Part 123

897 91 1
                                    

Unicode
အပိုင်း (၁၂၃) စောင့်မျှော်နေသော ဝင်ခွင့်စာမေးပွဲ

ယဲ့ကျန်းက ဆေးဝါးအကယ်ဒမီကျောင်းတော်၏ ခန်းမများအတွင်းသို့ ဝင်ရောက်လိုက်သည်။ ပထမ စာရင်းသွင်းမည့်နေရာသို့ သွားပြီး စာရင်းသွင်းပြီးနောက် လက်တစ်ဖဝါးစာရှိသော ကတ်တစ်ကတ်ကို ရရှိလိုက်သည်။ အပေါ်တွင် ကြော့ရှင်းသော စကားလုံးခြောက်လုံးကို ရေးထိုးထားပြီး အောက်တွင် လေးထောင့်အတုံးလေးများ ပါ၏။ သူမ၏လုပ်ဆောင်မှုအရကြည့်ပြီး ဆရာ၊ ဆရာမများက ထိုနေရာတွင် ဖြည့်ပေးရမည် ဖြစ်သည်။
ဘာသာရပ်ခြောက်မျိုးတွင် အနည်းဆုံး အေသုံးခု ရမှသာလျှင် အမျိုးသမီးအကယ်ဒမီသို့ ဝင်ခွင့်ရမည်ဖြစ်သည်။ ယဲ့ကျန်းကို ဒါကို စိတ်ထဲတွင် တေးမှတ်ထား၏။ သိပ်မကြာခင်အချိန်တွင် သည်ကတ်အားလုံး ပြည့်သွားရမည်ပေ။
ယဲ့ကျန်း သွားသည့်နေရာတိုင်းတွင် အာရုံစိုက်မှုအများအပြားကို လက်ခံခဲ့၏။ သူမက ယခင်ဝမ်ဖေး၏ ခန္ဓာကိုယ်ထက်ပင် ပို၍ ကြည့်ကောင်းနေခဲ့ပြီဖြစ်သည်။ သူမက ယခင်က ပို၍ငယ်ရွယ်သွားကာ သည်အကယ်ဒမီသို့ ဝင်ရောက်ခဲ့ချိန်က အသက် ၁၂ နှစ်အရွယ် ဖြစ်နေခဲ့သေး၏။ သည်တစ်ကြိမ်တွင် သူမက ယခင်လုယောင်ယောင်၏ အမြွှာအစ်မကဲ့သို့ အဖက်ဖက်မှ ပြည့်စုံခြင်း မရှိသေးပေ။ ထို့ကြောင့် သည်လိုကြော့ရှင်းမှုက လူတိုင်းကို အံ့ဩသွားစေသေး၏။
အများစုက သူမ၏မိသားစုနောက်ခံအကြောင်း ဆွေးနွေးနေကြပြီး သူမက မင်းသမီးလျိုဟွား စောင့်ကြည့်ခံရသူ ဖြစ်ကြောင်း သိသွားခဲ့၏။ သူမ၏အလှက လူအများတွင် ထင်းထွက်နေသည်။ သို့သော် အနီးကပ်ကြည့်မည်ဆိုလျှင် သူမ၏မျက်ဝန်းများထဲတွင် သဘောမကျမှုကို မြင်နိုင်လေသည်။ အမှန်အတိုင်းဆိုရသော် သူမနှင့် ယခင်ဝမ်ဖေး၏တူညီမှုကို သတိထားမိသူ နည်းပါးသည်။ သူမ မူလခန္ဓာကိုယ်တွင် အသက်ရှင်လျက်ရှိချိန်က မော့ရုန်ကျန်းနှင့် လက်ထပ်ပြီးမှသာလျှင် အကယ်ဒမီသို့ ပြန်လာခဲ့ခြင်းဖြစ်၏။ သို့ရာတွင် အခြေအနေအများစုက ကွာခြားသွားခဲ့ပြီဖြစ်သည်။
