part 10

2.3K 217 2
                                    

unicode

အပိုင်း ၁၀ မိသားစုညစာ (၁)

လုရှန်းကျစ်က လုလင်ကျစ်ကို ခေါ်ရန်ထွက်သွားသောအခါ သခင်မကြီးလုက ယဲ့ကျန်းကို အနားသို့ ဆွဲခေါ်ထားပြီး အခြားသောမိသားစုဝင်များနှင့် မိတ်ဆက်ပေးသည်။
လုမိသားစုမှ သခင်မလေးများက မရောက်လာကြသေးပေ။ ထို့ကြောင့်ခန်းမက အမျိုးသားအများစု သိမ်းယူထားသည်။ လက်ထပ်ရန် အရွယ်မရောက်သေးသော သားငယ်သမီးငယ်များလည်း ရှိနေသေးသည်။
လုမိသားစုသည် လူမှုအဖွဲ့အစည်းတွင် ဝင်တိုးနိုင်ရန်အတွက် မြို့တော်စီရင်စုမြို့သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ ထိုအချက်ကြောင့် လူအများစုက လုမိသားစုကို အရှေ့တွင် ပေါ်တင်မျက်နှာချိုသွေးကြသည်။ အချို့သောသူများက လုမိသားစုမှ လူလွတ်များနှင့် လက်ထပ်ရန်အတွက် သူတို့အိမ်တော်မှ သမီးများကို စေလွှတ်ကြသည်။
ဘာလို့မလွှတ်ရမှာလဲ။
လုမိသားစုဝင်များနဲ့ ဆက်ဆံကောင်းတစ်ခု ပိုင်ဆိုင်ထားတာက သူတို့ရဲ့သမီးတွေကို သူတို့ရဲ့မိသားစုဝင် ဖြစ်သွားစေရုံသာမကဘဲ သူတို့ရဲ့ဂုဏ်သိက္ခာ မြင့်မားလာမှာလေ။
ထိုသို့လက်ထပ်ရန် တွေးတောကြသောအခါ ရေပန်းအစားဆုံးက လုလင်ကျစ်ဖြစ်သည်။ ကောလာဟလအရ နှစ်နှစ်တည်းနှင့်သူက စစ်ဝန်ကြီးတစ်ပါး ဖြစ်လာနိုင်သည်ဟုဆိုသည်။ စစ်သူကြီးဖြစ်လာရန်လည်း အလားအလာများ၏။ ယခုမူ သူက ဧကရာဇ်မော့ရုန်ကျန်း၏ ညာလက်ရုံးဖြစ်နေခဲ့ချေပြီ။
“ဒီလူချောလေးတွေကတော့ မင်းရဲ့ အစ်ကိုနှစ်နဲ့အစ်ကိုသုံး ပဲ”
လုရှီမင်က သူမကို လုထန်ကျစ်ဟုခေါ်သောသူ၏ အစ်ကိုနှစ်နှင့် လုကျန်းကျစ်ဟုခေါ်သော အစ်ကိုသုံးတို့ကို မိတ်ဆက်ပေးသည်။ နှစ်ယောက်လုံးက ခံ့ညားချောမောကာ အမျိုးသားကောင်းတစ်ယောက်၏ ဟန်ပန်အပြည့်အဝကို ပိုင်ဆိုင်ထားသည်။ သူတို့က သူမ၏ ကျန်းမာရေးအခြေအနေကို ကြင်နာစွာ မေးမြန်း၏။ သူမက အပြုံးဖြင့် ကျေးဇူးတင်လိုက်သည်။
မိသားစုဝင်များကို မိတ်ဆက်ပြီးသောအခါ ယဲ့ကျန်းက သူမ၏စိတ်ထဲတွင် တစ်ယောက်ချင်းစီတိုင်းကို ဉာဏ်ရည်မြင့်မားစွာ တွက်ချက်နေခဲ့သည်။
ထိုအချိန်တွင် အပြင်ဘက်မှ ရယ်သံကို ကြားလိုက်ရသည်။ သက်တူရွယ်တူဖြစ်သော ကောင်မလေးနှစ်ယောက်က ရောက်လာ၏။ ထိုနှစ်ယောက်က ဒုတိယသခင်မလေးလုဖန်းနှင့် စတုတ္ထသခင်မလေး လုကျင်းတို့ဖြစ်သည်။ သူတို့က ဝင်လာကြသည်နှင့် ခန်းမမှ လှပသောမြင်ကွင်းနှင့် ရောင်ပြန်ဟပ်သွား၏။ နှစ်ယောက်လုံးက ကြော့ရှင်းကြည့်ကောင်းကာ ချစ်မြတ်နိုးဖွယ်ကောင်းသည်။ ဒါက ကြည့်ရှုသူများကို စိတ်ထဲ သဘောကျစိတ်ဖြစ်ပေါ်လာစေ၏။
ဒါက လုမိသားစုက သခင်မလေးတွေဖြစ်ရမယ်။
ယဲ့ကျန်းက တွေးလိုက်သည်။
