part 59

1.4K 156 1
                                    

Unicode

အပိုင်း (၅၉) ပြစ်မှုတိုင်းရဲ့ တရားမျှတမှု (၂)
ယဲ့ကျန်းက သူမ၏နေရာတွင် သည်အတိုင်းရပ်နေပြီး ဆရာမရှန်းက သူမကို စိုက်ကြည့်နေသည်။ သူမ ဒေါသထွက်နေ၏။ ထိုတစ်ခဏတွင် သူ၏အကြည့်များက သူမ၏မိတ်ဆွေတစ်ယောက်၏ အကြည့်များနှင့်ပင် တူနေခဲ့ချေပြီ။
လုမိသားစုကို သေချာပေါက် ယဲ့ကျန်းက သူတို့ကို ကောင်းမွန်တဲ့ အဆုံးသတ်ရအောင် ဘယ်ခွင့်ပြုပါ့မလဲ။
သို့ရာတွင် လုယောင်ယောင်၏မိသားစုမှ ချစ်ခြင်းများကို ခံစားရပြီးနောက်တွင် သူမအပေါ် မှားယွင်းခဲ့သူများကိုသာ ကလဲ့စားချေရန် ဆုံးဖြတ်လိုက်သည်။ မော့ရုန်ကျန်းကဲ့သို့ ကျေးဇူးမသိတတ်သောသူများကိုသာ ကလဲ့စားချေရန် ဆုံးဖြတ်လိုက်သည်။
ဆရာမရှန်းက သူမ၏မျက်လုံးများကို ပွတ်သုတ်ပြီးနောက် သူက သည်ည စကားပြောများသွားငည်မှန်း သိလိုက်သည်။
“နင် ပြန်သွားအိပ်သင့်ပြီ၊ ငါ စိတ်အခြေအနေမကောင်းတော့ နည်းနည်း သောက်ထားလို့ပါ”
သူမသည်လည်း နားလည်သည်။ သူမ၏ဖခင်နှင့်အစ်ကို အသတ်ခံရချိန်က သည်ဝမ်းနည်းမှုက ရုန်းထွက်နိုင်ရန်အတွက် သူမသည်လည်း အချိန်အတန်ကြာ လိုအပ်ခဲ့၏။ ဆရာမရှန်းက သူမ၏မိတ်ဆွေကို ဆုံးရှုံးထားရခြင်းဖြစ်သည်။ သူမကသာ ယဲ့ကျန်းဟု ပြောနိုင်မည်ဆိုလျှင် … သို့သော် သူမ မပြောနိုင်ပြန်ပေ။
“ဆရာမ ကျွန်မလည်းဒီနေ့ ပင်ပန်းသွားပြီ၊ ကျေးဇူးပြုပြီး စောစောနားပါတော့”
ယဲ့ကျန်းက နူးညံ့စွာ ပြောလိုက်သည်။ ဆရာမရှန်းက သူမကျောင်းသူ၏မျက်နှာကို ကြည့်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချသည်။
“ငါ နားလည်ပါတယ်”
ယဲ့ကျန်းက ခြံဝန်းထဲသို့ ပြန်လှည့်လိုက်ကာ တံခါးနားတွင် ရပ်သည်။ ထိုသို့ ပြန်လှည့်လိုက်ပြီးနောက်တွင်ပင် ဆရာမရှန်းက ခြံဝန်းထဲတွင် ရပ်နေခြင်း မရှိတော့ကြောင်း မြင်လိုက်ရ၏။
“တတိယသခင်မလေး ပြန်လာပါပြီလား”
သိုင့်မေ့က အရှေ့သို့ထွက်လာကာ သူမ၏အပေါ်ဝတ်ရုံကို ချွတ်ပေးသည်။ ထိုအပေါ်ဝတ်ရုံက အပြင်ဘက်တွင် အေးခဲနေသော အအေးဓာတ်မှ ကာကွယ်ရန်ဖြစ်၏။
အထူးသဖြင့် သည်ရက်များတွင် ညက ပို၍မှောင်လာကာပို၍ အေးစိမ့်လာသည်။ နေမဝင်ခင်ကတည်းက အစေခံများအားလုံးက စံအိမ်တော်အတွင်းသို့သာ ဝင်နေကြလေပြီ။
“ကောင်းပြီ၊ ငါ နည်းနည်းရေဆာတယ်၊ ငါ့ကို ပျားရည်တစ်ခွက်ယူပေးပါ”
