part 5

2.9K 273 1
                                    

unicode

အပိုင်း ၅။ သူမပြန်လာပြီ (၂)
“အဖေနဲ့အမေက အခုမှ ပြန်ရောက်ခါစဆိုတော့ အမြဲတမ်း လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေနဲ့ ပြည့်နေခဲ့တာ၊ ဒါကြောင့် ဒီဧည့်သည်တွေအားလုံး ထွက်သွားတော့မှ သူတို့ ညီမလေးကို လာတွေ့နိုင်လိမ့်မယ်၊ မစိုးရိမ်ပါနဲ့”
လုရှန်းကျစ်က သူ၏ညီမကို နှစ်သိမ့်ပေးသည်။ သူစိတ်ထဲထင်နေသည်မှာ သူ၏မိဘများက သူမ နိုးထလာချိန်တွင် မရှိသဖြင့် အားငယ်သွားသည်ဟု ထင်သွားခဲ့ဟန်ရသည်။ သူ၏ညီမစိတ်က အထိမခံဆုံးအရာလည်းဖြစ်သည်။ သူမက တက်ကြွစွာနေတတ်လေ့ ရှိသည့်တိုင်အောင် သူမ၏နှလုံးသားထဲတွင် အမြဲတမ်း ထူးခြားသောအခြေအနေတစ်ခုက ရှိနေခဲ့၏။ အကြောင်းမူကား သိပ်မကြာခင်အချိန်ကမှ သူမက သူ၏ညီမအရင်း မဟုတ်မှန်း သိခဲ့ရသောကြောင့်ဖြစ်သည်။
ယဲ့ကျန်းက ပြုံးလိုက်သည်။
“အချိန်အကြာကြီးနေမှ မြို့တော်ကို ညီမတို့ ပြန်ရောက်လာရတယ်ဆိုတာကို ညီမ သိပါတယ်”
လုရှန်းကျစ်က သူ့ညီမ၏ခေါင်းကို တစ်ချက်ပုတ်ပေးသည်။ သူမက သည်နေ့တွင် အထိမခံ ဖြစ်နေသည်ဟု သူ ခံစားနေရ၏။
“ညီမလေးက နေကောင်းပြီး အားအင်အပြည့် ဖြစ်နေမယ်ဆိုရင် ဒီအစ်ကိုကြီးက ပျော်စရာတွေရှာဖို့ အပြင်ကိုခေါ် သွားပေးမယ်လေ၊ အစ်ကိုကြီးတို့မောင်နှမတွေ မြို့တော်မှာ လျှောက်ပတ်မကြည့်ရသေးဘူး မဟုတ်လား၊ ဒီနေရာက အစ်ကိုကြီးတို့လို ပျင်းဖို့ကောင်းတဲ့ နယ်စပ်မြို့လေးနဲ့ အရမ်းကိုကွာခြားတယ်၊ ပျော်စရာတွေလည်း အများကြီးပဲ၊ စားစရာတွေဆိုရင်လည်း ကောင်းကင်ဘုံလိုပဲ၊ ဒီမြို့တော်ကြီးက အစ်ကိုကြီးတို့ အရင်ကနေခဲ့တဲ့မြို့ထက် အများကြီးသာတယ်၊ နောက်မှ ဒီအကြောင်းတွေအားလုံးကို ပြောပြမယ်”
“အင်း”
ယဲ့ကျန်းက ပြုံးလိုက်ကာ ခေါင်းညိတ်သည်။
သူမ၏စိတ်နှလုံးသား အနက်ရှိုင်းဆုံးအပိုင်းတွင်မူ သူ၏ချစ်မြတ်နိုးရသော လုယောင်ယောင်က သေသွားပြီဖြစ်ကြောင်း ပြောပြလိုနေခဲ့သည်။ ထို့အပြင် သည်အိမ်တော်မှ မည်သူထက်မဆို သူမက သည်မြို့တော်နှင့် အလွန်ရင်းနှီးကြောင်းကို ပြောပြလိုနေ၏။
“ကောင်းပြီ၊ နေရာတိုင်းမှာ ဧကရာဇ်အသစ် ထီးနန်းဆက်ခံတဲ့အကြောင်းတွေက ပျံ့နှံ့နေတာ၊ မြို့က အရမ်းကိုစည်ကားနေတယ်၊ အစ်ကိုကြီးစိုးရိမ်တာက အခုတလော အပြင်ထွက်ဖို့ အဆင်သင့် မဖြစ်မှာကိုပဲ”
လုရှန်းကျစ်က သက်ပြင်းချနေသည်။
သူတို့ အချိန်တစ်ခုကြာ အိမ်တော်အတွင်းတွင်သာ နေရမည့်ပုံရ၏။
