part 35

1.7K 165 1
                                    

Unicode

အပိုင်း ၃၅။ အမဲလိုက်ခြင်း (၁)
ယဲ့ကျန်း၏အဖြေကို ဆရာမရှန်းက ကျေနပ်သွားဟန်ရသည်။ ဒါက သူမဆိုလိုသော စကားဖြစ်နိုင်၏။
ယဲ့ကျန်းက ကြည်လင်ပြီး တည်ငြိမ်သောမျက်ဝန်းများဖြင့် ကြည့်လာပြီးနောက် သူမ၏ အကြည့်က လှပသော ပန်းများထံသို့ ရွှေ့သွားသည်။
“မင်းက ထူးခြားတယ်”
ဆရာမရှန်းက ခပ်တိုးတိုး ရေရွတ်ဟန်ဖြင့် ပြောပြီး လုမိသားစုဝင်ထဲတွင် တစ်စုံတစ်ရာကို သတိထားမိသည့်အလား ဖြစ်သွားသည်။ လုယောင်ယောင်က ထူးခြားသည်။ နည်းလမ်းအမျိုးမျိုးဖြင့် ထူးခြားနေ၏။
“ဆရာမ ကျွန်မတို့တွေ တခြားနေရာ သွားရအောင်လား”
သိပ်မကြာခင်အချိန်တွင် မော့ရုန်ကျန်းက လုဝူရှန်းနှင့် အတူ သည်နေရာသို့ သေချာပေါက် ပြန်လာပေလိမ့်မည်။ ယဲ့ကျန်းအနေဖြင့် ထိုလူများနှင့် မပတ်သက်ချင်ပေ။ အစပိုင်းတွင် မော့ရုန်ကျန်းနှင့် သူမ တွေ့ရလျှင် အလွန်စိတ်လှုပ်ရှားမည်ဟု တွေးခဲ့မိသေးသည်။ သို့သော် သည်တစ်ကြိမ်တွင်မူ  သူမ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုက ပျောက်ကွယ်သွားခဲ့ချေပြီ။
ဆရာမရှန်းကလည်း သည်သခင်မလေးများကို အဖော်မပြုချင်တော့ဟန်ရသည်။ ထို့ကြောင့် ယဲ့ကျန်း၏ကမ်းလှမ်းမှုကို သဘောတူလိုက်၏။ သူတို့နှစ်ယောက်ထဲသာ ဆန့်ကျင်ဘက်အရပ်သို့ လမ်းလျှောက်သွားလိုက်ကြသည်။ ထိုသို့အားဖြင့် ထိုစုံတွဲနှင့် ဝေးသွားတော့မည်ဖြစ်၏။
သို့ရာတွင် ကံကြမ္မာက သူမကို မျက်နှာမပေးပေ။ အခြားတစ်ဖက်ခြမ်းတွင် လုလင်ကျစ်နှင့်ဆုံ၏။ မော့ရုန်ကျန်းနှင့်လုဝူရှန်းတို့ ပန်းများရှုစားခြင်းကို ရှောင်ရှားရင်းမှ အသုံးမကျသောကောင်နှင့် လာတွေ့နေရသည်။
ယဲ့ကျန်းက သူ၏တည်ရှိမှုက သူမအပေါ် သက်ရောက်မှုမရှိသည့်အလား ဥယျာဉ်ထဲတွင် လှည့်လည်သွားလာနေလိုက်၏။ သို့သော် သူမ သည်နေရာမှ ထွက်သွားမည်ဆိုလျှင် ဆရာမရှန်းက သူမအပေါ် သံသယဝင်သွားပေလိမ့်မည်။
လုလင်ကျစ်က ဝမ်ဖေးလုကို သိသည်။ သူ၏ညီမက အရှေ့ဘက်တောအုပ်ပိုင်းတွင် ပန်းများ ရှုစားနေကြောင်းကိုလည်း နားလည်၏။ လုယောင်ယောင်က သူ၏ညီမကို အဖော်ပြုနေမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။  ထိုသို့ဆိုလျှင် ဧကရာဇ်ကို အဖော်ပြုခြင်းနှင့် တူသွားပေလိမ့်မည်။
သူ၏ညီမနှင့်ဧကရာဇ်က ရိုးရှင်းသောအမြင်ရှိသူများ မဟုတ်ကြပေ။ လုယောင်ယောင် သူတို့နှင့်အတူ မရှိရန် မျှော်လင့်နေ၏။ ဧကရာဇ်က လုယောင်ယောင်ကို မြင်ချိန်တွင် ယဲ့ကျန်းကို မှတ်မိသွားမည်ကိုလည်း သူ စိုးရိမ်နေသေး၏။
သို့သော် သိပ်မဝေးသောနေရာတွင် သူ ယဲ့ကျန်းကို မြင်လိုက်ရချိန်တွင် ဆရာမရှန်းကလည်း အနားတွင် ရှိနေကြောင်း မြင်လိုက်ရသည်။
ဆရာမရှန်းသည် ကျင်းတိုင်းပြည်တွင် အလွန်ကျော်ကြားသူဖြစ်၏။ လုလင်ကျစ်၏ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးက လျော့ကျသွားသည်ဟု ခံစားလိုက်ရသည်။ သူတို့ ဘာပြောနေမှန်း သူ မသိသော်လည်း ယဲ့ကျန်း၏မျက်နှာက ဖြည်းဖြည်းချင်း တောက်ပသွားကြောင်းမြင်သောအခါ ချိုမြိန်သောရယ်သံက အဖော်ပြုနေကြောင်း ခံစားလိုက်မိသည်။
