Part 107

926 87 1
                                    

Unicode

အပိုင်း (၁၀၇) သူက ကျွန်တော်တို့အပေါ် ဘာများ အကြွေးတင်ထားလို့လဲ (၂)
“အမေ တတိယဦးလေးက ကျွန်တော်တို့အပေါ် ဘာများ အကြွေးတင်ထားတယ်လို့ ထင်နေလို့လဲ”
လုလင်ကျစ်က သူ၏မိခင်ကိုကြည့်ကာ အသံတိုးတိုးဖြင့် မေးသည်။
လျှိုရှီက သူမ တန်ဖိုးအထားရဆုံးသားကိုကြည့်ပြီး မျက်ရည်များ ဝဲလျက်မေးလိုက်၏။
“အဲဒီတတိယအိမ်တော်စုက မင်းအပေါ် ဘာများကောင်းနေလို့ သူတို့ကို အခုလိုမျိုး ကူညီနေရတာလဲ၊ လုမိသားစုက ဒီနေ့အချိန်မှာ ပိုင်ရသမျှအရာအားလုံးက မင်းနဲ့မင်းရဲ့အဖေ လုပ်ခဲ့သမျှ အရာအားလုံးကြောင့်ပဲ၊ သူတို့က ဘာလို့ ဒီအကျိုးကျေးဇူးတွေကို ယူနေကြရတာလဲ”
“တတိယဦးလေးကသာ သူ့ရဲ့ကျော်ကြားမှုကို မစတေးခဲ့ရင် ကျွန်တော်တို့မိသားစုက ကွဲသွားခဲ့တာ ကြာလောက်ပြီ၊ သူက အခုအချိန်မှာ အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်နေပြီး လစာကောင်းကောင်းနဲ့ ကြော့ကြော့မော့မော့ နေနေလောက်ပြီ၊ ဒါပေမဲ့ သူက မိသားစုအတွက် အရာအားလုံးကို လက်လျှော့ထားခဲ့တာ၊ အမေ ကျွန်တော်နဲ့အဖေ အများကြီး ကြိုးစားခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီလိုကြိုးစားခဲ့တာက ကျွန်တော်တို့အတွက်ပဲ မဟုတ်ဘူးလေ၊ မိသားစုတစ်ခုလုံး ကောင်းစားဖို့အတွက်ပဲ၊ တတိယဦးလေးက မိသားစုအတွက်ကြောင့်ပဲ အဲဒီအချိန်က နာမည်အစားထိုးခဲ့ရတာတောင် ဘာမှ မပြောခဲ့တာ”
လုလင်ကျစ်က လေးလံသောလေသံဖြင့် ရှင်းပြ၏။
ခေါင်းကို ဆက်တိုက်ခါနေသော လျှိုရှီက လက်သီးကိုဆုပ်ပြီး အထင်တသေး ပြောသည်။
“ငါ ဒီအတိုင်း သူတို့ကို ဒီအတိုင်း မနေစေချင်ရုံပါပဲ …”
“ဘာလဲ ဘာကို မဖြစ်စေချင်တာလဲ၊ အဖေက သေတဲ့အထိ အမေ့ကိုတွေ့ဖို့ ငြင်းခဲ့တယ်မဟုတ်လား”
လုလင်ကျစ်က နောက်ဆက်ပြောမည့်စကားများကို မျိုချလိုက်ရသည်။
“အဖေက မိသားစုတစ်ခုလုံးဆီကနေ အမှန်တရားကို ဖုံးကွယ်ထားခဲ့ပြီး အဖြေလွှာစာရွက်တွေ ရောင်းလို့ရသမျှအရာအားလုံးကို အခြားသူတွေကို ပေးလိုက်တာက သူ လုပ်တာပါ၊ အဖွားတောင်မှ တတိယဦးလေးကို ဒီလိုထိခိုက်အောင် လုပ်ထားတဲ့ အကြောင်းအရာအစုံကို သိသေးတာမဟုတ်ဘူး၊ ဘာလို့များ အမေက သူ့ကို မုန်းနေရတာလဲ”
