part 19

1.8K 171 1
                                    

Unicode

အပိုင်း(၁၉) နင်က တကယ်ပဲ ဘယ်သူလဲ (၁)
"အာ ကျွန်မရဲ့ သမီးက မင်းကို စိတ်မပျက်စေဘူးလို့ ပြောခဲ့သားပဲ"
ဖေးရှီက ပြောသည်။
အကယ်ဒမီမှ လေးစားရသော ပုဂ္ဂိုလ်ကြီး တစ်ယောက်က သူမ၏ သမီးကို လက်ခံပေးသည့် အတွက် ကျေနပ်နေမိ၏။
မိတ်ဆွေ တစ်ယောက် ဖြစ်လာပြီးကတည်းက ယဲ့ကျန်း အနေဖြင့် ဆရာမရှန်းက မည်သို့ မွေးဖွား လာခဲ့ကြောင်း ကောင်းစွာ နားလည်နေခဲ့သည်။ သူမနှင့် မရင်းနှီးသော သူများ အပေါ် မြှုပ်နှံရန် မထိုက်တန် သူများအပေါ် အချိန် ဖြုန်းလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူမက ဘယ်တော့မှ လက်ဗလာနှင့်လည်း မရောက်လာတတ်ပေ။
ယဲ့ကျန်းက  ဖေးရှီကို ကြည့်သည်။
သူမကို ဘာတွေများ ပေးမယ်လို့ ကတိပေးခဲ့တာလဲ။
သို့သော် မြို့တော်မှ မိသားစု ဖြစ်လာပြီးကတည်းက လုမိသားစု အနေဖြင့် မည်မျှသော တန်ဖိုးကြီးသည့် ရွှေငွေများဖြင့် ဖိတ်ခေါ်နိုင်မည် ဖြစ်ကြောင်း နားမလည်နိုင်ပေ။
ဆရာမရှန်းက ယဲ့ကျန်း ရှိရာဘက်သို့ တစ်ချက် ကြည့်ပြီးနောက်တွင် ပေါ့ပါးစွာ ခေါင်းညိတ်လာသည်။
"တတိယ သခင်မလေးလုက ဉာဏ်ကောင်းမဲ့ ပုံပေါ်သားပဲ။ သူမကို သင်ဖို့က မခက်ခဲဘူးလို့ ငါ ထင်တယ်"
ဖေးရှီက သူမ၏ သမီးက ဉာဏ်ကောင်းခြင်း ရှိမရှိ မပြောနိုင်သည့် တိုင်အောင် စာအုပ်များကို ရန်သူကဲ့သို့ ဆက်ဆံတတ်သူ ဖြစ်မှန်းတော့ နားလည်နေသည်။
ယဲ့ကျန်းက ဦးညွတ်သည်။ သူမက လိမ္မာဟန်ဆောင်နေ၏။ သည်လောကတွင် သူမကို အကောင်းဆုံး နားလည်သည်က သူမ၏ အဖေ၊ အစ်ကို ပြီးလျင် ဆရာမရှန်း ဖြစ်သည်။ သူမကို နှစ်ပေါင်းများစွာ ကြာရှည်စွာ အဖော်ပြုခဲ့သူ ဖြစ်သောကြောင့် ဖြစ်၏။ ထိုအချိန်က ဆိုလျှင် သူမ ချင်မင်းဆက်မှ ဝမ်ဖေးပင် မဖြစ်လာခဲ့သေးပေ။
စကားအနည်းငယ် ဖလှယ်ပြီး နောက်တွင် ဆရာမရှန်းက ယောင်ယောင်ကို စာဖတ်ခန်းသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်သွားသည်။ လမ်းတွင် ဖေးရှီက ယဲ့ကျန်းကို ခပ်တိုးတိုး ပြော၏။
"ယောင်ယောင် ဆရာမရှန်းဆီမှာ သင်ကြားရတာက ခက်ခဲကောင်း ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ခက်ခဲနေပေမဲ့ သမီး အံကြိတ်ပြီး တောင့်ခံရမယ်နော်"
"ဟုတ်ပါပြီ အမေ၊ သမီး နားလည်ပါတယ်"
