Part 108

939 89 1
                                    

Unicode
အပိုင်း (၁၀၈) နှုတ်ဆက်ခြင်း (၁)
လုလင်ကျစ်က စံအိမ်၏အရှေ့ဆောင်သို့ ပြန်သည်။ လူတိုင်းက သူ ပြန်အလာကို စောင့်ဆိုင်းနေကြပြီး စားစရာများကပင် အေးစပြုနေသည်အထိ မထိထားကြောင်း မြင်လိုက်ရ၏။ သူက ပြုံးပြီး သခင်မကြီးလုကို နှုတ်ဆက်ကာ အနားတွင်ဝင်ထိုင်သည်။
“အကြီးဆုံးသခင်မလုက ဖျားနာနေတာ အဖွားသိတဲ့အတိုင်းပဲ၊ သူက နောက်ပိုင်း ကျွန်တော်တို့နဲ့အတူ ရှိတော့မှာမဟုတ်ပါဘူး”
စားပွဲဝိုင်းမှ တည်တင်းနေသော မျက်နှာထားများကို မြင်သောအခါ သူက မနေနိုင်ဘဲ ထပ်ဖြည့်ပြောလိုက်သည်။
“ဘာတွေကို စောင့်နေကြတာပါလဲ၊ အားလုံးပဲ တူတွေ အသင့်ပြင်ကြရအောင် လေ”
“မင်း အမေ နေမကောင်းဘူးဆိုရင် ကောင်းကောင်းနားခိုင်းလိုက်ပါ”
သခင်မကြီးလုက ပြောသည်။
“အဖွား ကျွန်တော် မနက်ဖြန်ကျရင် အမေ့ကိုလာကြည့်ဖို့ ဆေးဆရာတစ်ယောက် ပင့်ထားလိုက်ပါ့မယ်”
လုလင်ကျစ်က ခေါင်းညိတ်ပြီး လူတိုင်းကို စားသောက်ရန်အမူအရာပြသည်။
အနည်းဆုံး သူတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောအခါ စတုတ္ထသခင်မလေးလုကျင်းက ပြောလာသည်။
“တတိယဒေါ်လေးက ဆေးဆရာမဟုတ်ဘူးလား”
ဖေးရှီက လုကျင်းကို သာမန်ကာလျှံကာ ကြည့်သည်။ သူမ၏ တတိယအိမ်တော်စုကို သည်ယောက်မအမှုနှင့်အတူ ဖေးရှီကလည်း သွားမကြည့်ပေးချင်ပေ။ ထို့ကြောင့် ဖေးရှီက တိတ်ဆိတ်၍သာနေသည်။
လူတိုင်းကလည်း အလားတူသာလျှင်ဖြစ်၏။ သည်သခင်မလေးက အချိန်မှားယွင်းကာ မပြောသင့်သောနေရာတွင် စကားထပြောလိုက်မိသည်။
သခင်မကြီးလုပင်ဖြစ်စေ၊ လုလင်ကျစ်ပင်ဖြစ်စေ သူမကို စကားမပြောပေ။ တစ်ခဏခန့် တိတ်ဆိတ်ပြီးနောက် ဇွန်းသံနှင့်ပန်းကန်သံများကိုသာ ကြားပြီး လူတိုင်းက စစားကြတော့၏။
“တတိယဦးလေး ကျွန်တော် မနက်ဖြန်ကျရင် ကျွန်တော့်ရဲ့စတုတ္ထညီငယ်ကို ခေါ်ပြီး ဆရာရွှီကို သွားတွေ့ချင်တယ်”
လုလင်ကျစ်က လုရှီမင်ကိုပြောသည်။
“ရှီလောင်လား”
လုရှီမင် အံ့ဩသွားသည်။
“သူက နှုတ်ထွက်သွားပြီမဟုတ်လား၊ ကျောင်းသားတွေ လက်ခံသေးလို့လား”