ဒုတိယသခင်မလေးက ကိုယ်လုပ်တော်၏အကြီးဆုံးသမီး ဖြစ်သည်။ စတုတ္ထသခင်မလေးကမူ ဒုတိယကိုယ်လုပ်တော်မှ မွေးလာသောသမီးဖြစ်၏။ လုဝူရှန်းနှင့် ပဉ္စမသခင်မလေးကမူ ရောက်မလာခဲ့ပေ။ ထိုနှစ်ယောက်က လုမိသားစုမှ ပဏာမသမီးများဖြစ်ကြ၏။ ထို့ကြောင့် ပထမဇနီးမှ မွေးသောသူမှန်း သိသာသည်။ ပဉ္စမသခင်မလေးလုက ညစာစားပွဲကို မတက်နိုင်ပေ။ သူမက သူမဦးလေး၏ အစောင့်အရှောက်အဖြစ် လိုက်ပါပို့ဆောင်မှုနှင့်အတူ ကျန်းနန်သို့ ရောက်ရှိနေသည်။ မိသားစုကလည်း သူမကိုပြန်လာရန် မပြောထားကြပေ။
လုရှီမင်က  ကိုယ်လုပ်တော် မရှာပေ။ ဖေးရှီကသာလျှင် သူ၏တစ်ဦးတည်းသော ဇနီးဖြစ်၏။ ထို့ကြောင့် အများအမြင်တွင် လုယောင်ယောင်က ပဏာမသမီးဖြစ်သည်။
“ယောင်ယောင် ငါ့ကိုမှတ်မိသေးလား၊ ငါ အရင်ရက်က နင့်ကို လာကြည့်သေးတယ်လေ”
ယဲ့ကျန်းထက် ပို၍ကြီးသောလုဖန်းက ပြောလာသည်။ သူမက လုဝူရှန်းကဲ့သို့ မလှပသော်လည်း ထူးခြားသောကြော့ရှင်းမှုတစ်ခုက ရှိနေသေး၏။
အမှန်အတိုင်းဆိုရသော် ယဲ့ကျန်းက သူမကို မမှတ်မိပေ။ ထိုအချိန်က အတိတ်ဘဝက မှတ်ဉာဏ်များနှင့် သူမညီမ၏ မှတ်ဉာဏ်များအကြား ရောပြွန်းနေလေရာ အရေးမပါသောကိစ္စများကို အာရုံမစိုက်နိုင်ပေ။ သည်လူနှင့်ပတ်သက်သော သူမ၏မှတ်ဉာဏ်ကမူ စိတ်ထဲတွင် ရောထွေးနေသည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် သူမကို မြင်ခဲ့မှန်းမသိတော့ပေ။
“တတိယအစ်မက တို့ကို မမှတ်မိဘူးထင်ပါတယ်၊ ဒါပေမဲ့ အခုကစပြီး မှတ်ထားရမယ်နော်”
လုကျင်းက ကြည်သာစွာပြောသည်။
“အာ နင် အရမ်းကြီးတင်းကြပ်မနေပါနဲ့၊ မသိရင် နင်က တစ်လလောက် ဖျားသွားမှာကြနေတာပဲ”
လုဖန်းက ဝင်ပြောသည်။
ကောင်မလေးနှစ်ယောက်ကို ကြည့်နေရင်းမှ ယဲ့ကျန်းက ကွာခြားမှုကိုမြင်လိုက်ရ၏။ လုဖန်းက သူမကို ညင်သာသိမ်မွေ့သောသူဟု လူတိုင်း မြင်ရလောက်အောင် နူးညံ့သိမ်မွေ့၏။ အခြားတစ်ဖက်တွင် လုကျင်းကမူ ယဲ့ကျန်းထက် နှစ်လခန့်သာလျှင်ငယ်သော်လည်း သူမကို အထင်သေးနေဟန်ရသည်။ ယဲ့ကျန်းကို ညာဘက်မျက်ဝန်းထောင့်မှပင် အသေအချာစိုက်ကြည့်ခြင်းမရှိဘဲ ခပ်သာသာနေခဲ့၏။ သူမကို အာရုံပင် စိုက်ချင်ဟန်မရပေ။
ထိုအချိန်တွင် လုလင်ကျစ်ကို သွားခေါ်သော လုရှန်းကျစ်က ပြန်ရောက်လာသည်။
“ရုတ်တရက်ကြီး အစ်ကိုကြီးကို နန်းတော်က ဆင့်ခေါ်လို့ သူက လူတိုင်းကို တောင်းပန်ခိုင်းလိုက်တယ်၊ သူ ဒီညတော့ပြန်လာနိုင်မယ်မထင်ဘူး”
သခင်မကြီးလု၏မျက်နှာတွင် စိတ်ပျက်မှုက ထင်ဟပ်လာခဲ့၏။ သူမ၏ဘေးတွင်ရှိနေသော ယဲ့ကျန်းကမူ စိတ်သက်သာရာရသလို သက်ပြင်းချသည်။ သူမ လုလင်ကျစ်ကို သည်လောက်စောစော မမြင်ချင်သေးပေ။
သူမ သူ့ကိုမကြောက်ပေ။ ကိုယ့်ကိုယ်ကိုယ်သာ ကြောက်နေခြင်းဖြစ်၏။ သူ့ကို ဖျတ်ခနဲ မြင်လိုက်ရုံနှင့်ပင် ထိန်းချုပ်မှုလွတ်ကင်းပြီး လူတိုင်းရှေ့တွင် တိုက်ခိုက်မိမည်ကို စိုးရိမ်သည်။ သူမ အချိန်လိုအပ်၏။ သူမ လှုပ်ရှားသမျှကိုတွေးတောရန် အချိန်လိုအပ်သည်။ သည်ဝမ်းကွဲကို လူအများရှေ့တွင် ကောင်းမွန်စွာ ဆက်ဆံနိုင်ရန် အချိန်လိုအပ်၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now