Part 89

1.1K 120 1
                                    

Unicode
အပိုင်း (၈၉) တောအုပ်ထဲမှ ကျယ်ကျယ်လောင်လောင် အော်သံ
နောက်တစ်ရက်တွင် …။
ထျန်းကျန့်သည် ယဲ့ကျန်းထံ သွားရောက်လည်ပတ်ရန်ကြိုးစား၏။ သို့ရာတွင် ယဲ့ကျန်းက အတွေ့မခံခဲ့ပေ။ ဖိအားများစွာဖြင့် ကျွင်းကျစ်ရေပူစမ်းသို့ သွားသေးသည်။ သို့ရာတွင် ပြန်လှည့်ခဲ့ရ၏။
လုလင်ကျစ်ကမူ ထိုသတင်းကိုကြားသောအခါ ကျေနပ်နေလေသည်။
မော့ရုန်ကျန်းက တော်ဝင်နန်းတော်သို့ မပြန်သေးကြောင်း ယဲ့ကျန်းသိသည်။ သူ သည်နေ့ အမဲလိုက်သွားကောင်းသွားနိုင်၏။ ထို့ကြောင့် သူမက အမဲလိုက်ကွင်းပြင်နှင့် ခပ်ဝေးဝေးနေနေသည်။
ရေပူစမ်းအနားတွင် တောင်တန်းများနှင့် ဆက်စပ်နေသော တောအုပ်ငယ်တစ်ခု ရှိသည်။ ယခင်ကဆိုလျှင် ထိုတောအုပ်အတွင်းသို့ သူမ ပျံလွှားငှက်များကို မကြာခဏ အမဲလိုက်သွားလေ့ရှိ၏။ ထိုအချိန်တွင် သူမ၏ဖခင်နှင့်အစ်ကိုနှစ်ဖြစ်သူက အဖော်ပြုပေးလေ့ရှိသည်။
ထိုမှတ်ဉာဏ်များ စုပြုံရောက်လာသောအခါ ယဲ့ကျန်း ရုတ်တရက် ထိုနေရာသို့ ထွက်သွားချင်သွား၏။ ထို့ကြောင့် သူမ၏ဆရာမဖြစ်သူထံမှ ခွင့်တောင်းကာ ထိုတောအုပ်အတွင်းတွက် မြားပစ်လေ့ကျင့်မည်ဟု ပြောခဲ့သည်။
ဆရာမရှန်းက မြင်းစီးမတော်ပေ။ ထို့ကြောင့် ခပ်ဝေးဝေးမှသာ ဖြည်းညင်းစွာလိုက်ပါလာပြီး ယဲ့ကျန်းကမူ တောအုပ်အတွင်းသို့ အပြေးနှင်၏။
ဆောင်းနှောင်းပိုင်းရောက်နေပြီဖြစ်ရာ တောအုပ်တွင် နှင်းစက်များက ဖွေးနေအောင် လွှမ်းခြုံထားသည်။ တိုက်ခတ်သောလေကပင် အေးစိမ့်နေ၏။ ဒါက ယဲ့ကျန်း၏မျက်နှာကို ထုံထိုင်းလာစေကာ သွားများ တဂတ်ဂတ်ရိုက်လာစေ၏။
ယဲ့ကျန်းက တောတန်းလမ်းတစ်လျှောက် မြင်းအပြေးနှင်ခဲ့သည်။ သည်လမ်းများက ရင်းနှီးကျွမ်းဝင်လွန်းနေခဲ့ရာ လမ်းပျောက်မည်ကို စိုးရိမ်ရန်မလိုအပ်ချေ။
တစ်ခဏခန့် မြင်းအပြင်းစီးပြီးနောက် သူမ အရှိန်ကို နှေးချလိုက်ပြီး အမဲလိုက်ရန် နေရာကောင်းကို ရှာသည်။ ဆရာမရှန်းကမူ မည်သည့်နေရာတွင် ရောက်နေကြောင်း မသိတော့ပေ။
သူမက မြင်းကို ကြီးမားသော သစ်ပင်ကြီးတွင် ချည်ထားလိုက်ပြီး လေးနှင့်မြားကိုယူကာ အနီးအနားတွင် သားကောင်ရှိမရှိ စစ်ဆေး၏။
သည်နေရာက တော်ဝင်အမဲလိုက်ကွင်းပြင် သို့မဟုတ် ပိုင်ဟွားဥယျာဉ်ကဲ့သို့ ကောင်းမွန်ခြင်း မရှိသော်လည်း တိရိစ္ဆာန်များကိုမူ မြင်နိုင်သေး၏။