ရွှီမိသားစုဟာ မြို့တော်တွင် ထင်ရှားသော နှစ်ပေါင်းရာကျော်သက်တမ်းရှိသည့် မိသားစုကြီးတစ်ခု ဖြစ်သည်။ ရွှီလောင်က မင်းဆက်သုံးကြိမ်တိုင်တိုင် တရားရေးရာဝန်ကြီး တစ်ယောက်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရ၏။ သူက လွန်ခဲ့သော ခြောက်လခန့်က ထွက်သွားသည်။
ထိုအချိန်က မော့ရုန်ကျန်းပင် ထီးနန်း မဆက်ခံသေးပေ။ သို့ရာတွင် မော့ရုန်ကျန်းက ဧကရာဇ်အသစ် ဖြစ်လာသောအခါ ရွှီလောင်က သူ့ထံခစားရန် ငြင်းဆန်ပြန်သည်။
လုလင်ကျစ်က ရယ်ပြီးပြောသည်။
“အလားအလာရှိတဲ့သူဆိုရင် အရှင်ရွှီက တပည့်တွေ လက်ခံပါသေးတယ်၊ စတုတ္ထညီငယ်လေးမှာ အခွင့်ကောင်းရှိမယ်လို့ ကျွန်တော်တော့ ထင်တယ်”
“ဒီဦးလေး စိုးရိမ်တာက ရွှီလောင်က ဒီကောင်လေးရဲ့ ရူးကြောင်ကြောင်နိုင်မှုကို သဘောမကျမှာကိုပဲ”
လုရှီမင်က သူ၏သားကိုကြည့်ပြီးပြောသည်။
သဘာဝကျကျပင် လုရှန်းကျစ်က ငြင်းတော့သည်။
“အဖေ အဖေ့ရဲ့သားကို ဒီလိုတော့မပြောသင့်ဘူး”
ပတ်ဝန်းကျင်ရှိလေထုက ပေါ့ပါးသွားသည်။ လူတိုင်းက ပြုံးလိုက်ကြ၏။ လျှိုရှီကြောင့်ဖြစ်ခဲ့သော တင်းမာမှုက ပျောက်ကွယ်သွားတော့သည်။
လုကျင်း၏မျက်နှာက အရှက်ရမှုကြောင့် ပြာနှမ်းသွား၏။ သူမ စကား ဝင်ပြောလိုက်မိသည်ကို နောင်တရသွားသည်။
ငါ မတွေးဘဲပြောလိုက်မိတာ ဘယ်လောက်တောင် ရူးလိုက်သလဲ။
သူမ မမျှော်လင့်ထားသည်မှာ သူမ သည်လိုထုတ်ပြောလိုက်ချိန်တွင် လူတိုင်းက သူမကို လျစ်လျူရှုလိုက်ခြင်းကိုသာလျှင် ဖြစ်သည်။ လူတိုင်းက သူမကို လျစ်လျူရှုလိုက်ကြ၏။ သူမအတွက် ပထမဆုံးအကြိမ် မိသားစုရှေ့တွင် အရှက်ရခြင်းဖြစ်သည်။ သို့ရာတွင် မည်သူကမျှ သူမကို ဂရုမစိုက်ထားကြပေ။
ယဲ့ကျန်းက လုကျင်း၏အနားတွင် ထိုင်နေခြင်းဖြစ်သည်။ သေချာစွာပင် လုကျင်း မည်သို့ခံစားနေရနိုင်ကြောင်း သူမ သိ၏။ သို့သော် ဂရုမစိုက်ပေ။ ထိုအစား လုရှန်းကျစ်ကိုသာ ကြည့်လိုက်၏။
ရွှီလောင်ကို သူမ သိသည်။ ရွှီမိသားစုထံသို့ သွားရောက်ရန် သူမ၏ဖခင်ကိုယ်တိုင်က တစ်ကြိမ်ခေါ်သွားခဲ့ဖူး၏။ ကြည့်ရသည်မှာ ရွှီလောင်က သူမ၏ဖခင်ကြားမှ ဆက်ဆံရေးကို မမေ့သေးဟန်ရသည်။ သူ အရာရှိဖြစ်ရန် ငြင်းဆန်ခဲ့ခြင်းကလည်း ယဲ့မျိုးနွယ်စုနှင့် သက်ဆိုင်နေလောက်၏။
သူမ၏အစ်ကိုကြီးကသာ ရွှီလောင်ထံမှ သင်ယူနိုင်မည်ဆိုလျှင် သူ ပို၍ တိုးတက်သွားပေလိမ့်မည်။ သို့သော် ထိုသို့မဖြစ်နိုင်ကြောင်းကိုလည်း သူမ နားလည်နေခဲ့၏။
