Part 113

976 111 1
                                    

Unicode

အပိုင်း (၁၁၃)
“အရှင်ရွှီ ပြောတာက အရင်ဝမ်ဖေးယဲ့ကို ပြောတာလား”
ယဲ့ကျန်းက ခေါင်းကိုငုံ့လျက် ညင်သာစွာမေးလိုက်သည်။
ရွှီလောင်၏အကြည့်များက ချက်ချင်းဆိုသလို ထိုရှေ့ရှိကောင်မလေးထံ ရောက်သွား၏။
သူမ၏မေးခွန်းကိုဖြေရမည့်အစား သူက မျက်လုံးကို မှေးကျဉ်းလိုက်သည်။ စားပွဲကို တံတောင်ဖြင့် ထောက်လျက် မေးလိုက်၏။
“မင်းက ဘယ်သူ့သမီးလဲ”
“ကျွန်မအဖေရဲ့နာမည်က လုရှီမင်ဖြစ်ပြီး အမေကိုတော့ ဖေးရှီလို့ခေါ်ပါတယ်၊ ဒီ၁၅နှစ်လုံးလုံး ကျွန်မက နယ်မြို့မှာပဲနေခဲ့တာပါ”
ရွှီလောင်က ခေါင်းညိတ်သည်။ သူ၏ပခုံးများက လျော့ကျသွား၏။ သူက ပြောသည်။
“မင်း မေးတာကို ဖြေရရင်ဟုတ်တယ်၊ ငါက အရင်ဝမ်ဖေးအကြောင်း ပြောနေတာပဲ၊ မင်းလည်း ဒီအလှည့်အပြောင်းတွေအကြောင်းကို ကြားထားဖူးမှာပေါ့”
ရွှီလောင်က တစ်ခဏခန့် မှတ်ဉာဏ်များအတွင်း နစ်မြုပ်သွားသည်။ သူ အားလုံးကို မှတ်မိနေ၏။ ယဲ့ကလန်၏ အမြစ်ပြတ်သုတ်သင်ခံရခြင်းကိုလည်း မှတ်မိနေသေးသည်။
“လူကြီးမင်း သူတို့အားလုံး သေရတာတန်တယ်လို့ ထင်ပါသလား”
“အချို့က သေသင့်တယ်၊ အချို့ကတော့ မသေသင့်ဘူး”
ရွှီလောင်က သူမကို ကြည့်သည်။
“မင်း လုရှီမင်ရဲ့သမီးအရင်းလား”
ယဲ့ကျန်းက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ လုလင်ကျစ်က သူ့အား မသိမ်းသွင်းသွားခင် သူမ ရွှီလောင်၏ယုံကြည်မှုကို ရထားရန်လိုအပ်၏။ သူမ သိသော တစ်ခုတည်းသောနည်းလမ်းက သူမအဖေ၏အဆက်အသွယ်များကို သုံးရန်ဖြစ်သည်။
“မဟုတ်ဘူး၊ ကျွန်မက မွေးစားသမီးပါ၊ ဒါပေမဲ့ သိကြတဲ့သူ သိပ်မရှိဘူး၊ အခု အရှင်ရွှီက သူတို့ထဲက တစ်ယောက်ဖြစ်သွားပြီ”
ယဲ့ကျန်းက တုံ့ဆိုင်းမနေဘဲ ဖြေသည်။
ထိုလူအိုကြီးလည်း အံ့ဩသွား၏။ သူ၏မျက်လုံးများက ပြူးကျယ်သွားကာ စကား ဆက်မပြောနိုင်တော့ပေ။ ယဲ့ကျန်းက သူ့အား အလဲထိုးလိုက်နိုင်၏။
“လူကြီးမင်း ယဲ့မိသားစုက မသေသင့်တဲ့သူတွေက ဘယ်သူတွေလို့ထင်လဲ၊ ယဲ့ရီချင်လား”
ယဲ့ကျန်းက ဆက်မေး၏။
“ဟုတ်တယ် သူ မသေသင့်ဘူး”
ရွှီလောင်က တစ်ဖန်ထိုင်ချလိုက်သည်။ သူ၏အသံက သည်မိတ်ဆွေဟောင်းကို သတိရသွားချိန်တွင် ဖျော့တော့သွားတော့၏။