သူမ သေချာ နားလည်သည်။ ဒါက သူမ၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။ သူမ ဒါကို လွဲချော်ခွင့် မပြုနိုင်ပေ။ အကယ်ဒမီ ဝင်ခွင့် ကျရှုံးသွားခြင်းက သူမ ကလဲ့စား ချေမည့် အခွင့်အရေး ဆုံးရှုံးရခြင်းဟု ဆိုရမည် ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူမ ညီမ၏ ဂုဏ်သိက္ခာကလည်း ကျဆင်းမည်ဖြစ်၏။
စာဖတ်ခန်းသို့ ရောက်သွားသောအခါ ဖေးရှီက သူတို့ နှစ်ယောက်ကို ထားရစ်ခဲ့သည်။ သူမက အခြားသော ကိစ္စများကို ခြံဝန်းအတွင်းတွင် လုပ်ဆောင်ရန် ရှိနေသေး၏။
အထဲတွင် ဆရာမရှန်းက ယဲ့ကျန်းကို တိုက်ရိုက် ကြည့်သည်။ သူမက မေးကို မော့ထားကာ တစ်ဖက်သူ၏ မျက်နှာတွင် တစ်စုံတစ်ယောက်၏ အရိပ်အယောင်ကို မြင်ရလို မြင်ရငြား ရှာဖွေနေခဲ့၏။
"ဆရာမ"
ယဲ့ကျန်းက အသက်ရှူ တစ်ခဏခန့် အောင့်ပြီးနောက်တွင် ဆရာမရှန်း သူမကို မှတ်မိသွားမည်ကို စိုးရိမ်နေ၏။
ဒါပေမဲ့ ဖြစ်မှ မဖြစ်နိုင်တာ။
"မင်း  ငယ်စဉ်ကတည်းက နယ်မြို့မှာပဲ နေခဲ့တာလား"
ဆရာမရှန်း၏ မျက်ဝန်းများက အလွန် ထက်ရှသည်။
သူမ၏ ယခင် ကျောင်းသူနှင့် အလွန် တူသော ဒီကလေးမက  အချို့သော ကွာခြားချက် အနည်းငယ်မှ လွဲလျှင် သို့မဟုတ် အနည်းဆုံး သူမ၏ ထိုကျောင်းသူနှင့် တစ်ထေရာတည်း နီးပါး တူညီနေခဲ့သည်။
ယဲ့ကျန်း...သူမ လုယောင်ယောင်ကို ယဲ့ကျန်းလို့တောင် ထင်မိတော့မလို့။
တည်ငြိမ်ဟန်ဆောင်ထားသော ယဲ့ကျန်းက ပြန်ဖြေသည်။
"ဟုတ်ပါတယ် ဆရာမ၊ ကျွန်မ ငယ်စဉ်ကတည်းက နယ်မြို့မှာပဲ ကြီးပြင်းလာခဲ့တာပါ"
စာအုပ်စင်များမှ စာအုပ်များကို သတိထားမိ ပြီးနောက် မေးသည်။
"နောက်ပြီး ဘာကို လေ့လာခဲ့သလဲ"
ဆရာမရှန်း၏ မျက်နှာက မပြောင်းလဲပေ။ သူမ၏ နှလုံးသားထဲတွင် မုန်တိုင်း ထန်နေခဲ့လေပြီ။
တကယ်ပဲ သူမရဲ့ ဆရာမ ဘာတွေ တွေးနေတာလဲ၊ သူမရဲ့ ဆရာမက အရင်က ယဲ့ကျန်းနဲ့ အခု ယဲ့ကျန်း တူညီတယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်၊ နောက်ပြီး ဘယ်လိုဖြစ်ပြီး ဖေးရှီရဲ့ တောင်းဆိုမှုကို လက်ခံပြီး လုမိသားစုက ဒီကလေးမကို သင်ယူဖို့ ရောက်လာခဲ့ရတာလဲ။
မူလကဆိုလျှင် သူမ၏ ဆရာမက လုမိသားစု အကြောင်းကို သိမသိ သူမ အံ့ဩမိသေးသည်။ သို့သော် သူမ၏ ဆရာမက ယဲ့မိသားစု၏ ကျရှုံးခန်းကို နားလည်ထားမည်မှန်းတော့ နားလည်နေခဲ့၏။
လုယောင်ယောင်... ယဲ့ကျန်း သူတို့ ဘယ်လို ဆက်စပ်မှု ရှိနေတာလဲ။
