part 69

1.4K 136 2
                                    

Unicode

အပိုင်း (၆၉) မှတ်ဉာဏ်များ ချည်နှောင်ထားသောနေရာ
ရွှေအိုရောင်သူရိန်နေမင်းက ဝင်သွားခဲ့ချေပြီ။ ကောင်းကင်ကို ခရမ်းစုတ်ချက်များဖြင့် အလှဆင်ပေးနေခဲ့၏။ ကျယ်ပြောသောမိုးကုတ်စက်ဝိုင်း၏အောက်တွင် လုမိသားစု၏ ရထားလုံးက ကျွင်းကျစ်ရေပူစမ်းသို့ ရောက်ရှိသွားခဲ့သည်။
လုရှီမင်က လူများကို ကြိုတင်စေလွှတ်ကာ ကျွင်းကျစ်မှ ကိစ္စတိုင်းကို ကိုင်တွယ်ခိုင်းထားပြီးသားဖြစ်သည်။ သူတို့ ရောက်လာသောအခါ အိမ်တော်ထိန်းက ထွက်ကာ သူတို့ကိုတံခါးဝတွင် ကြိုဆိုသည်။
သူတို့ ရောက်လာသည်နှင့် ဖေးရှီက ယဲ့ကျန်းကို ဦးစွာစစ်ဆေးသည်။
“နောက်ကျနေပြီ၊ သမီး တစ်နေ့လုံးရထားလုံးထဲမှာ နေခဲ့ရတာဆိုတော့ အမေက သမီးအတွက် စွပ်ပြုတ်ပူပူလေး လုပ်ပေးမယ်”
“သမီးတို့ အရင်ဆုံး ရေပူစမ်းကိုသွားပြီး နားသင့်တာမဟုတ်ဘူးလား”
“ခြံဝန်းတိုင်းက စမ်းချောင်းဆီကနေ ရေတွေ ဆွဲယူထားတာပဲ၊ ရေကန်တစ်ခုတည်းရှိတာမှ မဟုတ်တာ”
ဖေးရှီက အံ့အားတကြီးပြောလိုက်သည်။
ယဲ့ကျန်းက ပြုံးသည်။ သည်နေရာကို သူမထက် မည်သူမျှ ပို၍ မရင်းနှီးနိုင်ပေ။ သည်နေရာက  သူမ၏ ပိုင်နက်နယ်မြေဖြစ်ခဲ့၏။
သူမ၏မိသားစုကသာ ဧကရာဇ်ကို တင်တောင်းလက်ဖွဲ့အဖြစ် ပေးခဲ့ခြင်းဖြစ်သည်။
သူမက ကလေးမရှိဘဲ သေသွားခဲ့သည်။ သူမ မိသားစုက သူမနောက်မှ လိုက်လာခဲ့၏။ ထို့ကြောင့် သူမ၏ပိုင်ဆိုင်သမျှအရာအားလုံးက မော့ရုန်ကျန်း၏အပိုင် ဖြစ်သွားခဲ့ရသည်။
သူမ၏ ရင်ထဲတွင် ခါးသီးသလို ခံစားနေခဲ့ရသည်။ ထိုအာဏာရှင်က သူမ၏ကျွင်းကျစ်ကို လုမိသားစုထံသို့ ပေးခဲ့၏။
ထိုသို့တွေးမိသောအခါ ယဲ့ကျန်း၏ ရင်ထဲဒေါသများ ပြည့်နှက်လာခဲ့သည်။ မော့ရုန်ကျန်းကို မုန်းသောအမုန်းက ပို၍ နက်ရှိုင်းသွား၏။
ငါက သူ့အတွက်အရေးမကြီးတာနဲ့ပဲ ငါပေးသမျှ တင်တောင်းလက်ဖွဲ့တွေ အားလုံးကို အခြားသူကို ပေးလိုက်ရတာပဲလား။
ဖေးရှီက သူမသမီး၏စိတ်အခြေအနေက အနည်းငယ် မကောင်းတော့ကြောင်း နားလည်လိုက်သည်။ ဒါက ခရီးသွား၍ပင်ပန်းနေသောကြောင့်ဟု ထင်လိုက်လေပြီး အစေခံများကိုသာ ယဲ့ကျန်းအတွက် ယာယီနားနေမည့် အဆောင်တော်ထံသို့ ခေါ်သွားစေလိုက်သည်၇