“ယဲ့မိသားစုမှာ လူကောင်းတွေ မများဘူး၊ ဒါပေမဲ့ သူကတော့ ငါ သိထားသမျှထဲမှာ အကောင်းဆုံးလူပဲ”
ယဲ့ကျန်းကလည်း သူမ၏လက်ကိုကျောက်တုံးစားပွဲပေါ် တင်ထားလျက် ညင်သာစွာ ကွေးညွတ်လိုက်သည်။ ဒါက သူမ၏ပထမအကွက်ဖြစ်၏။
“ဒါပေမဲ့ သူ သေသွားပြီ၊ သူ့ရဲ့ကလေးတွေလည်း သွားရှာပြီ”
ရွှီလောင်က ယဲ့ကျန်းကို တင်းကျပ်စွာ စိုက်ကြည့်လာသည်။
“မင်းနဲ့ယဲ့ရီချင်က ဘယ်လို ဆက်နွယ်မှုရှိလဲ”
“ကျွန်မ မသိဘူး”
ယဲ့ကျန်းက ခေါင်းကိုခါသည်။
“အခြားသူတွေပြောတဲ့အတိုင်းဆိုရင် ကျွန်မက ချင်မင်းဆက်ရဲ့ ယခင်ဝမ်ဖေးနဲ့ တူပါတယ်တဲ့၊ ကျွန်မ ယဲ့မိသားစုနဲ့ တစ်ခုခုပတ်သက်တာမျိုးလည်း ဖြစ်နိုင်တာပဲ”
“ရီချင်မှာ နောက်ထပ်သမီးတစ်ယောက်ရှိတယ်လို့ ငါ မကြားဖူးပါဘူး၊ ဒါပေမဲ့ မင်းက တကယ်ပဲ ယဲ့နဲ့ပတ်သက်နေရင် ဒီစာမေးပွဲနဲ့ ခပ်ဝေးဝေးနေသင့်တယ်၊ အနည်းဆုံး မြို့တော်က ထွက်သွားသင့်တယ်၊ ဒီလိုဆိုရင် မင်း သူနဲ့အနာဂတ်မှာ တွေ့ရလိမ့်မယ်”
ရွှီလောင်က သက်ပြင်းချသည်။
သူနဲ့အနာဂတ်မှာတွေ့မယ်။
ရွှီလောင်၏လေသံက ထူးဆန်းသည်ဟု သူမ ခံစားလိုက်ရသည်။ သူ ပြောနေသည်မှာ သူမ၏ဖခင်က အသက်ရှင်နေသည့်အလား … ယဲ့ကျန်း သူမလက်အောက်မှ ကျောက်တုံးစားပွဲကိုပင် ဖိညှစ်လိုက်မိ၏။
“လူကြီးမင်း ဘာပြောလိုက်တာပါလဲ”
ရွှီလောင်က ခေါင်းကိုငုံ့ကာပြော၏။
“အဲဒီနေ့ ဒီအဖိုးကြီးက မိတ်ဆွေရဲ့အလောင်းကို ကောက်ဖို့သွားခဲ့တယ်၊ ယဲ့မိသားစုမှာ လူအယောက် ၁၃၀ ရှိတယ်၊ ဒါပေမဲ့ ယဲ့ရီချင်နဲ့ သူ့သားရဲ့အလောင်းတော့ ရှာမတွေ့ခဲ့ဘူး၊ သူတို့ ထွက်ပြေးသွားကောင်းသွားနိုင်တယ်”
“ရှင် တကယ်ပြောနေတာလား”
ယဲ့ကျန်း၏ခံစားချက်များကို ထိန်းချုပ်မှု လွတ်ကင်းသွားသည်။ သူမ၏ကိုယ်က တုန်ယင်နေကာ လက်များက တင်းကျပ်စွာဆုပ်ထား၏။
“ရှင်ဆိုလိုတာက ယဲ့ရီချင်နဲ့သူ့သားက သူတို့ အသက်ရှင်နေကြသေးတယ်ပေါ့”
“ဒီအဖိုးကြီးက သူတို့ရဲ့အလောင်းကို ရှာမတွေ့ခဲ့ဘူး၊ ဒီတော့ အပြင်းထန်ဆုံး ဖြစ်နိုင်ခြေက သူတို့ အသက်ရှင်နေသေးလောက်တယ်”
ရွှီလောင်က ပြောသည်။
သူကိုယ်တိုင်လည်း သူတို့ အသက်ရှင်နေသေးကြောင်း မသေချာသေးသော်လည်း ဖြစ်နိုင်ခြေက များသည်။