ထိုရယ်သံက ချိုမြိန်ပြီး ကြော့ရှင်းလွန်းလှသည်။ ရုတ်တရက် သူ၏နှာခေါင်းပေါက်ထဲတွင် ကမ္ဘာမြေကြီး၏ ပင်ကိုယ်သဘာဝမြေသင်းနံ့များ သင်းလာကြောင်းကိုပင် ခံစားလိုက်မိ၏။
ဆောင်းဦးရာသီပဲ
ယဲ့ကျန်းက ဒီလိုအချိန်ကို သိပ်ကြိုက်တာ။
ဟာသတွေပြောပြီး သူမက အရမ်းရယ်တတ်တာ၊ ဒါပေမဲ့ ဒါတွေက ကြာခဲ့ပါပြီ။
လုလင်ကျစ် ခေါင်းကိုခါကာ မှတ်ဉာဏ်ကို ဖယ်ရှားလိုက်သည်။
“မင်း ဘာတွေကြည့်နေတာလဲ”
လုလင်ကျစ်၏အပေါင်းအဖော်အချို့က သူ၏ပြောင်းလဲသောအမူအရာကို သတိထားမိသည်။ စကားစ ပြတ်သွားကြောင်း ခံစားမိလိုက်သည်နှင့် ချက်ချင်း သူ့ထံ အာရုံပို့လိုက်ကြ၏။
သူ၏အနားတွင် လူ ငါးယောက်၊ ခြောက်ယောက်ခန့်ရှိပြီး အားလုံးက သည်လောကတွင် မော့ရုန်ကျန်းကို အဖော်ပြုပြီး ထီးနန်းကိုရယူနိုင်ရန် ကြိုးစားကူညီပေးခဲ့သူများ ဖြစ်ကြသည်။ သူတို့က လုလင်ကျစ်၏မျက်ဝန်းသွားရာသို့ ကြည့်လိုက်ပြီးနောက်တွင် အခြေအနေကို မြင်လိုက်ရသည်။ ထိုအချိန်တွင် ယဲ့ကျန်းက သစ်ပင်မှ ပန်းရောင်ပန်းလေးကို ခူးနေကြောင်း မြင်လိုက်ရ၏။ သူမ၏မျက်နှာတွင် တောက်ပသောအပြုံးက ရှိနေသည်။
“အာ ငါတို့ရဲ့ချစ်ရတဲ့လုလင်ကျစ်လို သံမဏိလိုနှလုံးသားက အရည်ပျော်သွားမဲ့နေ့ ရှိမယ်လို့ ငါ မထင်ထားဘူး၊ ကလေးမလေး တစ်ယောက်ကိုတောင် စိုက်ကြည့်နေပါလား”
အနားတွင် ထန်းကျန့်ဟုခေါ်သော ခံ့ညားချောမောသော လူတစ်ယောက်က အော်ရယ်နေသည်။
လုလင်ကျစ်က သူ့ကို စိတ်ရှုပ်သလိုပြန်ကြည့်ပြီးပြော၏။
“ပေါက်ကရတွေ မပြောနဲ့”
“အဲဒီကောင်မလေးက ဘယ်မိသားစုကလဲဆိုတာကို ငါတို့မေးတာကို စောင့်လိုက်စမ်းပါ၊ ဒီညီအစ်ကိုတွေက မင်းအတွက် ကြိုးစားပေးမှာပေါ့”
ရယ်သံက ပိုကျယ်လာသည်။ ယဲ့ကျန်းလည်း ကန်းဟန်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
သို့ရာတွင် ထိုအထဲတွင် လုလင်ကျစ်ရှိနေသည်ဟု ခံစားမိသည့်အခါ သူမ ထိုစကားဝိုင်းထဲ ဝင်မပါချင်တော့ပေ။
“ဆရာမ အခြားနေရာသွားရအောင်”
ယဲ့ကျန်းက ဆရာမရှန်းကိုပြောပြီး လုလင်ကျစ်ကို နှုတ်ဆက်ရန်  အာရုံမရှိဟန် ပြောလိုက်သည်။
ဆရာမရှန်းက ယဲ့ကျန်းကို စိတ်ရှုပ်သလို ကြည့်လာ၏။
ယောင်ယောင် ဒီကလေးမရဲ့ခေါင်းထဲမှာ ဘယ်လိုကိစ္စတွေများ ရှိနေတာလဲ၊ လုလင်ကျစ်ဆိုတာက သူမရဲ့အစ်ကိုအကြီးဆုံးပဲ၊ အနာဂတ်မှာ သူမ သေချာပေါက် သူ့အပေါ် မှီခိုမှပဲ ကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်ရမှာလေ၊ ဘာလို့ သူ့ကို ကပ်ဘေးလို ရှောင်ရှားချင်နေတာလဲ။
လုလင်ကျစ်က ယဲ့ကျန်း လှည့်ထွက်သွားတော့မည်ဖြစ်ကြောင်း မြင်လိုက်ရသည်နှင့် လှမ်းခေါ်လိုက်သည်။ ယဲ့ကျန်း၏ပုခုံးများက တောင့်တင်းသွား၏။
"ယောင်ယောင်"
အာ ထွက်သွားဖို့ နောက်ကျသွားပြီပဲ။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now