အခန်း ၁၅၀
ယဲ့ကျန်းက သခင်မကြီးလု၏ အော်ဟစ်သံကို ကြားသောအခါ အထိတ်တလန့် ဖြစ်သွားသလို မျက်နှာကို ထိတွေ့လိုက်သည်။ သူမ၏ မျက်ဝန်းများက နီရဲလာတော့ကာ စိုးရိမ်ခြောက်ခြားစွာ ပြောသည်။
"အဘွား.. သမီး ဒီနေ့မနက် နိုးလာမှ မျက်နှာက အနီစက်တွေကို ရှာတွေ့ခဲ့တာ သမီး ဘယ်လို လုပ်ရမလဲ။ ဒါကို မျက်နှာချေနဲ့ ဖုံးချင်ပေမဲ့ ပိုပြီး ရုပ်ဆိုးသွားလိမ့်မယ်"
ပါးစပ်အဟောင်းသား ဖြစ်နေသော သခင်မကြီးလုမှာ သေလုအောင် ခြောက်ချားသွားသလို ဖိအားလည်း များသွားပြီဖြစ်သည်။ မြေးဖြစ်သူ၏ လှပသော မျက်နှာတွင် အနီစက်များက ဆိုးရွားလွန်းနေသည်။ နဂိုက သူမက လုယောင်ယောင်၏အလှကို ပို၍ တောက်ပထင်ရှားစေလိုခဲ့သည်။ ဤနည်းအားဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်သွားသောအခါ နောက်ပိုင်းတွင် သူမ၏ လက်ထပ်ပွဲက ပို၍ခမ်းနားအောင် ထည်ဝါစေပေလိမ့်မည်။
ယခုအခါ လုယောင်ယောင်ကို ကြည့်လိုက်ရုံနှင့်ပင် မျက်နှာရှိ အနီစက်များက သတိမထားမိရန် အလွန်ခက်ခဲနေလွန်းနေသည်။ သူမ၏ နဖူးအလယ်တွင် ရှိသော အနီစက်များဆိုလျှင် မျက်စိဆံပင်မွေး စူးလွန်းလှသည်။
လုဖန်းက ပါးစပ်ကို လက်ဖြင့် အုပ်ပြီးနောက် တခစ်ခစ် ရယ်သည်။
"အဘွား.. သမီးလည်း အရင်က အနီစက်တွေ ပေါက်ဖူးတယ်။ ယောင်ယောင်ပြောတော့ စိုးရိမ်စရာမရှိဘဲ နှစ်ရက်လောက်နေရင် ပျောက်သွားလိမ့်မယ်တဲ့"
"ဒါပေမဲ့ ဘာလို့ အခုမှ ပေါ်လာတာလဲ။ တို့တွေရဲ့ ယောင်ယောင်က နန်းတော်ကို အခစားဝင်ရမှာလေ"
သခင်မကြီးလုက ထိန်းချုပ်မှု လွတ်ကင်းမတတ် ဖြစ်နေသည်။ ထိုအချိန်တွင် သူမဟာ လုဝူရွှမ်း၏ ဖိတ်ကြားချက်ကို ငြင်းဆန်ရန် မဖြစ်နိုင်တော့ချေ။
မျှော်လင့်ချက် အားလုံး ကုန်ဆုံးနေချိန်တွင် ဖေးရှီက ရုတ်တရက် ပြောလာသည်။
"ပါးပြင်က အနီစက်တွေကတော့ မသိသာဘူး။ နဖူးက အနီစက်တွေကတော့ တော်တော်လေး ကြီးနေတယ်။ ကျွန်မမှာ ဒါတွေကို ဖုံးသွားဖို့ နည်းလမ်းရှိတယ်"