part 22

1.8K 174 1
                                    

Unicode

အပိုင်း ၂၂။ ညီမက အတော်ဆုံး (၂)
ယဲ့ကျန်း၏မျက်ဝန်းတွင် ယုံကြည်မှုရှိသောအပြုံးက ထင်ဟပ်လာခဲ့သည်။
“ဒါဆိုရင် သဘောတူပြီ၊ ညီမအနေနဲ့ ညီမရဲ့ကိစ္စတွေကို အစ်ကိုကြီး ဂရုစိုက်ဖို့လည်း မလိုအပ်ပါဘူး”
သူမက ကြေညာလိုက်သည်။
“ယောင်ယောင်”
လုလင်ကျစ်က ရုတ်တရက် ပြောင်းလဲသွားသော လေသံကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ပြန်ပြီး စာပေလေ့လာခွင့်ပြုပါ”
ယဲ့ကျန်းက ပြောလိုက်သည်။
သည်အခြေအနေကို အခွင့်ကောင်းယူပြီး သူတို့ကြားတွင် စည်းတားထားရန် ဆုံးဖြတ်လိုက်သည်။ သည်နည်းအားဖြင့် နောက်ပိုင်းတွေ့ဆုံသောအခါ သူမက သူ့ကို မယဉ်မကျေး ပြုမူနေလျှင်လည်း ပြဿနာ မရှိတော့ပေ။
ကောင်းကင်က ခက်ခဲမှုများကို မည်သို့တားဆီးရမည်မှန်း နားလည်နေဟန်ရသည်။ သူ သူမနှင့် သူမ၏မိသားစုအပေါ် လုပ်ခဲ့သောပြစ်မှုများကို ပြန်တွေးမိရုံဖြင့်ပင် ရင်နာရ၏။ သူမ အလေးစားဆုံးလူတစ်ယောက်က ယခုအခါ ရွံစရာအကောင်းဆုံးလူတစ်ယောက် ဖြစ်လာခဲ့သည်။
ယဲ့ကျန်းက သူ့ကို ဂရုမစိုက်ကြောင်း မြင်သောအခါ လုလင်ကျစ်၏မျက်ဝန်းများက မှေးမှိန်သွားသည်။
“ဒီကိစ္စကြောင့်နဲ့ မင်းရဲ့အစ်ကိုကြီးကို မုန်းသွားပြီလား”
သူက မေးသည်။
“ညီမ မလုပ်ရဲပါဘူး၊ ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက ညီမကောင်းဖို့အတွက် လုပ်နေတာပဲ၊ ညီမသိပါတယ်”
ယဲ့ကျန်းက ထိုသို့ပြောသော်လည်း သူမ၏အမူအရာက ရလဒ်ကို ထင်ရှားနေခဲ့သည်။
“လူတွေက နှိုင်းယှဉ်ခံရမှာကို အကြောက်ဆုံးပဲ၊ အစ်ကိုကြီးက မင်း ကောင်းဖို့အတွက် လုပ်တယ်ဆိုတာကို နားလည်မှာပါ”
စတုတ္ထသခင်မလေးလုကျင်းက အကယ်ဒမီတွင် ကျော်ကြားသောသူတစ်ယောက် ဖြစ်ကာ လူအများစုက လုယောင်ယောင်ကို မျိုးရိုးနာမည်တူသော အတွက်ကြောင့် သူမနှင့် နှိုင်းယှဉ်ကြပေလိမ့်မည်။ အဆိုးရွားဆုံးဖြစ်လာလျှင် ချင်မင်းဆက်၏ ယခင်ဝမ်ဖေးနှင့်ပင် သူမကို နှိုင်းယှဉ်လာနိုင်သေးသည်။ သူမကသာ ယခင်သူမနှင့် နှိုင်းယှဉ်ခံရမည်ဆိုလျှင် ယဲ့ကျန်းထက် ကျော်လွန်သောကျော်ကြားမှုများ ရရှိအောင် လုပ်ဆောင်သည်က အကောင်းဆုံးဖြစ်၏။
ဘယ်လောက်တောင် ဝန်ကြီးလိုက်သလဲ။