သူမ၏အောက်ရှိမြေပြင်ကို တစ်ချက်စစ်ဆေးပြီးနောက် ဂရုတစိုက် လမ်းလျှောက်သည်။ သည်တောအတွင်းတွင် သားရဲတိရိစ္ဆာန်များအတွက် ထောင်ချောက်များစွာ ရှိနိုင်၏။ ယခုအခါ ဆောင်းတွင်းဘက် ဖြစ်သည်။ အရွက်များက မြေပြင်တွင် ဖုံးနေလေရာ ထောင်ချောက်များ မိသွားခဲ့ပါက ခက်ခဲသွားနိုင်၏။
သူမ ဖြည်းညင်းစွာ လမ်းလျှောက်နိုင်နေသည်။ သည်နည်းအားဖြင့် သူမ ထောင်ချောက်အတွင်း ကျတော့မည် မဟုတ်ပေ။ သိပ်မကြာခင်အချိန်တွင် ချုံပုတ်များအတွင်းတွင် ပုန်းနေသော တောရိုင်းယုန်တစ်ကောင်ကို မြင်လိုက်ရ၏။
ယဲ့ကျန်း တဖြည်းဖြည်းချင်း အနားကပ်သွားလိုက်သည်။ သူမ လေးကိုမြှောက်ကာ မြားကို ချိန်ထားလိုက်ပြီးနောက် …
“ကယ်ကြပါ၊ ကယ်ကြပါ”
ရုတ်တရက် စူးရှကျယ်လောင်သောအသံက ထိုတောရိုင်းယုန်ကို လန့်ပြေးသွားစေခဲ့သည်။ သူမ ပစ်မှတ်ကို လွဲသွား၏။ သူမ သတိမထားမိခင်မှာပင် ထိုယုန်က ပြေးသွားခဲ့ပြီဖြစ်သည်။ သူမနှင့်ပင် အလွန်ဝေးကွာသွား၏။
ယဲ့ကျန်း ပထမဆုံးအကြိမ် ထိုအသံကိုကြားခဲ့စဉ်က နားကြားမှားသည်ဟု ထင်သည်။ လေတိုးသံသို့မဟုတ် သားရိုင်းတိရိစ္ဆာန်များ၏အသံဟု ထင်လိုက်သော်လည်း ရုတ်တရက် ထိုအသံက ကျယ်သထက်ကျယ်လာသည်။
“ဘယ်သူမှ မရှိကြဘူးလား၊ ကယ်ကြပါ”
တိတ်ဆိတ်သောတောအုပ်တွင် ထိုအသံက ထပ်ထွက်လာပြန်သည်။ သို့သော် သည်တစ်ကြိမ်တွင် ပိုင်ရှင်က မျှော်လင့်ချက် ကုန်ဆုံးနေဟန်ရ၏။
ယဲ့ကျန်းက မျက်မှောင်ကြုတ်သည်။ သူမက အသံအရင်းမြစ်ထံသို့သွား၏။
တောအတွင်းသို့ ဝင်သွားပြီးနောက် မုဆိုးတစ်ယောက် ထောင်ထားသော ထောင်ချောက်တစ်ခုတွင် တစ်စုံတစ်ရာ မိနေကြောင်း မြင်လိုက်ရ၏။
ကလေးတစ်ယောက်လား။
ဘယ်လိုဖြစ်ပြီး ဒီလိုတောင်တန်းထဲမှာ ကလေးက ရှိနေမှာလဲ။
ယဲ့ကျန်းက သူ့ကို မသေချာစွာကြည့်သည်။
“နင်က ဒီမှာဘာလုပ်နေတာလဲ”
အော်ဟစ်ကာ ငိုယိုအကူအညီတောင်းနေသော ထိုကောင်လေးက လူတစ်ယောက်၏ ခြေလှမ်းများကို ကြားသောအခါ ခေါင်းမော့ကာ အလျင်စလိုကြည့်၏။ သူက ယဲ့ကျန်းကို မြင်သွားသည်။ သို့ရာတွင် သူ၏မျက်ရည်များကြောင့် သူမ၏ ပုံရိပ်ကိုဝေဝါးစွာသာ မြင်ရ၏။ သူက အကူအညီတောင်းသည်။
“ကယ်ပါ၊ ငါ့ကို ကူပြီး အပြင်ကို ဆွဲတင်ပေးပါ”