အခမ်းအနားက ပြီးသွားသောအခါ ယဲ့ကျန်းက အခွင့်အရေးယူပြီး လုရှန်းကျစ်ကို မျက်လုံးမှိတ်ပြလိုက်ကာ အရှေ့ဘက်ခြံဝင်းသို့ မသွားရန်ပြောလိုက်သည်။ ထို့နောက် အရေးကြီးသောတစ်စုံတစ်ရာကို ပြောပြရန်ပြောထား၏။
လုရှန်းကျစ်က သူ၏ညီမမျက်နှာမှ အနေခက်သော အမူအရာကို မြင်သည်။ သူက ပြုံးလိုက်ပြီး အရှိန်ကိုနှေးလိုက်ကာ သူမ၏အနားသို့ရောက်သွားပြီး မေးလိုက်၏။
“ပြောပါအုံး၊ ဘာကိစ္စများလဲ”
“မနက်ဖြန် အရှင်သခင်ရှီနဲ့သွားမတွေ့ခင် ညီမကို အရင်လာတွေ့လို့ရမလား”
ယဲ့ကျန်းက ခပ်တိုးတိုးပြောသည်။
“ဘာလို့လဲ”
လုရှန်းကျစ်၏ညာဘက်မျက်ခုံးက ပင့်တက်သွားသည်။ သူ၏မျက်နှာကမူ ပြုံးတော့၏။
“ညီမလေးလည်း သွားချင်လို့လား၊ ဒါတော့ မဖြစ်နိုင်လောက်ဘူး၊ အကြီးဆုံးအစ်ကိုက သဘောတူမယ်မထင်ဘူး”
“ဘာကို သဘောမတူရမှာလဲ”
လုလင်ကျစ် ထွက်လာချိန်တွင် လုရှန်းကျစ်၏အသံကို ကြားလိုက်ရသည်။
ယဲ့ကျန်းက နှုတ်ခမ်းစူတော့ကာ လုရှန်းကျစ်ကို စိုက်ကြည့်လိုက်၏။
“အကြီးဆုံးအစ်ကို ကျွန်တော့်ညီမလေးကလည်း ကျွန်တော်တို့နဲ့လိုက်ပြီး အရှင်သခင်ရွှီကို တွေ့ချင်နေတယ်”
“ညီမ ဘာမှမပြောရသေးပါဘူးနော်”
ယဲ့ကျန်းက ထိုအရူးကို သေသည်အထိ ကန်ထုတ်ချင်သွားသည်။ သူမက ရွှီလောင်နှင့်တွေ့သည့်အခါ အာရုံစိုက်ရမည့် အဓိကအချက်များကို သတိပေးချင်ရုံမျှသာ ဖြစ်၏။ သူ့နောက်လည်း မလိုက်ချင်ပေ။
“ဒါဆိုလည်း သွားတာပေါ့”
လုလင်ကျစ်က ဖျော့တော့စွာပြုံးပြီး မည်းမှောင်သောမျက်လုံးများဖြင့် ရှိနေသော ယဲ့ကျန်းကို တစ်ချက်စိုက်ကြည့်လိုက်သည်။ သူမလေးက ပျော်ရွှင်သေးဟန်မရပေ။
“ယောင်ယောင် သန်ဘက်ခါမှာ ဖြေဆိုရမဲ့ဝင်ခွင့်စာမေးပွဲအတွက် စိုးရိမ်နေတာ များလား”
“ညီမ မစိုးရိမ်ပါဘူး”
လုလင်ကျစ်၏နှုတ်ခမ်းများက ထိုကောင်မလေး ယုံကြည်မှုရှိနေသည်ကိုမြင်ပြီး ကော့တက်သွားတော့သည်။
“ညီမ အရင်သွားတော့မယ်”
ယဲ့ကျန်းက ပြောသည်။
လုလင်ကျစ် သည်နေရာတွင် ရှိနေလျှင် သူမ လုရှန်းကျစ်ကို ဘာမှ ပြောရလိမ့်မည်မဟုတ်ပေ။
အခန်းသို့ပြန်ရောက်သောအခါ ဆရာမရှန်းက သူမကို စာကြည့်ဆောင်တွင် စောင့်ဆိုင်းနေကြောင်း မြင်လိုက်ရသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now