part 50

1.6K 153 2
                                    

Unicode

အပိုင်း(၅၀) သံသယ(၂)
"ဒီဝမ်ဖေးက အရှင်မင်းကြီးကို ဂါရဝ ပြုပါတယ်"
လုဝူရှန်းက တော်ဝင်စာဖတ်ဆောင် အတွင်းသို့ ဝင်လာပြီးနောက် ရိုကျိုးစွာဖြင့် နှုတ်ဆက်သည်။
ရုတ်တရက် သူမ၏ တောက်ပသော အပြုံးက မျက်မှောင် ကြုတ်သော အဆင့်အဖြစ် ပြောင်းလဲသွားသည်။
"အရှင်မင်းကြီး အရှင်မင်းကြီး ဒီဝမ်ဖေးကို ညစာအတူ သုံးဆောင်ဖို့ အဖော်ပြုမယ်လို့ အာမခံ ထားပြီးမှ ဘာလို့ စာဖတ်ဆောင်ထဲက အခုအချိန်အထိ ထွက်မလာရသေးတာပါလဲ"
"ကျန်း မေ့သွားတာ"
မော့ရုန်ကျန်းက ပြုံးသည်။ သူ၏ လက်ကို ဆန့်ထုတ်ပြီးနောက် လုဝူရှန်း၏ လက်ကို ဆုပ်ကိုင်လိုက်၏။
"ဒါပေမဲ့ ကျန်းက ဝမ်ဖေး လာတွေ့တဲ့ အတွက် ဝမ်းသာသွားပြီ"
လုဝူရှန်းက ခမ်းနား ကြော့ရှင်းစွာ ပြုံးသည်။ သူမ၏ မျက်နှာက တောက်ပသွားကာ ဆို၏။
"ဒီဝမ်ဖေးက အရှင်မင်းကြီး အကြိုက်ဆုံး အရသာ ရှိတဲ့ စားပွဲတွေ ပြင်ဆင်ထားပါတယ်"
သူမ၏ လက်ကို တစ်ချက် ပုတ်ပြီးနောက် မော့ရုန်ကျန်းက လုဝူရှန်း၏ သွယ်လျသော ကိုယ်လေးကို သူ့ထံ ဆွဲသွင်းလိုက်သည်။ သူတို့ အလွန် နီးကပ်သွားပြီး တစ်ယောက်၏ မျက်နှာမှ သေးငယ်သော အမွှေးနုလေးများကိုပင် မြင်ရ၏။ အသက်ပြင်းပြင်း ရှူထုတ်ပြီးနောက် လုဝူရှန်း၏ ကိုယ်သင်းရနံ့က ဧကရာဇ်၏ နှာခေါင်းနားသို့ ဝေ့ဝဲလာသည်။
ဒါက လုဝူရှန်း အမြဲလိုလို ဆောင်လေ့ ရှိသော အမွှေးနံ့သာ အိတ်မှ အနံ့မှန်း မော့ရုန်ကျန်း မှတ်မိသည်။ ဒါက သူ ငယ်စဉ်က တောအုပ်အလယ်တွင် ရေတွင်းထဲသို့ ကျချိန်က ကယ်ဆယ်ခဲ့သော ကောင်မလေး၏ ချိုမြိန်ပြီး လတ်ဆတ်သော သဘာဝ သစ်သီးရနံ့ မဟုတ်ပေ။
"အရှင်မင်းကြီး"
လုဝူရှန်းက မော့ရုန်ကျန်းက သည်တစ်ခဏတွင် နွေးထွေးကာ ချစ်မြတ်နိုးဖွယ် ကောင်းသော အခိုက်အတန့်ကို လိုချင်သည်ဟု တွေးထင် မိသွားသည်။ ထို့ကြောင့် ကြော့ရှင်း ကြည့်ကောင်းစွာ ပြုံးပြီး ပြောလိုက်၏။
"ကျွန်မတို့ ညစာ အရင် သုံးဆောင်ကြရင်ရော ဘယ်လိုပါလဲ"
အနည်းငယ် ပြုံးပြီးနောက် လုဝူရှန်းကို ကိုင်ထားသော လက်ကို သူ လွှတ်လိုက်၏။