ယဲ့ကျန်းက သူမအတွက် စီစဉ်ပေးထားသော အဆောင်အတွင်းသို့ ရောက်သွားသောအခါ သူမ၏မျက်နှာတွင် အခါးနှင့်အချိုက ရောစပ်နေသော အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင် ဆော့ကစားလိုသော အမူအရာကလည်း ထွက်ပေါ်လာခဲ့သေးသည်။
သူမ လက်ရှိရပ်နေသောခြံဝန်းကသူမ နေနေကျခြံဝန်းဖြစ်ခဲ့သည်။ အတိတ်အချိန်ကဆိုလျှင် သူမက သည်ခြံဝန်းကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့သည်မှာ ဒါက အကြီးဆုံးခြံဝန်းဖြစ်နေသည့်အပြင် တောင်ကုန်းလေးထံသို့ ဆက်စပ်နေသော လျှို့ဝှက်လမ်းကြောင်းနှင့်အတူ သွားနိုင်သည့် အကြီးဆုံးရေကန်သို့ ရောက်နိုင်သောကြောင့်ဖြစ်သည်။
သစ်သားနံရံများဖြင့် ပတ်ဝန်းကျင်ကို ပိတ်ထားသော်လည်း ရေကူးထွက်သွားရန်က မခက်ခဲပေ။ ထိုသို့ထွက်သွားလျှင် အခြားနံရံတစ်ဖက်ထံသို့ ရောက်သွားအုံးမည်ဖြစ်၏။
သူမ လက်မထပ်ခင်အချိန်က သည်နေရာသို့ ရောက်လာချိန်တိုင်း ညဆိုလျှင် ခိုးထွက်လေ့ရှိသည်။ ထိုနေရာသို့ရောက်သွားလေပြီး လရောင်အောက်တွင် လရောင်ကို ခံယူကာ ည၏နွေးထွေးသောမြင်ကွင်းကို ပွေ့ဖက်လေ့ရှိ၏။ အာရုံတက်ချိန်အထိ သူမ ထိုအတိုင်း နေလေ့ရှိသည်။
သည်နေရာက သူမ ငယ်ဘဝမှတ်ဉာဏ်များနှင့် ပြည့်နှက်နေသည်။ သူမ၏ဖခင်နှင့် သူမ၏အစ်ကို သူတို့၏အရိပ်များက ထောင့်တိုင်းတွင် သူမကို အဖော်ပြုနေခဲ့၏။
သူမ၏စိတ်အတွင်းမှ တုန်ယင်သွားသည်။ သူမ မျက်ရည်များ ကျဆင်းလာတော့ကာ အထီးကျန်မှုကို ဆိုးရွားရက်စက်စွာ ခံစားလိုက်ရ၏။
အို ကောင်းကင်ဘုံ ဘာလို့ သူတို့ကို ဒီလောက်အထိ လွမ်းနေတာလဲ၊ အဲဒီအချိန်ကိုသာ ပြန်သွားနိုင်ခဲ့မယ်ဆိုရင် ဒါပေမဲ့ ဒီလိုကံကောင်းမှုက ထိန်းချုပ်လို့မှ မရနိုင်တာ။
“ယောင်ယောင်”
လုရှန်းကျစ်က အနောက်မှ အပြေးဝင်လာသည်။ သူ၏အပြုံးက ချက်ချင်းပင် ရှင်းလင်းခံရကာ သူ့ညီမ၏ မျက်ရည်များကို အလန့်တကြားကြည့်သည်။
“ဘာဖြစ်တာလဲ”
ယဲ့ကျန်းက မျက်ရည်များကို သုတ်ပြီးနောက် ပြုံးကာခေါင်းခါပြသည်။
“ညီမ အဆင်ပြေပါတယ်၊ အစ်ကိုက အဖေနဲ့အတူနေတာမဟုတ်လား၊ ဘာလို့ ရောက်လာတာလဲ”