ယခင်ဝမ်ဖေးနှင့်လုယောင်ယောင် ပတ်သက်မှုမရှိသည်က အကောင်းဆုံးဖြစ်သည်။ သို့ဆိုလျှင် အနာဂတ်တွင် ဆိုးရွားသောကိစ္စများကို ဆင်တူသည်ဟု စွပ်စွဲခံရသောကိစ္စများ ရှိလာနိုင်တော့မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့သော ဆိုးရွားသောကိစ္စများက လက်ထပ်သည့်အရွယ် မရောက်သေးသော ၁၅ နှစ်အရွယ် ကလေးမတစ်ယောက်အတွက် မသင့်လျော်ပေ။
ယဲ့ကျန်းကလည်း လုလင်ကျစ်၏ ဆိုလိုရင်းစကားကို နားလည်သည်။ သူမက ယုံကြည်မှုရှိစွာပြုံးပြီး ပြောလိုက်၏။
“အစ်ကိုကြီး မစိုးရိမ်ပါနဲ့၊ ညီမက အတော်ဆုံးဆိုတာကို ညီမနားလည်ပါတယ်”
လုလင်ကျစ် ကြောင်သွားသည်။
ဒီအပြုံး သူ ဘယ်တော့မှ မေ့လို့မရတဲ့ဒီအပြုံး ဘာလို့ ဒီအပြုံးက ထူးထူးခြားခြား ရင်းနှီးနေရတာလဲ။
သူက ထိုအမူအရာကို ဆက်ကြည့်လိုသော်လည်း ယဲ့ကျန်းကမူ ခေါင်းကို ငုံ့သွားလေသည်။
“ညီမ ပြန်ပြီးစာပေလေ့လာလိုက်ပါအုံးမယ် အစ်ကိုကြီး၊ အစ်ကိုကြီးကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး”
ယဲ့ကျန်းက နောက်လှည့်လိုက်ကာ ထွက်သွားသည်။ ထိုအခါ ခြံဝန်းထဲတွင် ဆရာမရှန်း ရပ်နေကြောင်းကို မြင်လိုက်ရ၏။  သူမတို့၏စကားကို ကြားသွားသည်လား မသိနိုင်ပေ။
လုလင်ကျစ်က သူမ၏အနောက်မှ ထွက်လာသောအခါ ဆရာမရှန်းက မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူက ဘာစကားမျှ မဆိုပေ။ သူသည်အတိုင်း ခြေလှမ်းကျဲကြီးများဖြင့် ဆရာမရှန်းကို လျစ်လျူရှုပြီး ထွက်သွားတော့လေ၏။
သူမကိုယ်သူမ စိတ်ငြိမ်အောင်ထိန်းပြီးနောက်တွင် ယဲ့ကျန်းက ခြံဝန်းထဲသို့ တည်ငြိမ်စွာ ပြန်သွားသည်။ သူမက ခြံဝန်းထဲတွင်ရှိသော ပန်းခင်းပေါ်သို့ အကြည့်ရောက်သွားကာ သေးငယ်သောပန်းလေးများက ပွင့်လာခဲ့ပြီး အပင်များက ရှင်သန်ကြီးထွားလာနိုင်ခဲ့လျှင် သူမသည်လည်း အကောင်းဆုံးကြိုးစားကာ ရှင်သန်နိုင်ရမည်ဟု တွေးတောသည်။
အထူးသဖြင့် သည်ခရေပန်းများကဲ့သို့ မွှေးကြိုင်လန်းဆန်းစွာ ပွင့်လန်းလာနိုင်ရပေမည်။
သူမ၏လက်ဖဝါးကိုသူ ငုံ့ကြည့်လိုက်သည်။ ဖီးနစ်ရုပ်ပုံ၏ မျက်လုံးမှ အရည်စက်တစ်စက် ကျလာခဲ့ပြန်သည်။ ဒါက ဝိညာဉ်ရေစက်ဖြစ်၏။ ဒါက သူမ၏ဒဏ်ရာကို ကုသနိုင်ပြီး သူမ၏ရေစက်က ပန်းပင်များကို ရှင်သန်ကြီးထွားနိုင်အောင် လုပ်နိုင်ကတည်းက သူမ စိတ်ကူးတစ်ခုကိုရလာခဲ့၏။