လုလင်ကျစ်က သူ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားသော စကားများကို ထုတ်ပြောလိုက်လေလေ သူ၏မိခင်မျက်နှာ ပျက်ယွင်းလာလေလေကို ကြည့်နေသည်။
အံ့အားသင့်သွားသောလျှိုရှီက သူမ၏သားအား ထက်ရှစွာကြည့်သည်။ သို့သော် သူမ၏အမူအရာက အပြစ်မကင်းဟန် ပြောင်းသွား၏။
“မင်း ဘယ်လိုသိတာလဲ”
“အစကတည်းက ဟုတ်နေတာပဲ၊ အမေကသာ တတိယဦးလေးရဲ့ အဖြေလွှာစာရွက်ကို လုမိသားစုကြောင့် မရောင်းခဲ့ဘူးဆိုရင် အခြားကိစ္စတစ်ခု ဖြစ်လာအုံးမှာပဲ၊ အမေက တတိယဦးလေး စာမေးပွဲအောင်သွားပြီး အဖေ့ထက် သာသွားမှာကို စိုးရိမ်နေခဲ့တာမဟုတ်လား၊ ဒါကြောင့်ပဲ အခုလိုအခြေအနေ လုပ်ခဲ့တာပေါ့”
တစ်မိနစ်ခန့်ကြာပြီးနောက် လျှိုရှီ စကားဆက်မပြောနိုင်တော့ပေ။ သူမ၏ လျှို့ဝှက်ချက်အားလုံးက သူမ၏သားအရှေ့တွင် ပေါ်သွားခဲ့၏။
“အမေ တတိယဦးလေးက သားတို့အပေါ် ဘာမှ အကြွေးတင်မနေဘူး”
လုလင်ကျစ်က အလေးအနက်ပြောသည်။
“မင်း မင်းက မင်းအဖေလိုပဲ၊ ငါ... အမေက ငါတို့ပိုင်တဲ့နေရာကို အခြားသူတွေ ဝင်နေတာကို သဘောမကျရုံပဲ၊ ဒါကိုမင်းက ဘာလို့ ဒီလိုဖြစ်နေတာလဲ”
လျှိုရှီ၏ပခုံးက တသိမ့်သိမ့်တုန်လာသည်။ သူမ ဒေါသထွက်လာ၏။
သို့တိုင်အောင် လုလင်ကျစ်က တည်ငြိမ်နေသေးသည်။ သူက ပြော၏။
“ကျွန်တော် အမေ့ကို ဒီလိုဆက်ဆံတာမဟုတ်ပါဘူး၊ အမေ အမေ ဒေါသတွေကို သူများအပေါ် ပုံမချဖို့ပဲမျှော်လင့်တယ်”
“တတိယအိမ်တော်စုက မင်းကို ဘာတွေများ အကျိုးအမြတ်ပေးထားလို့လဲ”
သူမက တုန်ယင်နေသော လေသံဖြင့်ပြောသည်။
သူမ အလွန်ဒေါသထွက်နေ၏။ တစ်ချိန်တည်းတွင်ပင် နာကျင်ရသည်။
“အဖေ မသေခင်က ကျွန်တော်တို့ကို တတိယဦးလေးနဲ့ သူ့ရဲ့မိသားစုကို ကူညီဖို့မျှော်လင့်ခဲ့တယ်”
လုလင်ကျစ်က သူ၏မိခင်ကို တည်တင်းစွာ ကြည့်သည်။ သူက အနည်းငယ်ပြောင်းလဲသွားသော ခံစားချက်များအားလုံးကို ပြန်သိမ်းလိုက်၏။