ထိုအချိန်က အချိန်အများစုကို သူမက ဆရာမများနှင့် သီးသန့်သင်ကြားခဲ့ပြီး အခြားသူများနှင့် သီးသန့်ကွဲကွာနေခဲ့သည့်အတွက် အတန်းဖော်များကပင် သတိထားမိလိမ့်မည် မဟုတ်ပေ။ သူမကို ရွှီဟိန်ယွီ သိနေခြင်းကလည်း အချိန်အတန်ကြာ မိတ်ဆွေဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ရွှီဟိန်ယွီက သူမကြောင့် မှေးမှိန်ခံရသည့်အတွက် သူမနှင့်ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ယဲ့ကျန်းက သူမနှင့် သက်တူရွယ်တူ ကောင်မလေးဆယ်ယောက်ကျော်ခန့် စောင့်ဆိုင်းနေသော အခန်းအတွင်းသို့ ဝင်ရောက်သွားလိုက်သည်။ သူမက သူ့ကို မြင်သောအခါ မျက်ဝန်းများက မှင်တက်မှုနှင့် တောက်ပသွားတော့၏။ သူမက နောက်ဆုံးနေရာတွင် သွားရပ်လိုက်ပြီး စောင့်ဆိုင်းနေသည်။ သူမက ပထမဦးဆုံးအနေနှင့် မြင်းစီးခြင်းအတတ်နှင့် မြားပစ်ခြင်းအတတ်ကို ဖြေဆိုရန် ဆုံးဖြတ်လိုက်သည်။ သည်ဘာသာရပ်နှစ်ခုက သေချာပေါက်အောင်မြင်မည်ဟု သူမအတွက် ကျိန်းသေနေသော ဘာသာရပ်များဖြစ်ကြသည်။
“နင့်နာမည် ဘယ်လိုခေါ်လဲ”
ယဲ့ကျန်း၏အနားတွင် ရပ်နေသော ကောင်မလေးတစ်ယောက်က တိတ်ဆိတ်စွာ မေးလာသည်။
“နင်က ကြည့်ကောင်းလိုက်တာ”
ယဲ့ကျန်းက ထိုကောင်မလေးကို ကြည့်သည်။ တစ်ဖက်သူက အနည်းငယ်ဝပြီး မျက်နှာက လုံးဝိုင်းနေ၏။ သို့ရာတွင် ချစ်စဖွယ် ဖြစ်နေသေးသည်။
“ငါ့ရဲ့နာမည်က လုယောင်ယောင်ပါ၊ နင့်နာမည်ကရော”
သူမကလည်း အခြားကောင်မလေးများကဲ့သို့ သိချင်စိတ်ပြင်းပြနေသော အပြစ်ကင်းစင်သည့် မျက်နှာကို ချိတ်ဆွဲထားသည်။
“ငါ့ရဲ့နာမည်က ဆွန်းဝမ်ပါ”
ဆွန်းဝမ်က ခပ်တိုးတိုးပြောသည်။
“လူငါးယောက်က စာမေးပွဲကို တစ်ပြိုင်နက်တည်း ဝင်ဖြေလို့ရတယ်၊ ဒါပေမဲ့ သူတို့အားလုံး ငိုပြီးထွက်လာကြတယ်”
ယဲ့ကျန်းက ဆွန်းဝမ်၏ ထိတ်လန့်မှုနှင့်ကြောက်လန့်မှု ပြည့်နှက်နေသော လေသံကို နားထောင်ရင်းမှ သည်လူကို ချောမွေ့သွားအောင် နှစ်သိမ့်ပေးလိုက်သည်။
“မကြောက်နဲ့ ငါတို့ ဒါကိုကျော်ဖြတ်နိုင်မှာပါ”
ဆွန်းဝမ်က အထိတ်တလန့် ခေါင်းညိတ်သည်။
“ငါ့ရဲ့မြားပစ်စွမ်းရည်နဲ့ အခြားနယ်ပယ်တွေက သိပ်ကောင်းတာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့အကောင်းဆုံးစွမ်းရည်ကတော့ မြားပစ်တာပဲ၊ နင်ကရော”
“ငါက ဘယ်အရာကမှ ထူးချွန်တယ်လို့ မရှိပါဘူး”