ဒါက လူသားတွေအတွက်ရော အကျိုးသက်ရောက်မှု တူညီမှာလား။
“အမျိုးသမီးအကယ်ဒမီမှာ နင် စာလေ့လာချင်အောင် ဘာက လုပ်လိုက်တာလဲ”
ဆရာမရှန်းက သတိထားခြင်းမရှိဘဲ ရုတ်တရက်ပြောလာသည်။
ယဲ့ကျန်းက သူမ၏လက်ကိုအနောက်တွင် ဖွက်လိုက်လျက် ဆရာမရှန်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။
“ကျွန်မ တော်ဝင်ဆေးဆရာဖြစ်လာချင်တယ်၊ ဒါကပဲ မိသားစုကို အဆင့်အတန်းမြင့်မားအောင် လုပ်ပေးနိုင်လိမ့်မယ်၊ တစ်ချိန်တည်းမှာပဲ ဘွဲ့ထူးတွေ သတ်မှတ်ကြတဲ့အချိန်မှာ သူတို့အလိုရှိသလို ခမ်းနားတဲ့ဇိမ်ခံဘဝကြီးမှာ နေနိုင်ကြတော့မှာပေါ့”
ဆရာမရှန်းက ဖျော့တော့စွာ ပြုံးသည်။ ယဲ့ကျန်းကို အချိန်အတန်ကြာ စိုက်ကြည့်နေရင်း သူမ၏အပြုံးက နက်နဲလာ၏။
“ကောင်းပြီ၊ ငါ နင့်ကိုကူညီပေးနိုင်တယ်၊ ဒါပေမဲ့ တော်ဝင်ဆေးဆရာ တစ်ယောက် ဖြစ်လာဖို့အတွက်ဆိုရင် ငါ နင့်ကို လုပ်စေချင်တာတစ်ခုရှိတယ်၊ နင် ငါ့ကို ကတိပေးနိုင်မလား”
“ရပါတယ်၊ ဘာများပါလဲ”
ယဲ့ကျန်းက တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။
ဆရာမရှန်းက ကျေနပ်သွားပြီး ညင်သာစွာပြန်ဖြေ၏။
“ငါ နင့်ကို မနက်ဖြန်ကစပြီး အတိုဆုံးအချိန်အတောအတွင်းမှာ ဝင်ခွင့်စာမေးပွဲကို အောင်မြင်အောင် ကူညီပေးမယ်၊ အနုပညာခြောက်မျိုး၊ သိုင်းပညာလေးမျိုးအပြင် နင် နောက်ထပ်လေ့လာရမှာက ရှိနေသေးတယ်”
“ဆရာမက ဘာကိုဆိုလိုတာပါသလဲ”
ယဲ့ကျန်း သိချင်သွားသည်။
“အလှပဲ၊ နင့်ကိုယ်နင် ကောင်းကောင်းထိန်းသိမ်းဖို့ ငါ မျှော်လင့်တယ်၊ နင့်ရဲ့ကျန်းမာရေးက အကောင်းဆုံးဖြစ်ပြီး နင်က အလှဆုံးဖြစ်လာဖို့လိုအပ်တယ်”
အကယ်ဒမီက အဆင့်အတန်းအရ ရုပ်ရည်ကို အသားပေးလွန်းသည်။ ဆရာမရှန်းက သူမတွင် အလားအလာကို မြင်ပြီးသားဖြစ်လေရာ ဒါကိုဖြုန်းတီးမခံနိုင်ပေ။ ယဲ့ကျန်းကလည်း ဒါကို နားလည်သည့်အတွက် ပြုံးက ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ စိတ်အေးအေးထားပါ ဆရာမရှန်း”