ယဲ့ကျန်း၏နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားကာ အပြုံးက အေးခဲသွားသည်။ သူမက အံ့ဩမှုကို ဖုံးကွယ်ပြီးနောက် တည်ငြိမ်သောလေသံဖြင့် မေးလိုက်၏။
“ဧကရာဇ်အသစ် ထီးနန်းဆက်ခံတယ်ဟုတ်လား၊ ဘယ်ဧကရာဇ်အသစ်လဲ”
မော့ရုန်ကျန်း ထီးနန်းဆက်ခံတာ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက မဟုတ်လား။
သူမ သေသွားခဲ့သည်မှာ နှစ်နှစ်ခန့်ကြာပြီဖြစ်ကြောင်းကို အသေအချာ မှတ်မိနေခဲ့သေးသည်။
“ဟုတ်တယ်လေ ချင်မင်းဆက်က မင်းသားတစ်ပါးက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကပဲ ထီးနန်းဆက်ခံသွားခဲ့တာ၊ အချို့အကြောင်းပြချက်တွေကြောင့် လွန်ခဲ့တဲ့သုံးရက်က သူ့ဝမ်ဖေးနဲ့ သူ့အိမ်တော်ကလူတွေ၊ မိသားစုဝင်တွေအားလုံး မီးလောင်ပြီး သေဆုံးသွားခဲ့တယ်၊ ဒီနေ့ရှန်းအာက အင်ပါယာတော်ဝင် ကိုယ်လုပ်တော်အဖြစ် ချီးမြှင့်ခံရတယ်၊ မိသားစုတစ်ခုလုံးက အောင်ပွဲခံချင်နေကြတာပေါ့”
လုရှန်းကျစ်က ပြောလိုက်သော ထိုစကားများက ယဲ့ကျန်းအတွက် စကားလုံးများအဖြစ် ကြားယောင်ခြင်းမရှိတော့ပေ။
မော့ရုန်ကျန်းက ဧကရာဇ် ...ငါက သူ့ရဲ့အရင်ဝမ်ဖေးလေ၊ ဒါပေမဲ့ လုရှန်းကျစ် ဒါကို မသိတာက ပုံမှန်ပါပဲ။
သူက ထီးနန်းကို ဆက်ခံကာစပဲရှိသေးတယ်ဆိုတော့ ငါ အသတ်ခံရကာစပေါ့၊ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရမှာလဲ၊ ဘယ်လိုဖြစ်ပြီး ငါ နှစ်နှစ်လုံးလုံး နန်းတော်မှာ ပိတ်မိနေတဲ့အချိန်တွေက ပျောက်သွားရတာလဲ။
“ဝမ်ဖေးဆိုတာ ယဲ့မိသားစုက မိန်းကလေးမဟုတ်လား”
ယဲ့ကျန်းက နှိမ့်ချသောလေသံဖြင့် ပြောသည်။ သူမ၏လက်များက တုန်ယင်နေကာ လက်သီးဖြင့် တင်းတင်းဆုပ်ထားရ၏။ သို့သော် ထိုလက်များကမူ စောင်အောက်တွင်ဖြစ်သည်။
လုရှန်းကျစ်က ခေါင်းညိတ်ပြီးနောက် လုယောင်ယောင်က ထိုဝမ်ဖေး၏မျိုးရိုးနာမည်က ယဲ့ဖြစ်နေကြောင်း မည်သို့ သိနေခြင်းကို သတိမထားမိလိုက်ပေ။
“ယဲ့မိသားစုက လွန်ခဲ့တဲ့နှစ်ရက်ကပဲ နန်းတော်ဂိတ်ပေါက်မှာ ခေါင်းဖြတ်အသတ်ခံခဲ့ရတယ်၊ ဂိတ်တစ်ခုလုံး သွေးတွေလွှမ်းနေခဲ့မယ်ဆိုတာ ညီမလေးဆိုရင် စဉ်းတောင်စဉ်းစားရဲမယ် မထင်ဘူး၊ မိုးက အချိန်အတန်ကြာ ရွာသွန်းခဲ့တာတောင်မှ သွေးတွေက မကုန်စင်သေးဘူး၊ အစ်ကိုကြီး တစ်ချက်သွားကြည့်ပြီး ပြန်လာရတယ်၊ အစ်ကိုကြီးဆိုရင် အဲဒီညက အိပ်လို့တောင်မပျော်ခဲ့ဘူး”
ယဲ့တစ်မိသားစုလုံး ခေါင်းဖြတ်အသတ်ခံခဲ့ရတယ်၊ သူမ ချစ်ရတဲ့မိသားစုလည်း အပါအဝင်ပေါ့။