ယဲ့ကျန်းက ရှက်ရွံ့စွာဖြေသည်။
“မကြောက်နဲ့နော်”
ဆွန်းဝမ်က ယဲ့ကျန်း၏လက်ကို ကိုင်သည်။
“နင်က ဒီလောက်ကြည့်ကောင်းနေတာပဲ၊ သေချာပေါက် အောင်မှာပါ”
ချက်ချင်းဆိုသလို ယဲ့ကျန်း၏အပြုံးက ပျောက်ဆုံးသွားတော့သည်။ ကြည့်ကောင်းတာနဲ့ စာမေးပွဲအောင်တာက ဘာဆိုင်လို့လဲ။
ဆွန်းဝမ်က ပါးစပ်ကိုအုပ်ပြီး နှာခေါင်းလေးရှုံ့ကာ ပြော၏။
“တကယ်တော့ ငါက အရမ်းကြည့်ကောင်းတဲ့သူတွေဆိုရင် အရမ်းသဘောကျတာ၊ ငါသာ ဆရာမ ဖြစ်ရင် အဲဒီလူတွေအားလုံးကို အေပေးလိုက်မှာပဲ”
တကယ်ကို တဲ့တိုးပြောတတ်တဲ့ ကောင်မလေးပဲ။
ယဲ့ကျန်းက ပြုံးလိုက်ကာ ခေါင်းညိတ်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်”
သူတို့ရှေ့တွင်ရှိသော လူအများစုက သူတို့ပြောနေသော စကားများကို ကြားသောအခါ နောက်လှည့်ကာ ဆွန်းဝမ်ကို မနှစ်မြို့သလိုကြည့်ကြသည်။
ရုပ်ဆိုးတဲ့လူတွေက ပိုဆိုးတယ်။
ဆွန်းဝမ်က ရှက်သွားသည်။ သူမက သူမရှေ့ရှိလူကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
“နင်နဲ့ဘာဆိုင်လဲ”
ယဲ့ကျန်းက သူမ၏ပုခုံးကို ပုတ်ပေးသည်။
“ငါတို့အလှည့် ရောက်တော့မယ်၊ အဲဒီတစ်ယောက်ကြောင့် စိတ်အညစ်အနွမ်းမခံနဲ့၊ ဒီလိုလူတွေနဲ့ ရန်ဖြစ်မယ်ဆိုရင် စာမေးပွဲအောင်ဖို့ကို မေ့ထားလိုက်တော့”
“အင်း”
ဆွန်းဝမ်ကလည်း ခေါင်းညိတ်သည်။ သူမကလည်း သည်နေရာတွင် ပြဿနာဖြစ်ခြင်းက မသင့်တော်ကြောင်း နားလည်နေ၏။
သိပ်မကြာခင်အချိန်တွင် သူတို့အလှည့် ရောက်လာသည်။ သူတို့ရှေ့ရှိ အမျိုးသမီးက ခန်းမထဲသို့ ကြိုဝင်သွားရ၏။ သိပ်မကြာခင်မှာပင် အပြုံးနှင့်ထွက်လာ၏။ သူမက ရလဒ်ကောင်းဟန်ရ၏။
ဆွန်းဝမ်က ယဲ့ကျန်းကို လှည့်ကြည့်ကာပြောသည်။
“ငါ နင့်ကို အပြင်မှာစောင့်နေပေးမယ်၊ ပြီးတော့မှ တခြားစာမေးပွဲတွေကို အတူသွားကြတာပေါ့”
ယဲ့ကျန်းက ခေါင်းညိတ်ကာ ဖြေ၏။ ဆွန်းဝမ်က သူမ၏မြင်းစီးခြင်းစာမေးပွဲတွင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခဲ့ပေ။ သူမက စီသာလျှင် ရရှိခဲ့၏။ ထို့ကြောင့် ပျော်ရွှင်ရန် မရှိတော့ပေ။ ယဲ့ကျန်းကမူ အသက်ပြင်းပြင်းရှူကာ အထဲသို့ဝင်သွားသည်။ ခန်းမအတွင်းတွင် ဆရာမသုံးယောက်ရှိနေ၏။ ယဲ့ကျန်း ဝင်လာသည်နှင့် သူတို့အားလုံး အံ့ဩသွားကြသည်။
