Part 111

954 92 1
                                    

Unicode

အပိုင်း (၁၁၁)
ရွှီစံအိမ်က လုစံအိမ်နှင့် သိပ်မဝေးပေ။ မူလအားဖြင့် လုမိသားစုဝန်းကျင်တွင် ဘာစံအိမ်မျှ ရှိမနေခဲ့ပေ။ သဘာဝကျကျပင် ပတ်ဝန်းကျင်ရှိ မိသားစုအသိုင်းအဝိုင်းက ကြွယ်ဝချမ်းသာပြီး အထက်တန်းလွှာများ ဖြစ်၏။ လုမိသားစုသည် ယခင်က ငွေပြားများသာရှိသော ကုန်သည်များဖြစ်ကြသည်။ ထို့နောက်မှသာ သည်နေရာသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်၏။
ဧကရာဇ်၏အကူအညီသာ မရှိလျှင် သည်နေရာသို့ ဝင်ရောက်နိုင်စွမ်းပင် ရှိလိမ့်မည်မဟုတ်ပေ။ တစ်နာရီပင် မကြာသောအချိန်တွင် သူတို့အားလုံး ရွှီမိသားစု၏ စံအိမ်သို့ရောက်လာ၏။
တံခါးစောင့်က သူတို့ရောက်လာကြောင်း ကြားသောအခါ သူတို့အား ချက်ချင်းအထဲသို့ မခေါ်ပေ။ သို့သော် တစ်ခဏခန့် စောင့်ဆိုင်းခိုင်းပြီးမှသာ ရွှီလောင်ကို သွား၍အကြောင်းကြားသည်။  ရွှီလောင်က စံအိမ်သခင်ဖြစ်၏။
လုရှန်းကျစ်က လုလင်ကျစ်ကို ခပ်တိုးတိုးပြောသည်။
“အကြီးဆုံးအစ်ကို အရှင်ရွှီက လူတွေ့ခံရမှာ ဒီလောက်မုန်းတာ ကျွန်တော်တို့ကို ထွက်တွေ့ချင်ပါ့မလား”
“အရှင်ရွှီက ဖြောင့်မတ်မှန်ကန်တဲ့သူပါ၊ သူ အစ်ကိုကြီးတို့ကို ဒီနေ့မတွေ့ရင် နောက်ထပ်တစ်ကြိမ် လာလည်လို့ရနေသေးတာပဲ”
လုလင်ကျစ်က စိတ်အေးအောင် ပြုံးပြသည်။
သို့ရာတွင် လုရှန်းကျစ်ကမူ ထိုသို့မတွေးပေ။ ထိုလူ သူတို့အား အတွေ့ခံမည်မဟုတ်ဟု သူ ခံစားမိနေ၏။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်ကလည်း ရွှီလောင်၏တပည့် ဖြစ်လာမည်ဟု မတွေးဖူးပေ။
ယဲ့ကျန်းက သူတို့အားကြည့်သည်။ လုလင်ကျစ်က လုရှန်းကျစ်ကိုခေါ်ပြီး ရွှီလောင်ကိုဆရာအဖြစ် သတ်မှတ်ခိုင်းရန် ရောက်လာမည်ဟု သူမပင် မတွေးဖူးပေ။ ထိုအဖိုးကြီးက အလွန်ခေါင်းမာသူဖြစ်ပြီး လူတိုင်းကို အထင်သေးတတ်၏။
သူမ လုလင်ကျစ်၏လက်တွင် သေဆုံးလိုက်သည့်တစ်ခဏမှသာ ယဲ့ကျန်းသည်လည်း လုလင်ကျစ်က မည်သို့သော လူမျိုးဖြစ်ကြောင်း နားလည်လိုက်ရ၏။ သူမ သည်နေရာသို့ လုရှန်းကျစ်၏ အကျိုးအတွက် လာရောက်တွေ့ဆုံခိုင်းခြင်းမဟုတ်ဘဲ အကြံအစည်တစ်ခုနှင့် လာလည်ခြင်းဖြစ်၏။ ထိုအကြံအစည်ကိုလည်း သူမ သေချာသိနေသည်။
ဧကရာဇ်၏ယုံကြည်ရသော သစ္စာခံလက်အောက်ငယ်သားဖြစ်သော လုလင်ကျစ်က ရွှီလောင်ကို လာရှာသည်မှာ တော်ဝင်ရုံးတော်သို့ ပြန်လည်ဝင်ရောက်ရန် သိမ်းသွင်းလို၍ဖြစ်ရပေမည်။
မော့ရုန်ကျန်း လိုအပ်နေတာက ရွှီလောင်လို ပညာတတ်တစ်ယောက်ပဲ၊ ဒီလိုလူမျိုးကို တစ်လောကလုံးက ပညာသင်သားတိုင်းက လေးစားကြတယ်၊ ဒီလိုလူမျိုးကသာ သူ့အမတ်မင်း ဖြစ်လာခဲ့မယ်ဆိုရင် မော့ရုန်ကျန်းအတွက် အာဏာကို တိုးချဲ့ဖို့ ပိုလွယ်သွားတော့မှာပေါ့။