သူ၏ ဘဝတွင် အစားအသောက်အတွက် ထူးထူးခြားခြား အာရုံ ထားမှုမျိုး မရှိခဲ့ပေ။ နန်းတွင်းမှ အကောင်းဆုံး လက်ရာများကပင် အရသာ အကောင်းဆုံးဟု ဆိုကြသည့်တိုင် သူ့ကို သဘောတကျ မဖြစ်စေခဲ့ပေ။ သူ စားဖူးသမျှထဲတွင် အကောင်းဆုံး အရာက ယခုအချိန်အထိ မမှတ်မိသော ယောင်ယောင်ဟု ခေါ်သည့် ထိုကောင်မလေး ကျွေးခဲ့သည့် အနည်းငယ် ချဉ်ပြီး ချိုလည်းချိုသည့် ချယ်ရီအရသာမုန့် ဖြစ်သည်။
ထိုအချိန်က သူ၏ အမြင်အာရုံ ကွယ်နေခဲ့သောကြောင့် သူမ၏ မျက်နှာကို သူ မမြင်နိုင်ခဲ့ပေ။
"ဝမ်ဖေးမှာ နာမည်ပြောင်တွေများ ရှိသလား"
မော့ရုန်ကျန်းက လုဝူရှန်းကို သာမန် လေသံမျိုးဖြင့် မေးလိုက်သည်။
လုဝူရှန်းက ရယ်သည်။
"ကျွန်မရဲ့ မိသားစုကတော့ ရှန်းအာလို့ ခေါ်တယ်၊ အရှင်မင်းကြီးကလည်း ဒီလိုပဲ ခေါ်တာပဲလေ"
ရှန်းအာ၊ အဲဒီ ကောင်မလေး ပြောခဲ့တာတော့ သူမရဲ့ နာမည်ပြောင်က ယောင်ယောင်တဲ့။
ဆိုတော့ လုဝူရှန်းက တကယ်ပဲ အဲဒီရက်က ကောင်မလေး မဟုတ်ဘူးပေါ့။
မော့ရုန်ကျန်း အနေဖြင့် ပထမဆုံး အကြိမ် အမှား တစ်ခုပြီးတစ်ခု ရှာတွေ့လာရသည်။ သို့သော် ကျောက်စိမ်း အပိုင်းအစက မည်သည့် အတွက်ကြောင့် သူမ လက်ထဲ ရောက်နေကြောင်း သူ နားမလည်နိုင်တော့ပေ။
မော့ရုန်ကျန်းက ဘာမှန်းမသိ တစ်စုံတစ်ရာကို ကောက်ဝါး လိုက်ပြီးနောက် မိန်းမစိုးဖူကိုသာ သူ့ရှေ့ရှိ အရာ အားလုံးကို သိမ်းသွားစေလိုက်သည်။
"ဒီဝမ်ဖေး ပြင်ဆင်ထားတာတွေက အရှင်မင်းကြီး အကြိုက် မတွေ့လို့ပါလား"
လုဝူရှန်းက အနည်းငယ် နာကျင်ကာ စိတ် ရှုပ်ထွေးသွားသော အမူအရာမျိုးဖြင့် မေးလာသည်။
အခြားသူများ၏ အမြင်တွင် သူမက အရှင်မင်းကြီး အချစ်ရဆုံးသော တစ်စုံတစ်ယောက် ဖြစ်သည်။ သို့သော် လုဝူရှန်း ကိုယ်တိုင်ကမူ ဒီအမျိုးသား၏ ရှေ့တွင် မမောက်မာ၊ မထောင်လွှားရဲပေ။ သူက ကြင်နာပြီး သူမအပေါ် ညင်သာ သိမ်မွေ့ နေခြင်းက သူ့ကို ကယ်ခဲ့သည်ဟု ထင်မှတ်နေခဲ့၍ ဖြစ်သည်။
ဧက္ကရာဇ်က တည်ငြိမ်စွာ ပြောလာ၏။
"ဒီအတိုင်း ကျန်း အပြီးမသတ်ရသေးတဲ့ အမှုကိစ္စတွေကို ပြန်တွေးမိသွားလို့ပါ၊ စားစရာတွေက အမြဲတမ်း ကောင်းနေတာပါပဲ"
ထို့နောက် သူက ဆက်ပြောသည်။
"ကျန်း မင်းကို အဆောင်ကို ပြန်ပို့ပေးမယ်"
လုဝူရှန်း၏ မျက်နှာတွင် ပျော်ရွှင်မှုများက ပြည့်နှက်သွားသည်။