မော့ရုန်ကျန်း ထီးနန်းဆက်ခံခဲ့ချိန်ကို သူမ မည်သည့်နည်းနှင့်မျှ မေ့၍ရလိမ့်မည်မဟုတ်ပေ။ သူက ထိုထီးနန်းဆက်ခံခွင့်ရအောင် ကူညီပေးခဲ့သူများကို ထီးနန်းဆက်ခံပြီးသည်နှင့် ကွက်မျက်လိုက်သည်။ ယဲ့မိသားစုက ထိုလူများထဲမှ တစ်ခုအပါအဝင်ဖြစ်၏။
ယဲ့ကျန်းက အံကိုကြိတ်ထားသည်။ သူမ၏နှလုံးသားထဲမှ ပြင်းထန်သောနာကျင်မှုကို ခံစားနေရ၏။ သူ သူမကိုပေးခဲ့သော အဆိပ်ဝိုင်ကို မှတ်မိနေသေးသည်။ သူ၏ညီမ လုဝမ်ရှန်းနှင့် လုမိသားစုအတွက် သစ္စာဖောက်ခဲ့သော လုလင်ကျစ်၏ စကားများအားလုံးကိုလည်း မှတ်မိနေသေး၏။ မော့ရုန်ကျန်း သူမအပေါ် ကတိမတည်ခဲ့သည့် ကိစ္စများကို ထည့်ပြောရန် မလိုအပ်တော့ပေ။ ယဲ့မိသားစုအတွက် တရားမျှတမှုက မေ့လျော့ခံပင်ဖြစ်သည်။
သူမ အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ၏ မုန်းတီးမှုများကို ဖိနှိမ့်ပြီး သူမရှေ့ရှိအရာအားလုံးကို ဖြည်းဖြည်းချင်း ကြည့်လိုက်၏။ သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းသည်။ လုရှန်းကျစ်ကို မေးခွန်းများ မမေးမိစေရန်အတွက် အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထား၏။
မော့ရုန်ကျန်းက အပြစ်ကင်းစင်တဲ့သူတွေအပါအဝင် ယဲ့ကလန်တစ်ခုလုံးကို သတ်လိုက်တယ်၊ ဒါဆိုရင် သူမရဲ့ဖခင်ကရော သူမရဲ့ဖခင်က ဘယ်သူ့ကိုမှ အပြစ်မပြုဘူးတဲ့ အထက်တန်းလွှာတစ်ယောက်လေ၊ သူက လွန်ခဲ့တဲ့နှစ်တွေတိုင်းမှာ လူတိုင်းကို လျှို့ဝှက်စွာနဲ့ကူညီခဲ့တာ၊ နောက်ပြီး မော့ရုန်ကျန်းကို ဒီလိုဘုရင်ဖြစ်အောင် ကူညီပေးခဲ့တဲ့သူပဲ၊ ယဲ့မိသားစုက အခြားသူတွေနဲ့တောင် အတိုက်အခံလုပ်ပြီး သူက လျှို့ဝှက်စွာနဲ့ ကူညီပေးခဲ့သေးတာ၊ ဒါကိုနောက်ဆုံးမှာ တစ်မိသားစုလုံးကို ကွပ်မျက်လိုက်တာတဲ့လား။
ယဲ့ကျန်း၏မျက်လုံးထဲတွင် မုန်းတီးမှုများက ပြည့်နှက်လာခဲ့သည်။  သူမ၏အနားတွင် စိတ်လှုပ်ရှားစွာ စကားပြောနေသည့် လူငယ်လေး၏စကားကို ငြိမ်သက်စွာ နားထောင်နေလိုက်သည်။ ရုတ်တရက် သူမ၏ညာလက်ဝါးမှ နာကျင်မှုကို ခံစားလိုက်ရသည်။  သူမ၏မျက်နှာအနား လက်ဖဝါးကိုယူကာ ကြည့်လိုက်၏။
ထိုအခါ သူမ၏ မျက်ဝန်းရှေ့တွင် မီးတောက်အလင်း ဖျက်ခနဲလက်သွားကြောင်းကို မြင်လိုက်ရသည်။ သူမ၏လက်ဖဝါးက လောင်ကျွမ်းသောခံစားချက်ကို ရလိုက်၏။ သူမ၏လက်က သူမလက် မဟုတ်တော့သကဲ့သို့ ခံစားလိုက်ရသည်။
ယဲ့ကျန်း အံ့အားတကြီး အော်ဟစ်ငိုယိုမိပြီးနောက်တွင် မေ့မြောသွားတော့သည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now