သူ၏ခန္ဓာကိုယ် သေးသေးလေးနှင့် သည်ထောင်ချောက်၏အနက်က အနည်းဆုံး နှစ်မီတာခန့်ရှိနေလေရာ သူကိုယ်တိုင်တက်၍ကား မရချေ။
ထိုကောင်ငယ်လေးက ဒဏ်ရာရထားခြင်းမရှိသော်လည်း သူကိုယ်တိုင် အားကိုသုံးပြီး တက်ရောက်ရန်က ခက်ခဲနေခဲ့၏။
ယဲ့ကျန်းက သူ့ကိုကြည့်သည်။ သူက ကောင်းမွန်သော ပိုးသားဝတ်စုံများကို ဝတ်ဆင်ထားပြီး သူ၏အသားအရေက အလွန်ဖြူဖျော့ကာ နူးညံ့နေကြောင်းမြင်ရ၏။ သူက မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ယောက်အလား …
မဟုတ်သေးဘူး၊ သူ့ရုပ်က ရင်းနှီးလွန်းနေတယ်။
ယဲ့ကျန်းက မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်သည်။ သူမသည် သူ့အား မည်သည့်နေရာတွင် မြင်ခဲ့ဖူးကြောင်း မသေချာချေ။
“နင် ဘယ်လိုများ ဒီထောင်ချောက်ထဲ ကျသွားတာလဲ”
“မြန်မြန် ငါ့ကိုခေါ်တင်စမ်းပါ၊ ငါ ပြန်ရောက်သွားတာနဲ့ ဒီမင်းသားက မင်းကို ဆုလာဘ်တွေ အများကြီး ချီးမြှင့်မယ်”
ထိုကောင်လေးက ယဲ့ကျန်းကို ကြည့်ကာ အလောတကြီးပြောသည်။ သူ၏မျက်နှာက နီရဲနေ၏။
ဒီမင်းသားတဲ့လား။
ယဲ့ကျန်း၏မျက်ဝန်းများက ထိုကောင်လေးက မည်သူဖြစ်ကြောင်း သိလိုက်ပြီး အေးစက်သွားတော့၏။
မော့ရုန်ကျန်းတွင် အသက် ၁၀နှစ်သာလျှင်ရှိသေးသော ညီငယ်တစ်ယောက် ရှိသည်။ တော်ဝင်စာရင်းတွင် မင်းသား ၁၁ ဟု အမည်ရ၏။ သူ၏နာမည်က မော့ရုန်ရီဖြစ်သည်။ သူက နန်းတော်အတွင်းတွင် နေခွင့်ရသော တစ်ဦးတည်းသော မင်းသားဖြစ်သည့်အပြင် အသက်အငယ်ဆုံးလည်းဖြစ်၏။
ယဲ့ကျန်း၏စိတ်ဝိညာဉ်က နန်းတော်အတွင်း ပိတ်မိနေခဲ့ချိန်က ထိုမင်းသားကို ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးသည်။ သူမ ရင်းနှီးနေခဲ့သည်မှာ မအံ့ဩတော့ချေ။
“သိပြီ၊ ကြည့်ရတာ အသင်က တော်ဝင်မင်းသားဖြစ်နေတာပဲ၊ ဒီလိုဆိုမှတော့ သာမန်လူတစ်ယောက်က ကယ်ဆယ်တာမျိုး လိုအပ်မယ်မထင်ပါဘူး၊ အရှင်မင်းသားရဲ့ အစောင့်တွေက သိပ်မကြာခင်မှာ ရောက်လာမယ်လို့ထင်ပါတယ်၊ အရှင်မင်းသား ကျေးဇူးပြုပြီး နည်းနည်းလောက် သည်းခံစောင့်ဆိုင်းပေးပါ၊ သိပ်မကြာခင်မှာ တစ်စုံတစ်ယောက်က အရှင်မင်းသားကို လာရောက်ကယ်ဆယ်ပါလိမ့်မယ်”
ထို့နောက် ယဲ့ကျန်းက လှည့်ထွက်လိုက်၏။ ထိုကောင်လေးကို သည်လိုဆိုးရွားသော အနေအထားတွင် ထားရစ်ခဲ့လို၏။
“ရပ်စမ်း”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now