"ကောင်းပါပြီ"
အမှုကိစ္စများနှင့် အလှမ်းဝေးပြီး ငြိမ်းအေးသော အဆောင်သို့ ပြန်ရောက်သွားသောအခါ မော့ရုန်ကျန်းက လုဝူရှန်းနှင့် နှစ်ယောက်တည်း အတူ ရှိလိုသည်။ ထို့ကြောင့် ဝမ်ဖေး၏ အနီးကပ် အစေခံက အပြင်ဘက်တွင် စောင့်ဆိုင်းပေးကာ ထိုစုံတွဲကို နှစ်ကိုယ်တည်း ရှိစေသည်။
မော့ရုန်ကျန်းက နူးညံ့သော သားမွေး ထိုင်ခုံတွင် ဝင်ထိုင်ပြီးနောက် ပြောလိုက်သည်။
"ကိုယ်တော် မင်းကို ပေးထားခဲ့တဲ့ အဲဒီ ကျောက်စိမ်း တံဆိပ် ရှိနေသေးရဲ့လား၊ နောက်ဆုံး တစ်ကြိမ် ကိုယ်တော် တွေ့ခဲ့တဲ့ အချိန်တုန်းက အဲဒါက ပျက်စီးနေခဲ့ပြီ။ ဒါကြောင့် ကျန်းက အသစ်ပေးဖို့ ဆုံးဖြတ်ထားတယ်"
"ဒီဝမ်ဖေးက ကျောက်စိမ်း တံဆိပ် ပျက်စီးသွားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် တစ်နေရာမှာ သေချာ သိမ်းထားပါတယ်"
လုဝူရှန်းက ခပ်မြန်မြန်ပင် ကျောက်စိမ်း တံဆိပ်ကို သွားယူပေးရန် ပြင်လိုက်သည်။ သို့သော် သူမ၏ စိတ်ထဲမူ စိတ်ပျက် နေသည်။
ဘာလို့ ဧကရာဇ်က ရုတ်တရက်ကြီး ဒါကို မေးလာတာလဲ။
"အရှင်မင်းကြီးက သွားယူစေချင်ပါသလား"
မော့ရုန်ကျန်းက ခေါင်းညိတ်သည်။
"ကောင်းပြီ ကျန်း ကြည့်မယ်"
လုဝူရှန်းက တုံ့ဆိုင်းစွာပင် မတ်တတ် ထရပ်ပြီးနောက် သူမ တံဆိပ်ပြား ထည့်ထားခဲ့သော ရွှေရောင် သေတ္တာကို ဗီဒို အတွင်းမှ ထုတ်ယူလိုက်သည်။
ထိုဖြစ်စဉ် တစ်လျှောက်လုံး သူမ၏ နှလုံးသားက နာကျင် နေခဲ့၏။
ဧကရာဇ်က တစ်ခုခုကို ရှာတွေ့ သွားလို့လား၊ မဟုတ်ဘူး မဖြစ်နိုင်ဘူး။ ယဲ့မိသားစုက လူတိုင်း သေကုန်ပြီ၊ ဒီလောကမှာ ငါနဲ့ ငါ့အစ်ကိုကလွဲပြီး ဒါက ယဲ့ကျန်းဆီက ရမှန်း မသိနိုင်ဘူး။
"အား"
သူမ ဖွင့်လိုက်သည်နှင့် လုဝူရှန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
မော့ရုန်ကျန်းက ချက်ချင်း မတ်တတ် ထရပ်ပြီး အနားသို့ လျှောက်လာသည်။
"ဘာဖြစ်တာလဲ"
"ဒါ တံဆိပ် တံဆိပ်က"
လုဝူရှန်းက မျက်ရည် အပြည့်ဖြင့် အတွင်းသို့ ကြည့်သည်။
သူမ၏ အသံက တုန်ယင်နေကာ သူမက ဧကရာဇ်ကို ကြည့်လိုက်သည်။
"ဒီဝမ်ဖေးက တံဆိပ်ကို ဒီထဲမှာပဲ သိမ်းထားခဲ့တာပါ။ အဲဒီ အချိန်တုန်းက အရာအားလုံး အကောင်းအတိုင်းပါပဲ။ အဲဒီအချိန်တုန်းက တစ်ဝက်ပဲ ကျိုးခဲ့သေးတာပါ။ ဒါပေမဲ့ ဘာဖြစ်သွားမှန်း မသိတော့ပါဘူး"