ယဲ့ကျန်းက ဝိညာဉ်တစ်ကောင်အဖြစ် နန်းတော်အတွင်း လှည့်လည်သွားလာ နေရချိန်တွင် လုလင်ကျစ်က ရွှီလောင်ကို အောင်မြင်စွာ စည်းရုံးသိမ်းသွင်းနိုင်ခဲ့ပြီး တော်ဝင်ရုံးတော်သို့ ပြန်လည်ရောက်လာအောင် ခေါ်ဆောင်နိုင်ခဲ့ကြောင်း မှတ်မိနေသေး၏။ ထို့ကြောင့်သာလျှင် သူက ဧကရာဇ်၏ အယုံကြည်ရဆုံးသောသူ တစ်ယောက်ဖြစ်လာခဲ့သေးသည်။
သို့ရာတွင် ထိုအချိန်က ယခုမှ စပြီး နောက်ထပ် တစ်နှစ်ကြာမှဖြစ်သည်။ အချိန်မကျသေးပေ။
သိပ်မကြာခင်မှာပင် တံခါးစောင့်မှ ပြန်ထွက်လာပြီး သူတို့အား ယဉ်ကျေးစွာ ပြောသည်။ သည်အချိန်တွင် လူအိုကြီးက အခြားသော ဧည့်သည်တော်များကို ဧည့်ခံနေသဖြင့်နောက်ရက်မှသာ ပြန်လာရန် ပြော၏။
လုလင်ကျစ်က စိတ်ပျက်သွားသည်။ သည်လိုဖြစ်လာမည်မှန်း သူ သိထားသော်လည်း ရွှီလောင်က သူ့ကို မျက်နှာသာပင်မပေးဟု မထင်ထားမိပေ။
ဘေးတွင်ရှိနေသော လုရှန်းကျစ်ကမူ မဲ့လိုက်၏။ သူက လုလင်ကျစ်ထက်စာရင် ပို၍လက်ခံနိုင်နေသေးသည်။
ယဲ့ကျန်းက တံခါးစောင့်ကို တစ်ချက်ကြည့်ပြီး ရုတ်တရက် ကြည်သာသော လေသံဖြင့်ပြောလိုက်၏။
“လူကြီးမင်း ကျေးဇူးပြုပြီး အရှင်ရွှီကို ကျွန်မတို့က သူ့ရဲ့ဘုတ်ကစားပွဲကို ဖျက်ဖို့ရောက်လာတယ်လို့ ပြောပေးပါလား၊ သူ့ကို တခြားကိစ္စနဲ့ ပတ်သက်ပြီးမမေးပါနဲ့”
တံခါးစောင့်က မင်သက်သွားသည်။
“ခဏလောက်စောင့်ပေးပါ သခင်မလေး”
သူ ထွက်သွားပြီးနောက် လုလင်ကျစ်က ယဲ့ကျန်းကို သိချင်စိတ်အပြည့်ဖြင့် ကြည့်သည်။
“အရှင်ရွှီရဲ့ ဘုတ်ကစားပွဲအကြောင်းကို မင်း ဘယ်လိုသိတာလဲ”
သူတောင် ဒါကိုမသိဘူး၊ ယောင်ယောင်က ဘယ်လိုသိတာလဲ။
“ညီမမှာ သိနိုင်မဲ့ နည်းလမ်းတွေ ရှိနေလို့ပေါ့”
ယဲ့ကျန်းက ဂုဏ်ယူစွာပြောလိုက်သည်။
အစပိုင်းတွင် သူမ၏ဖခင်က ရွှီလောင်ကို ဘုတ်ကစားပွဲတွင် အနိုင်ရခဲ့သည်။ ရလဒ်အနေဖြင့် ရွှီလောင်က သူမ၏ဖခင်အနားသို့ နှစ်နှစ်တိုင်တိုင် ချဉ်းကပ်ကာ ဒါကို မည်သို့သော ဗျူဟာနည်းလမ်းကို သုံးပြီး ဖျက်ဆီးရမည်ဖြစ်ကြောင်း သင်ယူလေ့လာခဲ့၏။
လက်ရှိအချိန်တွင် သူမ၏ဖခင်က မရှိတော့ပေ။ ရွှီလောင်က သည်အဖြေကို ဆက်ရှာနေလောက်သည်။
လုရှန်းကျစ်က သူမ၏နဖူးကို တောက်သည်။
“ဆရာမရှန်းက မင်းကို ပြောလိုက်တာဖြစ်ရမယ်၊ တကယ်လို့ ခဏကြာရင် ကစားမဲ့ ဘုတ်ကစားပွဲမှာ ညီမလေး အရှင်ရွှီကို မနိုင်ရင် ဘယ်လိုလုပ်ကြမလဲ”
“ညီမက သူ့ရဲ့ဘုတ်ကစားပွဲကို ဖျက်မယ်လို့ပဲပြောတာ၊ နိုင်အောင် လုပ်မယ်လို့မှ မပါတာ”
ယဲ့ကျန်းက သူမ၏နဖူးကိုပွတ်လျက် မျက်နှာကို စူပုတ်လိုက်သည်။
လုလင်ကျစ်က ရယ်တော့သည်။ သူက ယဲ့ကျန်းကို ကြင်နာစွာကြည့်၏။
“တတိယညီမကတော့လေ၊ တကယ်ကို ဉာဏ်ကောင်းတာပဲ”
“ဒါပေါ့ ညီမက တော်တယ်”
ယဲ့ကျန်းက သူ့အားကြည့်ကာဖြေသည်။
ထိုအချိန်တွင် တံခါးစောင့်က ထပ်ထွက်လာသည်။ သူမက ယဲ့ကျန်းအား ဝင်ခိုင်း၏။ လုလင်ကျစ်ကမူ ရွှီလောင်က သူတို့ကို အမှန်တွေ့ချင်သွားသည့်အတွက် အံ့ဩသွားသည်။
ကြည့်ရတာ ဆရာမရှန်း သိထားတာတွေ များနေတာပဲ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now