ယဲ့ကျန်းက ပေါ့ပါးစွာ အမိန့်ပေးပြီးနောက်တွင် သူမ၏မျက်နှာနှင့် ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ရန်အတွက် လိုက်ကာ အနောက်သို့ ဝင်သွားလိုက်သည်။ သူမ သည်ရက်ပိုင်းရေချိုးရာတွင် လက်ဖဝါးမှထွက်သော ထိုအနီစက်ဆေးရည်ကို ထည့်သွင်းခဲ့ကာ ရည်ရွယ်ချက်ရှိရှိပင် သိုင့်မေ့နှင့် အခြားသူများကို ခစားခွင့်မပြုခဲ့ပေ။
သူမက ဝတ်စုံပြည့်ဝတ်ပြီးမှသာ သူတို့ကို ဝင်လာစေလိုက်သည်။ ထိုနည်းအားဖြင့် သူမ၏ဆံပင်ကို သူတို့ ကိုင်တွယ်ပေးနိုင်ပေလိမ့်မည်။
သိုင့်မေ့က ပျားရည်တစ်ခွက် ယူလာပေးပြီးနောက် ယဲ့ကျန်း၏ ခါးအထိ ရှည်နေပြီဖြစ်သော ဆံပင်များကိုကြည့်ကာ ပြောသည်။
“တတိယသခင်မလေးရဲ့ ဆံပင်တွေက ကောင်းသထက်ကောင်းလာတာပဲ”
ယဲ့ကျန်းက သူမ၏ရင်ဘတ်အပေါ် ဖြာကျနေသောဆံပင်များကို ကြည့်ပြီးနောက် ယခင်ကနှင့်ကွာခြားမှုကို သတိထားလိုက်မိသည်။
သူမ၏မင်ရည်ကဲ့သို့ နက်မှောင်နေသော ဆံပင်များက အနည်းငယ်ထိလိုက်ရုံမျှဖြင့် တုန်ခါသွားလောက်အောင် နူးညံ့နေပြီး ထူထဲကာ ကျန်းမာရေး ကောင်းမွန်နေကြောင်းသိနိုင်သည်။ အဖျားများကလည်း ပြဿနာမရှိပေ။
“ကြည့်ရတာ ရှောင်ဝူ ညွှန်ကြားတဲ့အတိုင်း ဆံပင်ကို ကောင်းကောင်းဆေးကြောလို့ ဖြစ်ပါလိမ့်မယ်”
ယဲ့ကျန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
“ဟုတ်လား၊ ဒီအစေခံက စတုတ္ထသခင်မလေးရဲ့ဆံပင်က တတိယသခင်မလေးလောက် မကောင်းဘူးလို့ထင်နေတာ၊ တတိယသခင်မလေးရဲ့အသားအရေကလည်း ကောင်းသထက်ကောင်းလာတယ်”
သိုင့်မေ့က ဂုဏ်ယူစွာပြောပြီး ယဲ့ကျန်း၏ရုပ်ရည်က ကောင်းမွန်လာလေ သူမတို့ ခစားမှု ကောင်းကောင်းပေးနိုင်လေဟု သက်ရောက်မှုရှိသဖြင့် အလွန်ပျော်ရွှင်နေတော့လေသည်။
ယဲ့ကျန်းက ရယ်သည်။
“စတုတ္ထညီမလေးကို ဒီစကား မကြားစေနဲ့၊ မဟုတ်ရင် မင်းတော့ အပြစ်ပေးခံရလိမ့်မယ်”
သိုင့်မေ့က ပါးစပ်ကိုအုပ်ပြီးခေါင်းကိုခါသည်။
“ဒီအစေခံ ဆက်မပြောရဲတော့ပါဘူး”
“ကောင်းပြီ၊ မင်းတို့သွားပြီး အနားယူကြပါ၊ ငါ့ကို ဒီမှာမစောင့်နဲ့တော့”
ယဲ့ကျန်းက အားလုံးကို ကြင်နာစွာ နှင်ထုတ်လိုက်သည်။
“ဒီအစေခံက ထွက်သွားပါတော့မယ်၊ သခင်မလေး တစ်ခုခုလိုအပ်တာရှိရင် ခေါင်းလောင်းကိုသာ တီးလိုက်ပါ၊ ဒီအစေခံ ချက်ချင်းရောက်လာပါ့မယ်”
