မော့ရုန်ကျန်း၏မျက်ဝန်းများက လင်းလက်သွားလျက် မေးလာသည်။
“မင်းရဲ့မိသားစု နယ်မြို့မှာနေခဲ့တာ ဘယ်လောက်ကြာပြီလဲ”
“ဧကရာဇ်ကို ပြန်ဖြေပါတယ်၊ အရာရှိရဲ့ဒီညီက နယ်မြို့မှာ သုံးနှစ်အရွယ်ကတည်းက နေခဲ့တာပါ”
လုရှန်းကျစ်က ဖြေသည်။ သူ၏စိတ်က ရှုပ်ထွေးနေသေး၏။
ဧကရာဇ်က ဘာလို့ သူ့ကို ဒီလိုမေးတာလဲ။
“မင်းရဲ့မိသားစုထဲက ဘယ်လိုလူကမှ ပြန်လာခဲ့တာမျိုးမရှိဘူးလား”
မော့ရုန်ကျန်း မျက်မှောင်ကြုတ်သည်။
ဒီလိုဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပိုင်ဟွားဥယျာဉ်မှာ သူ့ညီမက ပေါ်လာခဲ့တာ မဟုတ်ဘူးပေါ့။
လုရှန်းကျစ်က ခေါင်းငုံ့သည်။
“မရှိပါဘူး အရှင်မင်းကြီး ဒါက ကျွန်တော်တို့ရဲ့ ပထမဦးဆုံး မြို့တော်ကို ပြောင်းလာခဲ့ခြင်းပါ”
မော့ရုန်ကျန်း စိတ်ပျက်သွားသည်။
“မင်းသွားနိုင်ပြီ”
သူမ မဟုတ်ဘူးပဲ။
နာမည်တူနေရုံပဲ၊ ဒါပေမဲ့ နာမည်တူနေရုံနဲ့ ဒီတတိယသခင်မလေးက သူ့ကိုကယ်ခဲ့တဲ့သူလို့မဆိုလိုဘူးပဲ။
မော့ရုန်ကျန်း နှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်လာသည်။
လုဝူရှန်းက သူ့ညီမရဲ့နောက်ခံကို သုံးခဲ့တာဆိုရင် သေချာပေါက် လျှို့ဝှက်စကားနဲ့ နာမည်ပြောင်ကို သိနေရမှာပေါ့။
ထိုအချိန်တွင် သူ အချက်တစ်ချက်ကို ကတိပေးလိုက်သည်။
သောက်ကျိုးနည်းတဲ့ကိစ္စတွေ ဖြစ်လာရင်တောင်မှ ငါ သူမကိုရအောင်ရှာမယ်။
ယဲ့ကျန်းက ချန်းသဲ့တောင်စံအိမ်နှင့် ဝေးကွာသောတစ်နေရာသို့ ရောက်ချိန်တွင် သူမ၏မြင်းပေါ်မှ နှေးကွေးစွာ ဆင်းလိုက်သည်။ သူမ၏နှလုံးသားက အခုန်နှုန်းမြန်နေ၏။ သို့ရာတွင် နာကျင်မှုက ခုန်လှုပ်နေခြင်းဖြစ်သည်။ သူမ၏ရင်ကလည်း နာကျင်လာ၏။
ကံကောင်းသည်မှာ သူမက ထိုကံဆိုးသောညက သူ့ကို ကန်ထုတ်ခဲ့တဲ့သူမှန်း သူ သတိမရပေ။ မဟုတ်လျှင် သူပေးလိုက်နိုင်သောအမိန့်ကို သူမ မတွေးရဲပေ။
ထန်းကျန့်က အနောက်မှ အမှီလိုက်လာသည်။ ယဲ့ကျန်း၏ဖြူဖျော့နေသော မျက်နှာကို သတိထားမိပြီးနောက် စိုးရိမ်စွာမေးလာ၏။
“ယောင်ယောင် အဆင်ပြေရဲ့လား”
“ဘာမှ မဟုတ်ပါဘူး”
ယဲ့ကျန်းက ခေါင်းခါသည်။ ထိုကြောက်မက်ဖွယ်ကောင်းသောနေရာသို့ ဘယ်တော့မှ ထပ်မသွားရန် လျှို့ဝှက်စွာ ကျိန်ဆိုလိုက်၏။
“မင်း ဧကရာဇ်ကို ကြောက်တာလား”
ထန်းကျန့်၏လေသံက ကျေနပ်နေဟန်ပါသည်။
ဧကရာဇ်က မင်သက်ဖွယ်ကောင်းသော သူမ၏အလှတရားကို ရှာတွေ့သွားမည်ကို သူ သေလုအောင် ကြောက်သည်။ အခြားသော မည်သည့်သခင်မလေးတိုင်းမဆို လုပ်တတ်သော ဧကရာဇ်၏အာရုံစိုက်မှုကို ဖမ်းယူရန်ကြိုးစားတတ်လေ့ရှိသည့် အပြုအမူအတိုင်း သူမ လုပ်မည်ကို စိုးရိမ်ခဲ့၏။