အထဲတွင်ရှိသော ကျောက်စိမ်း တံဆိပ်က ကျိုးပဲ့ရုံသာ မကလေဘဲ အမှုန့်အဖြစ်ပင် ပြောင်းနေခဲ့၏။ ဖီးနစ် ပုံစံက ထင်ရှားစွာ ပေါ်နေသေးသည့်တိုင်အောင် ယခင်ကဲ့သို့ တောက်ပသော အရောင်အဆင်း မရှိတော့ချေ။
မော့ရုန်ကျန်းက ထိုဖီးနစ်ကို ကြည့်ပြီး ကြောင်သွားသည်။
ပြောင်းလဲသွားပြီ။
သူ တွေးသည်။
အရမ်းကို အထီးကျန် ဆန်နေတဲ့ပုံစံမျိုးပဲ။
ဧကရာဇ်၏ နှုတ်ခမ်းများက တွန့်သွားသည်။ သူက ထိုသေတ္တာကို လုဝူရှန်းထံမှ ယူလိုက်၏။
"ကိုယ်တော် တစ်ယောက်ယောက်ကို လွှတ်ပြီး ပြင်ခိုင်း  ကြည့်မယ်"
သို့သော် ဒါ ပြင်၍ မရမှန်း နှစ်ယောက်လုံး နားလည် နေခဲ့သည်။
ဘာကို ပြင်မှာလဲ။ ဒါက သေချာပေါက် အမှုန့် ဖြစ်သွားတာလေ။
ဒီအပိုင်းအစတွေ အားလုံးက တစ်နေရာထဲမှာ ရှိနေတာ။ သူ့အလိုလို ပျက်စီးသွားခဲ့တာ။
သူက ပိုင်ရှင် မဟုတ်တဲ့ အခြား တစ်ယောက်ကို အသိအမှတ် ပြုခဲ့လို့ ကျောက်စိမ်း တံဆိပ်က သူ့ကိုယ်သူ ဖျက်ဆီးလိုက်တာလား။
"ကျောက်စိမ်း တံဆိပ်ကို ကောင်းကောင်း မကာကွယ်နိုင်တဲ့အတွက် ဒီဝမ်ဖေး တကယ်ပဲ အပြစ်မကင်း ဖြစ်ရပါတယ်"
လုဝူရှန်းက ပြောသည်။
သူမက ဆက်တိုက် ဦးညွတ်နေခဲ့၏။ သူမ၏ စိတ် အတွင်းတွင်မူ အပြစ်မကင်းမှု တစ်စပင် မရှိပေ။ သူမ ပျော်ပင် ပျော်သွားသေး၏။
နောက်ဆုံးတွင် ယဲ့ကျန်းနှင့် ဧကရာဇ်ကြားမှ ဆက်နွယ်မှုက ပျက်စီးသွားခဲ့လေပြီ။
မော့ရုန်ကျန်း၏ အနားတွင် သူမသာ ရှိနေမည် ဆိုလျှင် သူက အချိန်တစ်ခု ကြာပြီးလျှင် ထိုငယ်ရွယ်သော ယဲ့ကျန်းက ဧကရာဇ်လေးကို ကူညီ ကယ်တင်ခဲ့ကြောင်းကို မေ့သွားပေလိမ့်မည်။
"မင်း အနားယူသင့်ပြီ၊ ကျန်း တော်၀င်စာဖတ်ဆောင်ထဲမှာ လုပ်စရာတွေ ရှိနေသေးတယ်"
မော့ရုန်ကျန်းက အေးစက်စွာ ပြောပြီး နောက်တွင် ချက်ချင်းလိုလို ရွှေရောင် သေတ္တာဘူးကို ကိုင်လျက် လှည့်ထွက်သွားသည်။
စိတ်ပျက် အားငယ်သွားသော မျက်နှာထားဖြင့် လုဝူရှန်း အိပ်ဆောင် အတွင်းတွင် ကျန်ရစ်ခဲ့သည်။
ငါက ကျောက်စိမ်း တံဆိပ်လောက်တောင် အရေး မကြီးဘူးလား။
...
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now