သိုင့်မေ့က ယဲ့ကျန်း၏အခန်းထဲမှ ထွက်မသွားခင်တွင် ရိုကျိုးစွာဖြင့် ဦးညွတ်လိုက်သေးသည်။ တစ်ယောက်တည်းကျန်ခဲ့ချိန်မှာ ယဲ့ကျန်းက သူမ၏သားမွေးအိပ်ရာပေါ်တွင် ထိုင်သည်။ သူမ၏ညာလက်ဖဝါးကို ကြည့်လိုက်သည်။ အခြားလက်ဖဝါးကမူ သိုင့်မေ့ပေးလာသော ပျားရည်ခွက်ကို ကိုင်ထား၏။
ရုတ်တရက် ထိုဆေးရည်ကို သည်သောက်စရာထဲသို့ ထည့်လိုက်လျှင်ဆိုသော စိတ်ကူးတစ်ခု ရလာသည်။ ရက်ပေါင်းများစွာကြာပြီး သူမ သည်ရေစက်ကို အသုံးပြုနေခဲ့ကာ သက်ရောက်မှု ဆိုးရွားသွားမည်ကို စိုးရိမ်ခဲ့ခြင်းဖြစ်၏။ သို့ရာတွင် သက်ရောက်မှုက အလွန်ကောင်းမွန်လွန်းခဲ့သည်။
ငါ သောက်ကြည့်ရင် ဘယ်လိုနေမလဲ။
သည်အရည်စက်က သွေးရောင်ဖြစ်သည်။ သို့သော် သိပ်မကြာခင်တွင် သူမ စိတ်ငြိမ်သွားခဲ့၏။
သဘာဝကျကျပြောရလျှင် သူမ သေဆုံးမှုပြီးကတည်းက သဘာဝမကျသော ဖြစ်စဉ်များ ဖြစ်တည်လာခဲ့သည်။ သူမ၏စိတ်ဝိညာဉ်က အင်ပါယာနန်းတော်အတွင်းတွင် နှစ်နှစ်တိုင်တိုင် လွင့်မြောနေခဲ့ပြီး သူမညီမ၏ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားလာခဲ့၏။ ထိုအရာသာ မကလေဘဲ သူမလွန်ခဲ့သော နှစ်နှစ်ခန့်မှအချိန်ကို ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သူမ သေပြီးကာစအချိန်လည်းဖြစ်၏။ သည်လောကတွင် သူမ လက်ခံ၍မရနိုင်လောက်အောင် ထူးခြားသောအရာများ ရှိလိမ့်မည်မထင်တော့ပေ။
ယဲ့ကျန်းက အသက်ပြင်းပြင်းရှူပြီးနောက်တွင် သူမ၏လက်ဖဝါးအောက်နားကို ဖန်ခွက်အဝနှင့် ကပ်ထားလိုက်သည်။ ထိုနည်းအားဖြင့် ထိုရေစက်က အထဲသို့ကျသွား၏။
ကြိုးစားကြည့်မှသာ ရလဒ်ကို သိနိုင်ပေလိမ့်မည်။ သည်ဆေးရည်က ဒဏ်ရာများကို ကုသနိုင်ပြီး သူမကို ပိုမိုလှပအောင် လုပ်နိုင်သည်ဆိုကတည်းက ဒါက စား၍ ရနိုင်ပေလောက်သည်။ထို့ကြောင့် ပျားရည်ခွက်ကို ယူပြီးနောက် အသားကုန် မော့သောက်လိုက်တော့၏။
နွေးထွေးမှုက သူမ၏ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ အလွန်အမင်း သက်သောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးနောက်တွင် ပုံမှန်မဟုတ်သော ခံစားချက်များကိုမရပေ။
ယဲ့ကျန်း ခေါင်းကို ခါပြီးနောက်တွင် ပြုံးလိုက်ကာ သူမ ပြောသည်မှာ မှန်ကန်ကြောင်း တွေးလိုက်၏။ ထို့နောက် သူမအိပ်ရာပေါ်တွင် လှဲချပြီးသည်နှင့် စောင်ကိုခြုံလိုက်တော့သည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now