part 53

1.5K 162 1
                                    

Unicode
အပိုင်း (၅၃)
"အဘွား သမီး ရောက်ပါပြီ"
ယဲ့ကျန်းက ခန်းမအတွင်းသို့ ကျော့ရှင်းစွာ ဝင်သွားလိုက်သည်။ အခန်းထဲသို့ ခြေလှမ်း ဝင်လိုက်သည်နှင့် သူမ၏ မျက်နှာတွင် တောက်ပသော အပြုံးက ထွက်ပေါ် လာခဲ့၏။
ယဲ့ကျန်း ဝင်လာသည်နှင့် အခန်းထဲရှိ လူတိုင်းက တစ်ခဏခန့် တိတ်ဆိတ် သွားကြသည်။ သူတို့ အားလုံးက ထိုကောင်မလေး၏ အပြောတွင် နစ်မြော သွားကြ၏။ သူမက အလွန် ကျော့ရှင်း ကြည့်ကောင်းကာ သန့်စင်လွန်းသည့် ဟန်ပန်ကို ပိုင်ဆိုင်ထားသည့် အတွက် လူတိုင်းပင် အခြားသော အာရုံများကို ပျောက်ရှ သွားရလေသည်။
ဘယ်လိုဖြစ်ပြီး ပိန်ပါး မည်းတူးနေတဲ့ ကောင်မလေးက ဒီလောက် လှသွားရတာလဲ။
သခင်မကြီးလုက ပြုံးသည်။ သူမက ယဲ့ကျန်းကို လက်ကာပြပြီးနောက် ပြောလိုက်၏
"လာပါဦး အချစ်လေး၊ တစ်နေ့လုံး လေ့ကျင့်ထားရတော့ ပင်ပန်း နေတော့မှာပေါ့"
ယဲ့ကျန်းက အခန်းထဲရှိ လူတိုင်းကို မြင်သည်။ လုဖန်းနှင့် လုကျင်း တို့အပြင် သူမ တစ်ခါမှ မဆုံခဲ့ဖူးသော ကောင်မလေး နှစ်ယောက် သည်လည်း ရှိနေ၏။ သူတို့က ခေါင်းဆောင်၏ အခြား ညာဘက်ခြမ်းတွင် ထိုင်နေကြသည်။ သူတို့၏ ရုပ်ရည်ကို အကဲဖြတ်ဟန် အရ သူတို့သည်လည်း အသက် ၁၄ နှစ် ၁၅ နှစ် ဝန်းကျင်သာ ဖြစ်ပေလိမ့်မည်။ သူတို့က သူမကို အနည်းငယ် သဘောမကျသော မျက်ဝန်းများ၊ သိချင်စိတ် ပြည့်ဝနေသော မျက်ဝန်းများဖြင့် ကြည့်နေကြ၏။
ယဲ့ကျန်း၏ နေ့စဉ်နှင့်အမျှ ပြောင်းလဲမှုကို မြင်လာခဲ့ရသူများ အလျောက် မြို့တော်သို့ သိပ်မကြာခင်ကမှ ရောက်လာခဲ့သော ပိန်ပါး အားနည်းသော ကောင်မလေးနှင့်ပင် သူမက မတူတော့ကြောင်း လူတိုင်း နားလည် လာကြသည်။
သူမ၏ လက်ဖဝါးတွင် ရှိသော လင်းချွမ်ကို ဆက်တိုက် အသုံးပြု မှုကြောင့် သူမက နေ့စဉ်နှင့်အမျှ မင်သက်ဖွယ် ကောင်းလောက်အောင် လှပလာခဲ့၏။
"အဘွား သမီးက ဘယ်တော့မှ မပင်ပန်းတတ်ပါဘူး။ စာမေးပွဲက ဒီလောက် နီးကပ်နေပြီ၊ သမီးက ပင်ပန်းလို့ ဘယ်ဖြစ်ပါ့မလဲ"
ယဲ့ကျန်းက ဉာဏ်ရှိရှိ အနားတွင် ဝင်ထိုင်ပြီးနောက် သခင်မကြီးလု၏ လက်မောင်းကို ချွဲနွဲ့ဟန်ဖြင့် ဖက်သည်။