ယဲ့ကျန်းသည် ယခင်က ထိုဆရာမသုံးယောက်ကို မမြင်ဖူးပေ။ မည်သို့ပင်ဆိုစေ သူတို့က ကျောင်းချင်းခြားနေခဲ့သေး၏။ သူမက ခေါင်းကို ညွတ်လျက် ကိုယ်ကိုတစ်ချက် ကွေးကာ နှုတ်ဆက်လိုက်သည်။ သည်စာမေးပွဲက မြင်းစီးခြင်းအတတ်ကို ဖြေဆိုရခြင်းဖြစ်၏။ လမ်းလျှောက်ချိန်တွင် နောက်ပြန်ကြည့်ရန် မလိုအပ်ပေ။ စကားပြောချိန်တွင်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ထားရန် လိုအပ်နေ၏။ ဒူးကွေးညွှတ်ချိန်တွင်ဖြစ်စေ၊ ထိုင်ချိန်တွင်ဖြစ်စေ စကတ်ကို လှုပ်ခါသွား၍မဖြစ်ပေ။
သည်ပြဿနာရပ်များက ယဲ့ကျန်းအတွက် ပြဿနာမရှိပေ။ သူမက အထက်တန်းလွှာမိသားစုတွင် မွေးဖွားလာခြင်း ဖြစ်လေရာ သည်လိုအထက်တန်းလွှာ စံနှုန်းများနှင့် ပြည့်နှက်နေခဲ့၏။ သို့ရာတွင် သူမက ကောင်းကောင်းမလုပ်နိုင်လျှင်  လုယောင်ယောင်၏ပုံရိပ်က ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် မဆိုးရွားလွန်းသော အနေအထားအထိသာ လုပ်ပေးလိုက်၏။ မည်သို့ပင်ဆိုစေ လုယောင်ယောင်က ယဲ့ကျန်း၏မျိုးရိုးအဆင့်အတန်းကို ပိုင်ဆိုင်ထားခြင်း မဟုတ်သည့်အတွက် ဘီဆိုသည့် အဆင့်အတန်းနှင့်ပင် လုံလောက်နေ၏။
ယဲ့ကျန်း ထွက်လာသောအခါ ဆွန်းဝမ်က အပြင်တွင်စောင့်နေ၏။
“ယောင်ယောင် နင် နောက်ထပ် ဘာဖြေမှာလဲ”
ဆွန်းဝမ်က ယဲ့ကျန်း ပြုံးနေကြောင်းမြင်သောအခါ ချက်ချင်းလာကာ မေးသည်။
“မြင်းစီးတာနဲ့ မြားပစ်တာပေါ့”
ယဲ့ကျန်းက ဖြေသည်။ ယဲ့ကျန်း၏ ချစ်စဖွယ်မျက်နှာကို ကြည့်နေသော ဆွန်းဝမ်က သည်ဘာသာရပ်နှစ်ခုတွင်လည်း သူမက ကောင်းကောင်းလုပ်ဆောင်နိုင်မည်ဟု တွေးလိုက်ပြီးနောက် ပြောလိုက်သည်။
“နင် မြင်းစီးတဲ့အချိန်မှာမကြောက်နဲ့ နင်ကြောက်လေလေ မြင်းက မနာခံလေလေပဲ”
ယဲ့ကျန်းက ထိုစကားများကို တစ်ဖက်နားမှ ထွက်သွားစေလိုက်သည်။ သူမက ခေါင်းညိတ်၏။
“ငါ့ကိုသတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ နင်ကလည်း မြင်းစီးတဲ့ပညာမှာ တော်တာလား”
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now