"ကျွန်မ အမေရဲ့ ဆေးပညာ သင်ကြားမှုက လွဲရင် ကျွန်မက သင်္ကေတတစ်ထောင် တော်ဝင် စည်းမျဉ်းတွေနဲ့ အမျိုးသမီးများ သမိုင်းကို လေ့လာခဲ့ပါတယ်"
ဒါက လုယောင်ယောင် သင်ကြားထားသော အရာ ဖြစ်သည်။ သို့သော် လုယောင်ယောင်က စာဖတ်ရခြင်းကို မနှစ်သက်သည့်အတွက် သေချာ နားလည်ထားခြင်း မရှိပေ။
"အကယ်ဒမီမှာ ရှင်သန်ဖို့ အတွက် ဆိုရင် အမျိုးသမီးတွေ တတ်သင့်တဲ့ အနုပညာ ၆ မျိုးကို သေချာပေါက် နားလည် ထားရမယ်၊ မင်းမှာ ကျွမ်းကျင်တဲ့ နယ်ပယ် မရှိဘူးလား"
ဆရာမရှန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အမျိုးသမီး အကယ်ဒမီသို့ ဝင်ခွင့် ရရန် အတွက် ဝင်ခွင့် စာမေးပွဲကို အောင်မြင်ရပေမည်။ အခြေခံအကျဆုံး စွမ်းရည်များက စစ်တုရင်၊ ဂီတ အတတ်၊ စာပေ၊ မြင်းစီးခြင်း အတတ်၊ ဘာသာရေး၊ ဂဏန်း သင်္ချာ တွက်ချက်ခြင်းတို့ကို ကျွမ်းကျင် ရမည် ဖြစ်သည်။
တစ်စုံတစ်ယောက်က ထိုအရာများထဲမှ တစ်ခုကို ကျရှုံးသွားမည် ဆိုလျှင် အကယ်ဒမီ အတွင်းသို့ ခြေမချသင့်တော့ပေ။ ယဲ့ကျန်းအတွက် ယခင်က အတိုင်းဆိုလျှင် စစ်ဆေးပွဲကို အောင်မြင်ရန် ပြဿနာ မရှိသော်လည်း လုယောင်ယောင်အတွက်ကမူ သေချာပေါက် ခက်ခဲလိမ့်မည်။
"ကျေးဇူးပြုပြီး ကျွန်မကို သင်ပေးပါ ဆရာမ" ယဲ့ကျန်းက ရိုကျိုးစွာဖြင့် ဦးညွတ်လိုက်သည်။ သူမက အလွန်လေးစားသော စိတ်ဆန္ဒကို ဖော်ထုတ် ပြသထား၏။
ဆရာမရှန်းက မျက်လုံးကို မှေးကျင်းလိုက်သည်။ တစ်ခဏခန့် တွေးတောပြီး နောက်တွင် ယောင်ဝါးဝါး ပြောလိုက်၏။
"ငါ့ကို စာနည်းနည်း ရေးပြ"
ယဲ့ကျန်းက ခေါင်းညိတ်သည်။ သူက စာအုပ်စင်သို့ သွားပြီး စာရွက်အချို့ သိုးမွှေးသား စုပ်တံအချို့ကို ကောက်ယူလိုက်၏။ သူမ ပထမဆုံး အကြိမ် ထိုစာရွက်ပေါ်တွင် မရေးခင် တုံ့ဆိုင်းသွားသည်။ စုတ်တံကို တင်းကြပ်စွာ ဆုပ်ကိုင် ထားပြီးနောက်တွင် မျက်မှောင် ကြုတ်လိုက်၏။ သူမက သူမ စိတ်အတွင်းတွင် ပေါ်ထွက်လာသော ပထမဦးဆုံး စကားလုံးကို ရှုပ်ထွေးသော လက်ရေးလက်သားဖြင့် ရေးလိုက်၏။
အဝတ်အစားတွေ ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်ပေမဲ့ လူတွေကတော့ မပြောင်းလဲနိုင်ဘူး။
ထိုစကားလုံးများက ဆရာမရှန်းကို သူမ၏ ကျောင်းသူကို နွေဦးနှင့် ဆောင်းဦးတွင် ပထမဆုံး တွေ့ခဲ့ခြင်းကို သတိရသွားစေသည်။ သူမ၏ မျက်ဝန်းအတွင်းတွင် အတိတ်အခြေအနေများကို ပြန်လည် သတိရသွားဟန် ဖြစ်လာသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now