"အဘွားကသာ သမီးကို အရသာ ရှိတဲ့ စားစရာတွေ ချန်ထားပေးမယ်ဆိုရင် သမီးရဲ့ တစ်ကိုယ်လုံးက အားအင်အပြည့် ဖြစ်နေမှာပါပဲ"
ကျေနပ် သွားသော သခင်မကြီးလုက ရယ်သည်။
"ဒီကလေးမကတော့လေ စားဖို့ပဲ သိတယ်"
"သမီး ဘာတတ်နိုင်မှာလဲ။ အစားအစာတွေက အကောင်းဆုံးပဲလေ"
ယဲ့ကျန်းက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"တကယ်ပါပဲ အဘွားတို့သာ ကောင်းကောင်း မစားရင် ကံကောင်းခြင်းတွေက အဘွားတို့ကို သတ်ဖြတ် သွားတော့မယ် ထင်တယ်"
သခင်မကြီးလုက နောက်သည်။
အခန်းထဲတွင် ရှိသည့် လူတိုင်း၏ ရယ်သံက ဒီ ခမ်းနားသော စားပွဲ တစ်ခုလုံးတွင် ပြည့်နက်သွားတော့၏။
လည်ချောင်း ရှင်းပြီးနောက် သခင်မကြီးလုက ကြင်နာစွာ ပြုံးပြကာ အခြားသော လူသစ် ကောင်မလေးများကို ကြည့်သည်။ ထို့နောက် ယဲ့ကျန်းကို ပြန်ကြည့်၏။ သူတို့ ထံသို့ လက်ညှိုးထိုးကာ ရှင်းပြ လိုက်သည်။
"ဒါက လွန်ခဲ့တဲ့ ရက်ကမှ မြို့တော်ကို လာလည်တဲ့ မင်းရဲ့ ဝမ်းကွဲပဲ"
ယဲ့ကျန်းက မတ်တတ်ထရပ်ပြီး တစ်ချက် ဂါရဝ ပြုသည်။
"ဝမ်းကွဲ နှစ်ယောက်ကို တွေ့ရတာ ဝမ်းသာပါတယ်။ ဒီသခင်မလေးက အဘွားကို အခုလိုမျိုး ကောင်းကောင်း အဖော်ပြုမဲ့ သူတွေ ပိုများလာတဲ့အတွက် ကျေနပ်မိပါတယ်"
ထိုကောင်မလေး နှစ်ယောက်ကလည်း တစ်ချိန်တည်းလိုလို မတ်တတ် ထရပ်ပြီး အပြုအမူ ကောင်းဖြင့် တစ်ညီတည်း နှုတ်ဆက်ကြသည်။
"တတိယ ညီမအကြောင်း ကြားဖူးနေတာ ကြာပါပြီ၊ အခုမှပဲ ကိုယ်တိုင် တွေ့ခွင့် ရတော့တယ်"
သူတို့ လုစံအိမ်သို့ ရောက်မလာခင်က သည်တတိယ သခင်မလေးသည် စံအိမ်အတွင်းသို့ သိပ်မကြာခင်မှ ရောက်လာခဲ့သူ ဖြစ်ကြောင်း ကြားခဲ့ပြီးသား ဖြစ်သည်။ သူတို့သာ ထိုသတင်းကို ကိုယ်တိုင် မကြားခဲ့လျှင် ယခုလို မြင်ရသည့် အချိန်တွင် ယုံကို ယုံကြည်နိုင်မည် မဟုတ်ပေ။ သူမက နယ်မြို့မှ တက်လာသော်လည်း သူမတို့ ထက်ပင် မလျော့သော အလှတရားကို ပိုင်ဆိုင် ထားသူ တစ်ယောက် ဖြစ်နေခဲ့၏။
လုကျင်းက ပြုံးပြီးနောက် ထို ကောင်မလေး နှစ်ယောက်နှင့် ယဲ့ကျန်းကို မိတ်ဆက် ပေးသည်။
"တတိယအစ်မ ဒါက ဝမ်းကွဲ ချုံပင်းနဲ့ ဝမ်းကွဲ လီပင်းတို့ပဲ။ သူတို့က အမျိုးသမီး အကယ်ဒမီက ကျောင်းသူတွေပါပဲ"
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now