မည်သို့ပင်ဆိုစေ နန်းတော်အတွင်းနေရခြင်းကို သခင်မလေးတိုင်း နှစ်သက်ကြသည်။ သို့ရာတွင် သူမက သူ၏အနောက်တွင် ပုန်းခဲ့၏။ ခေါင်းကိုပင် ငုံ့ထားသေးသည်။ ဧကရာဇ်အာရုံ သူမထံ ရောက်လာမည်ကို အလွန်စိုးရိမ်ဟန်ရ၏။ သူ၏နှလုံးသားကမူ ကံကောင်းခြင်းဖြင့် လေထဲမြောက်တက်နေလေသည်။
ယဲ့ကျန်းက အသက်ပြင်းပြင်းရှူပြီးနောက် သူ့ကို ပြန်ကြည့်သည်။
" ဘာလို့ မေးတာလဲ"
“ဒါက ကောင်းကင်ဘုံရဲ့သားတော်လေ၊ အရာရာတိုင်းရဲ့ အထက်မှာရှိတယ်၊ ဒါပေါ့ ဒါက ကိစ္စတော့မဟုတ်ပါဘူး၊ မင်း သူ့ကို ဘာလို့ကြောက်တာလဲ”
သူမ မော့ရုန်ကျန်းကို ဘယ်သောအခါမှ မကြောက်ခဲ့ဖူးပေ။ သူမ မသေခင်ကဆိုလျှင် သူမ အမြဲတမ်း သူမ၏နှလုံးသားထဲမှ ညင်သာသိမ်မွေ့နူးညံ့သော အစ်ကိုကြီးတစ်ယောက်သာ ဖြစ်ခဲ့ဖူး၏။ လက်ရှိအချိန်တွင်မူ သူမ သတ်ချင်သောရန်သူ ဖြစ်သွားခဲ့သည်။ ထိုမျှသာလျှင် ပြောင်းလဲသွား၏။
“မင်းရဲ့အစ်မဆို မကြောက်ဘူး”
ထန်းကျန့်က အဝေးသို့ကြည့်သည်။
အစ်မဟုတ်လား။
ယဲ့ကျန်း နားလည်သွားသည်။ သူက လုဝူရှန်းကို ပြောနေခြင်းဖြစ်၏။
“ကိုယ်တို့တွေ ဝေ့ချန်းမှာရှိနေခဲ့တုန်းက တခြားသူတွေက ဧကရာဇ်ကို ထိတ်လန့်တုန်လှုပ်နေကြတယ်၊ မင်းရဲ့အစ်မတစ်ယောက်ကပဲ မကြောက်ခဲ့တာ၊ သူမက တကယ်ကို သာမန်မဟုတ်တဲ့အမျိုးသမီးပဲ၊ သာမန်အမျိုးသမီးတွေက ဧကရာဇ်ကို ဒီလိုတိုက်ခိုက်ရဖို့ကို ဘယ်ရဲပါ့မလဲ၊ အဲဒီရက်တွေတုန်းကဆိုရင် ကိုယ်တို့အမျိုးသားတွေတောင်မှ သူမ လုပ်သမျှကို မယုံကြည်နိုင်ခဲ့ကြဘူး၊ သေချာစဉ်းစားကြည့်မယ်ဆိုရင် သူမက ဧကရာဇ်ရှာနေခဲ့တဲ့ အမျိုးသမီးတဲ့၊ ဧကရာဇ်က သူမကိုရှာနေခဲ့တာ နှစ်ပေါင်းများစွာကို ကြာခဲ့ပြီ”
ယဲ့ကျန်း၏နှုတ်ခမ်းတွင် အထင်သေးလှောင်ပြောင်ဟန် အပြုံးက ပေါ်လာသည်။
“ဘာလဲ ဝမ်ဖေးလုက တစ်ချိန်က ဧကရာဇ်ကို ကယ်ခဲ့ဖူးလို့လား”
ထန်းကျန့် ကြောင်သွားသည်။
“မင်း ဘယ်လိုသိတာလဲ၊ မင်းရဲ့အကြီးဆုံးအစ်ကိုက ပြောတာလား”
ရှေ့တည့်တည့်သို့ ပြောင်းကြည့်ရင်းမှ ယဲ့ကျန်းက ထန်းကျန့် သူမ၏ ဒုက္ခရောက်နေဟန်အမူအရာကို မမြင်ဟန် ကြိုးစားလိုက်သည်။ ထို့နောက် ခံစားချက်များမပေါ်စေရန် ဖျော့တော့စွာသာ ပြောလိုက်၏။
“ကျွင်းကျစ်က အရှေ့မှာ ကျေးဇူးပြုပြီး ချန်းသဲ့တောင်စံအိမ်ကိုပြန်ပါ အမတ်ထန်း၊ ဒီသခင်မလေးက ဒီကနေ ဆက်သွားလိုက်ပါ့မယ်”
အရင်ဝမ်ဖေးကို ဘာလို့ ဘယ်သူမှ မမှတ်မိကြတာလဲ။