မယုံကြည်မှုများ ပြည့်နှက်နေသော လုရှန်းကျစ်က မျက်မှောင်ကြုတ်ပြီးနောက် သူ့ညီမ၏မေးခွန်းကို ဖယ်ရှားလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ညီမ၏ပခုံးများကို ကိုင်ပြီးနောက် မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်၏။
“ဝင်ခွင့်စစ်ဆေးပွဲအတွက် စိုးရိမ်နေတာလား၊ ဒါမှမဟုတ် အခြားသူတွေက ညီမလေးအပေါ် လောင်းကြေးထပ်ကြတာကို သိနေလို့လား”
“အစ်ကိုကြီးရော သိနေတာလား”
ယဲ့ကျန်း အံ့ဩသွားသည်။
တကယ်ပဲ နံရံတွေမှာ နားတွေ ရှိနေတာပဲ။
ထိုအချိန်တွင် လုရှန်းကျစ်၏မျက်နှာအမူအရာက ပြောင်းလဲသွားကာ တစ်စုံတစ်ရာကို ပြောချင်သကဲ့သို့ ဖြစ်သွားသည်။
“အခြားသူတွေ တွေးတာကို ဂရုစိုက်မနေပါနဲ့၊ ညီမလေးကိုယ်တိုင် လုပ်နိုင်တာက အရေးကြီးတာပဲ မဟုတ်လား၊ တကယ်လို့ ညီမလေး မဝင်နိုင်တော့ရောဘာဖြစ်လဲ၊ ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ”
“အစ်ကိုကြီး အစ်ကိုကြီး ညီမအတွက် လောင်းသင့်တယ်”
ယဲ့ကျန်းက မျက်ရည်များနှင့်အတူ ပြုံးပြီးနောက် လုရှန်းကျစ်၏ အင်္ကျီလက်ကိုဆွဲကာ ဆက်ပြောသည်။
“ညီမ စုထားသမျှက လျန်း ၁၂၀ ရှိတယ်၊ အစ်ကိုကြီးက ညီမ စာမေးပွဲကိုအောင်ပြီး အကယ်ဒမီကို ကောင်းကောင်းမွန်မွန် ဝင်နိုင်တဲ့ဘက်ကနေ လောင်းမယ်ဆိုရင် ညီမရဲ့ဒီလျန်းတစ်ရာက တစ်ထောင်ဖြစ်သွားနိုင်တယ်”
“အာ ညီမလေး စုထားသမျှအားလုံးကို ရင်းလိုက်တော့မလို့လား”
လုရှန်းကျစ်က အချိန်မရွေး လဲကျတော့မတတ် ဖြစ်သွားလေသည်။
နှုတ်ခမ်းမဲ့ပြီးနောက် ယဲ့ကျန်းက သူမ၏ဘေးဘက်တွင် လက်ကိုထားလိုက်ကာ မတရားခံရသော အမူအရာမျိုးဖြင့် လုရှန်းကျစ်ကိုကြည့်သည်။
“အစ်ကိုကြီးက ညီမလေးမဝင်နိုင်ဘူးလို့ ထင်နေတာလား၊ ညီမလေးကို တကယ်အထင်သေးတာပဲ”
လုရှန်းကျစ် အလောတကြီးပြောသည်။
“ဒီအစ်ကိုက ငါ့ညီမကို ဘယ်အထင်သေးရဲပါ့မလဲ၊ ငါတို့မိသားစုက ဘယ်လောက် ဉာဏ်ကောင်းလိုက်သလဲ၊ သေချာပေါက် ညီမလေးက အကယ်ဒမီကို ဝင်မှာပါ”
“ဒါဆိုလည်း လောင်းလိုက်လေ”
ယဲ့ကျန်းက ပြုံးသည်။ သူမ၏မျက်ဝန်းများက ရတနာများကဲ့သို့ တောက်ပနေခဲ့၏။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now