ယဲ့ကျန်း၏တုန်ယင်နေသော လက်များက သူမ၏စကတ်ကိုဖိခြေနေမိ၏။ မထိန်းချုပ်နိုင်တော့ဘဲ သူမ၏မျက်လုံးများမှ မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ သို့သော် သူမ အတတ်နိုင်ဆုံး ထိန်းထား၏။
“သူတို့ မသေလောက်ပါဘူး”
အဖေက ဒီလောက်စွမ်းအားကြီးတာ၊ သူက ပြိုင်ဘက်ကင်းပဲ၊ ဟုတ်တယ်၊ သူ သေသွားပြီလို့ ငါ ဘာလို့ ယုံရမှာလဲ။
ဟုတ်တယ်၊ အဖေက ငါ့ကိုစောင့်နေဖို့ ပြောထားတယ်ဆိုပြီး အိပ်မက်တောင် မက်ထားသေးတယ်မဟုတ်လား၊ သူ သေချာပေါက် အသက်ရှင်နေအုံးမှာပါ။
ရွှီလောင်က ပျော်ရွှင်သွားဟန်ရသောယဲ့ကျန်းကို ကြည့်သည်။ သူ၏နှလုံးသားထဲတွင် သူမ၏နောက်ခံကို နားလည်သွားပြီဖြစ်သည်။ သို့ရာတွင် ယဲ့မိသားစု၏အခြေအနေက ထည့်ပြောရန် မသင့်သေးချေ။ ထို့နောက် ခန့်မှန်းမှုအားလုံးကို ရင်ထဲတွင် သိမ်းထားလိုက်ပြီးမှ ဘာမှ မသိဟန်ဆောင်လိုက်၏။
ယဲ့ကျန်းက သည်အဆောင်အတွင်းတွင် အရှေ့အနောက်စုန်ချည်ဆန်ချည် လျှောက်နေခဲ့သည်။ နောက်ဆုံးတွင် သူမ၏စိတ်လှုပ်ရှားမှုကို ထိန်းနိုင်သွား၏။ သူမက ရွှီလောင်ကို ပြန်ကြည့်ပြီးပြောသည်။
“အရှင်ရွှီ တကယ်လို့ ယဲ့ရီချင်ကသာ မသေဘူးဆိုရင် သူ ဘယ်နေရာကို သွားမယ်လို့အရှင်ထင်လဲ”
“ငါ ကြားတာတော့ သူက အမြဲတမ်းပင်လယ်မှာ နေချင်တယ်လို့ပြောတာပဲ”
ရွှီလောင်က ပြောသည်။
“ဟုတ်တယ် ဒါက သူပြောတာပဲ”
ယဲ့ကျန်း ရယ်ချင်သွားသည်။
သူမသည်လည်း သူမ၏ဖခင်က ပင်လယ်ကို နှစ်သက်ကြောင်းသိ၏။ သူမ အသက်ပြင်းပြင်း ရှူလိုက်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး တစ်ဖန်ပြန်ထိုင်လိုက်သည်။ ထို့နောက် တည်ငြိမ်သော လေသံဖြင့် ပြော၏။
“အရှင်ရွှီ ကျွန်မတို့အခုပဲ ကော့ကို ဆော့ရအောင်”
သူမက ယခင်ကထက် ပျော်သွားသည်။ သည်လောကတွင် သူမ ဂရုအစိုက်ဆုံးက သူမ၏ဖခင်နှင့်အစ်ကိုကြီးသာလျှင် ဖြစ်သည်။ ယခု ထိုနှစ်ယောက်က အသက်ရှင်နေသည်မှန်း သူမ သေချာသွားလေပြီ။ အမှောင်ထဲတွင် အလင်းကို သူမ နောက်ဆုံးမြင်လိုက်ရ၏။ သူမကသာ ထိုလူများကို ရှာနိုင်မည်ဆိုလျှင်...။

သူမကိုယ်သူမ ကတိပေးလိုက်သည်။ သူတို့အတွက် သူမ ကောင်းကောင်းအသက်ရှင်ရမည်ပေ။
အဖေ၊ အစ်ကိုနှစ်၊ သမီးလာပြီး ရှာမဲ့အချိန်ကို သေချာပေါက်စောင့်ပေးပါ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now