မော့ရုန်ကျန်း အသက်ရှင်နေခဲ့ချိန်က တခြားမိန်းမတွေ သူ့ကို အဖော်ပြုနေခဲ့ချိန်က ဘယ်သူကမှ နန်းတော်အတွင်း စွန့်ပစ်ခံထားရတဲ့ ယဲ့ကျန်းကို မမှတ်မိကြဘူးလား။
ချင်မင်းဆက်ရဲ့ဝမ်ဖေး …ဒါက မတည်ရှိသင့်သော မှတ်ဉာဏ်အပိုင်းအစတစ်ခု ဖြစ်နေခဲ့သည်။ မည်သူကမျှ သူမ၏နာမည်ပင်ဖြစ်စေ၊ သူမ၏မိသားစုကိုပင်ဖြစ်စေ ထည့်မခေါ်ရဲကြပေ။ သည်လိုခေါ်လိုက်ခြင်းက သူတို့ထံ ကံဆိုးမှုများ သယ်ဆောင်လာမည်ကို စိုးရိမ်ကြ၏။
ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းတဲ့ အဆုံးသတ်လဲ။
ယဲ့ကျန်း၏မျက်လုံးများက ကျိန်းစပ်လာသည်။ သူမ၏ရင်ထဲရှိ မုန်းတီးမှုကို ဖိနှိမ့်ရန် ခက်ခဲစွာ ကြိုးစားနေရ၏။
ထန်းကျန့်က ယဲ့ကျန်း ရုတ်တရက်အမူအရာ ပြောင်းလဲသွားခြင်းကို သတိထားမိလိုက်သည်။ သူ သူမကို သံသယအပြည့်ဖြင့်ကြည့်၏။
“ယောင်ယောင် အဆင်ပြေရဲ့လား”
“ကျွန်မ အဆင်ပြေတယ်၊ အမတ်မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်”
ယဲ့ကျန်းက ယဉ်ကျေးစွာ ပြောသည်။ မြင်းဇက်ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီးနောက် ကျွင်းကျစ်ထံ အပြေးနှင်၏။
ဂိတ်သို့ ရောက်သွားသောအခါ ယဲ့ကျန်းသည် မြင်းပေါ်မှဆင်းပြီး အစောင့်ထံသို့ သွားသည်။ သို့ရာတွင် စိတ်ပျက်ဖွယ် ထန်းကျန့် လိုက်လာကြောင်း မြင်လိုက်ရပြန်သည်။
ဒီလူက ငါ့ကို ငြိမ်းငြိမ်းချမ်းချမ်း မနေခိုင်းချင်ဘူးပဲ။
သူမက သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏ခံ့ညားချောမောသော မျက်နှာသို့ ရောက်နေသည့် သူမ၏စူးရှသောအကြည့်က သူ၏မျက်နှာကို အပေါက်ပင် ဖြစ်သွားစေလောက်သည်။ သူမ မျက်နှာမဲ့လိုက်၏။
“အမတ်မင်းထန်း ရှင့်အနေနဲ့ ကျွန်မအစ်ကိုရဲ့မြင်းကို ဒီလိုလှည့်ကွက်ဆင်လိုက်တဲ့ ရာဇဝတ်သားကို ရှာဖို့ တာဝန်ရှိနေတာ မဟုတ်ဘူးလား၊ ဘာကြောင့်များ ဒီနေရာမှာ ခပ်အေးအေးနဲ့ အချိန်ဖြုန်းနေရတာပါလဲ”
“ယောင်ယောင် ကိုယ် မင်းကို ရန်မစမိဘူးမဟုတ်လား၊ ဘာလို့များ ဒေါသထွက်နေရတာပါလဲ”
ထန်းကျန့် ကူကယ်ရာမဲ့စွာ သူမကို ကြည့်ကာမေးသည်။
ယဲ့ကျန်း သူ့ကို အေးစက်စွာသာ ကြည့်ပြီး ရှေ့သို့ခြေတစ်လှမ်းလှမ်းသည်။ သူ့ကို ခပ်တိုးတိုးဖြင့်မေး၏။
“ရှင် မော့ရုန်ကျန်းနဲ့ လုဝူရှန်းတို့ရဲ့ ကလူကျီစယ်တဲ့အကြောင်းတွေအကြောင်း ပြောပြီး ချီးကျူးနေတဲ့အချိန်မှာ ချင်မင်းဆက်ရဲ့ စွန့်ပစ်ခံဝမ်ဖေးအကြောင်း တွေးမိတာမျိုးရှိလား၊ သူမ ဘာကြောင့်များ သေသွားသလဲလို့ မသိချင်ဘူးလား”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now