“အမေကသာ ဒီကိစ္စကိုအခွင့်ကောင်းယူပြီး ဒီမိသားစုရဲ့ အကြီးဆုံးသခင်မဆိုတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ငြင်းဆန်ခဲ့မယ်ဆိုရင် အဖွားက အားလုံးကို တာဝန်ယူလိုက်ရုံပဲရှိမှာ၊ အမေ့သားကလည်း အမေနဲ့သဘောထား မတူညီဘူး၊ အမေက အခု ကျန်းမာရေးလည်း မကောင်းဘူး၊ ဒုတိယနဲ့တတိယဒေါ်လေးတွေ အားလုံးက အမေ့နေရာကို အလွယ်တကူ အစားထိုးနိုင်တယ်၊ ဒီတော့အမေ ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်သင့်တယ်”
လျှိုရှီကမူ သူမ၏သားကို စိုက်ကြည့်နေသည်။
“မင်းက တကယ်ပဲ ငါ့ကို ဒီလိုဖိအားတွေအောက်မှာ ထားတော့မလို့လား”
“ဒီသားက ဆန္ဒမရှိပါဘူး၊ ဒီအတိုင်း အမေက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ဒီဖျားတာကို ပျောက်ကင်းသွားဖို့ပဲ မျှော်လင့်ပါတယ်”
လုလင်ကျစ်က ပြောသည်။
သူ၏မိခင်၏လက်ရှိအခြေအနေအရ သူမက အိမ်တော်၏ကိစ္စများအားလုံးကို သခင်မကြီးလုကဲ့သို့ မကိုင်တွယ်နိုင်ပေ။ ဒီအခြေအနေအရ သူမကသာ ကိုင်တွယ်လိုက်မည်ဆိုလျှင် လုမိသားစုက ပြိုကွဲသွားရန်သာ ရှိတော့၏။
“တတိယအိမ်တော်စုက မင်းနဲ့မင်းအဖေကို ဘယ်လိုအကျိုးကျေးဇူးများ ပေးထားခဲ့လို့ သူတို့ဘက်ကို လိုက်နေမှန်း ငါ နားမလည်နိုင်တော့ဘူး”
လျှိုရှီက ငိုသည်။
“ငါက နင့်အမေပါ၊ နင့်အဖေက ငါ့ကို ဒီတတိယအိမ်တော်စုကြောင့်အတွက်နဲ့ ဆယ်နှစ်ကျော်တောင် လျစ်လျူရှုခဲ့သေးတာ၊ နင်ကလည်း ဒီလိုဆက်လုပ်တော့ မလို့လား”
လုရှီမင် မြို့တော်မှ ထွက်သွားခဲ့ကတည်းက အကြီးဆုံးသခင်လုက သူ၏ဇနီးကို လျစ်လျူရှုခဲ့သည်။ သူမ၏တစ်ဘဝလုံးက ဆိုးရွားစုတ်ပြတ်သတ်ခဲ့ရ၏။
ဒါကို ဒီမိသားစုကို ဘာလို့ မမုန်းဘဲနေရမှာလဲ၊ ငါ မှန်တယ်ထင်လို့ အရာအားလုံးကို လုပ်ခဲ့တာပဲလေ မဟုတ်ဘူးလား၊ ဘာလို့ ဒီလိုဖြစ်လာရမှာလဲ၊ ဘာလို့ ဒါကိုနားမလည်ကြတာလဲ။
လျှိုရှီကိုယ်တိုင်လည်း နားမလည်နိုင်တော့ပေ။
လုလင်ကျစ်က မတ်တတ်ထရပ်သည်။ သူက နွေးထွေးသောလေသံဖြင့် ပြော၏။
“ကျွန်တော် အမေ့ကို ဒီလိုမဆက်ဆံချင်ပါဘူး၊ အဖွားက ကျွန်တော့်ကို စောင့်နေသေးတယ်၊ အမေ ကောင်းကောင်းအနားယူလိုက်ပါ၊ ကျွန်တော် မနက်ဖြန်မှ ပြန်လာတွေ့ပါ့မယ်”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now