နောက်နှစ်ရက်အတွင်းတွင် ယဲ့ကျန်းက စာအုပ်များကို အဖော်ပြုပြီး ဆရာမရှန်း၏ သင်ကြားမှုကိုသာ လက်ခံပြီး မည်သည့်နေရာမှ မသွားပေ။ သူမ နိုးထလာသည့်အချိန်တိုင်း အနုပညာခြောက်မျိုးနှင့်  သိုင်းပညာလေးမျိုးကို လေ့လာသင်ယူသည်။ သူမ သင်ယူသမျှအားလုံးက အသစ်အဆန်းများ မဟုတ်ကြဘဲ သည်အတိုင်း ဖုံးကွယ်ခြင်းမျိုးသာဖြစ်၏။ ပြောရမည်ဆိုလျှင် သူမက ထိုဘာသာရပ်တိုင်းတွင် တော်သည်။ သည်အတိုင်း နားမလည်ယောင်ဆောင်နေရခြင်း သာဖြစ်သည်။
နှစ်ရက်ခန့် လေ့လာပြီးနောက်တွင် ပန်းရှု့စားခြင်းတွေ့ဆုံပွဲနေ့က ရောက်ရှိလာသည်။ ဆရာမရှန်းက ပန်းများအပေါ် စိတ်ဝင်စားမှုမရှိပေ။ အပိုအလုပ်ဟုသာ ထင်၏။ သခင်မလုကမူ သူမကို ပွဲသို့အဖော်ပြုကာ လိုက်လာစေလိုသည်။
ဆရာမရှန်းနှင့်သခင်မကြီးလုတို့က ရထားလုံးတစ်လုံး စီးပြီး ယဲ့ကျန်းကမူ အခြားသောလုသခင်မလေး နှစ်ယောက်နှင့်အတူ ထိုင်သည်။ သို့သော် ကြည့်ရသည်မှာ ဒီနေ့ လုကျင်းက သူမနှင့် ရထားလုံးတစ်ခုတည်း ထိုင်လိုက်စီးရသည့်အတွက် ကျေနပ်ဟန်မရပေ။
“ဒုတိယအစ်မ၊ စတုတ္ထညီမ”
ယဲ့ကျန်းက ဦးစွာနှုတ်ဆက်ကာ ဂါဝရပြုလိုက်၏။
လုကျင်းက ယဲ့ကျန်းကို မော့ကြည့်ပြီးနောက်ပြောသည်။
“ဒီနေ့ တတိယညီမက ဒီပွဲကို မသွားတော့ဘူးလို့တောင် ထင်နေတာ၊ ဘာပဲဖြစ်ဖြစ်  ဆရာမရှန်းက အရင်တုန်းက နှစ်ရက်တိုင်တိုင် နင့်ကို သင်ကြားပေးနေခဲ့တာ မဟုတ်လား၊ သေချာပေါက် ဆရာမရှန်းကြောင့် တောက်ပအောင်မြင်လာမယ်လို့ မျှော်လင့်တယ်”
သူမ၏လေသံက သာယာသော်လည်း ယဲ့ကျန်းကမူ ရယ်ရသည်ဟုသာ ခံစားရ၏။
“စတုတ္ထညီမ တို့က နှစ်ရက်ပဲ သင်ရသေးတာ၊ ပါရမီရှင်မှ မဟုတ်တာ”
လုဖန်းက ပြုံးပြီးပြောသည်။
“တတိယညီမ တတိယညီမကံကောင်းဖို့ ငါ အကောင်းဆုံး ဆုတောင်းပေးပါတယ်၊ ဆရာမရှန်းကြောင့်နဲ့ဆိုရင် ညီမလေး သေချာပေါက်အောင်မှာပါ”
“နှစ်နှစ်၊ သုံးနှစ်လေ့လာနေတဲ့သူတောင် ဝင်ခွင့်အခုအထိ အောင်ကြသေးတာမှ မဟုတ်ပဲ”
လုကျင်းကမူ နှာခေါင်းရှုံ့ပြီး ဆက်ဖြည့်ပြောသည်။
“သနားစရာကောင်းတာက ဆရာမရှန်းရဲ့ကျော်ကြားမှုက တတိယအစ်မကြောင့် ပျက်စီးသွားတော့မှာပဲ”
...
နတ်ဆေးသမားတော် ယဲ့ကျန်း
အပိုင်း ၁၅မှ ၁၆၅ထိ
Kpay/Wave 3000ကျပ်
Ooredoo/Telenor/MPT 4000ကျပ်
Swae Nyoe Sales Channel တွင် ယခုဝယ်ယူနိုင်ပါပြီ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now