part 36

1.8K 179 2
                                    

Unicode

အပိုင်း ၃၆။ အမဲလိုက်ခြင်း (၂)
နှမြောစရာ ကောင်းသည်မှာ သူမ ခြေလှမ်းကြီး နှစ်လှမ်းပင် မလှမ်းရသေးပေ။ ယဲ့ကျန်း ဖိအား များသလို ခံစားလိုက်ရ၏။
ယခုအခါ လုလင်ကျစ်က သူ၏ မြင်းနှင့် နီးသထက် နီးလာလေပြီ။ သူတို့ကြား အကွာအဝေးက ကျဉ်းမြောင်း သွား၏။ လုလင်ကျစ်က ဆရာမရှန်း အကြောင်းကို သိသည်။ ထို့နောက် ယဲ့ကျန်းကို ကြည့်၏။ သူက ပြုံးပြလာသည်။ ထိုအပြုံးက ယဲ့ကျန်း ကောင်းစွာ နားလည်နေသော အပြုံး ဖြစ်၏။
"ယောင်ယောင် အစ်ကိုကြီး ကြားတာတော့၊ မင်းက စတုတ္ထ ညီငယ်လေးနဲ့အတူ နယ်မြို့မှာ ကြီးပြင်းလာတာဆို၊ မင်းတို့ အတူ အမဲလိုက်နေကြဆိုပဲ။ မင်းရဲ့ စတုတ္ထ အစ်ကိုက အခု တောအုပ်ထဲမှာ ရှိနေတယ်။ သူနဲ့အတူ အမဲ မလိုက်ချင်ဘူးလား"
သူက ပြောလိုက်သည်။
အခု မဟုတ်ဘူး။
ယဲ့ကျန်းက သူမ၏ စိတ်ထဲတွင် ချက်ချင်း ငြင်းဆန် လိုက်သည်။ သို့သော် သူမ၏ မျက်နှာတွင်မူ အပြုံးက ရှိနေကာ ပြောလိုက်၏။
"အစ်ကိုကြီး ညီမ အမဲလိုက် သွားရင် ညီမ အမေက ခြေထောက် ချိုးလိမ့်မယ်၊ ညီမကို နယ်မြို့မှာကတည်းက အမဲမလိုက်ရဘူးဆိုပြီး တင်းတင်းကြပ်ကြပ် တားမြစ်ထားတာ"
"အမဲလိုက်တာက အပြစ် ဘယ်ဟုတ်ပါ့မလဲ။ တောထဲမှာ ရှိတာ မင်း တစ်ယောက်တည်းမှ မဟုတ်တာ၊ အတွင်းနန်းဆောင်က မင်းသမီးတွေလည်း အဲဒီမှာ မြင်းစီး လေ့ကျင့်ကြတာပဲ"
လုလင်ကျစ်က အလောတကြီး ပြောသည်။
ယဲ့ကျန်းက ထပ် မငြင်းနိုင်ခင်မှာပင် သူက အနီးဆုံးတွင် ရှိသော အစောင့်ကို ပြောလိုက်၏။
" မြင်းသွားယူ"
ယဲ့ကျန်းက ထိုသူက မြင်းကို သွားယူနေကြောင်း မြင်သောအခါ သူမက မျက်မှောင် ကြုတ်လိုက်၏။ သူမက လုလင်ကျစ်ကို တည်တင်းစွာ ပြောသည်။
"ညီမ မသွားချင်ဘူး"
အခြား တစ်ဖက်တွင် ရှိနေသော ဆရာမရှန်းက ကူကယ်ရာ မဲ့နေသည်။ ယဲ့ကျန်းက အစ်ကိုကြီး ဖြစ်သူ၏ တောင်းဆိုမှုကို ဖယ်ရှားလိုက်လျှင် ဖြစ်လာနိုင်သော အကျိုးဆက်ကို သူမ တွေးမိပြီး စိုးရိမ် သွားမိ၏။ ဒါက သူမ၏ နာမည်ကို ကျဆင်းစေနိုင်သည်။ ထို့ကြောင့် သူမက ဝင်ပြောလိုက်ရ၏။
"သွားလိုက်ပါ၊ မင်းအနေနဲ့ ဝင်ခွင့် စာမေးပွဲ ဖြေတဲ့ အချိန်မှာ မြင်းစီးတဲ့ အတတ်က လိုအပ်တာပဲ။ အခု လေ့ကျင့်ထားတာက ကောင်းတယ်"
လုလင်ကျစ်က ဆရာမရှန်းကို ကျေးဇူးတင်စွာ တစ်ချက် ကြည့်သည်။ လုယောင်ယောင် ဒီတစ်ကြိမ် ဧကရာဇ်နှင့် တွေ့မည်ကို သူ မဖြစ်စေလိုပေ။ သူ့အနေဖြင့် ဧကရာဇ်က ယဲ့ကျန်း၏ ရုပ်ရည်ကို မှတ်မိမည် မဟုတ်မှန်း သေချာနေသည့် တိုင်အောင် ရှောင်ရှားစေလိုသေး၏။ သူမကို သူ့အနားတွင်သာ ခေါ်ထားလိုသည်။
မော့ရုန်ကျန်းက မမှတ်မိရင်တောင်မှ သူ့အနားက လူတွေကရော မမှတ်မိနိုင်ဘဲ နေပါ့မလား။
ယဲ့ကျန်းက ထပ်မံ ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် မြင်းဇက်ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး မြင်းပေါ် ခုန်တက် လိုက်၏။
ပြောရလျင် ယဲ့ကျန်းနှင့် လုယောင်ယောင်တို့၏ မြင်းစီးစွမ်းရည်က ကောင်းသည်။ တစ်ခုတည်းသော ကွာခြားချက်က လုယောင်ယောင်က ကစားရန် သက်သက် လေ့ကျင့် ထားခဲ့ခြင်း ဖြစ်ပြီး ယဲ့ကျန်းကမူ ပြိုင်ပွဲတွင် သေသပ်စွာ စီးနင်းရန် လေ့ကျင့်ထားခြင်း  ဖြစ်သည်။ သူမ၏ ဖခင်က ငယ်စဉ်ကတည်းက ကိုယ်တိုင် ကိုယ်ကျ သင်ကြားပေးခဲ့သည်။
တစ်ယောက်တည်း ပိုလိုကစားရန် အတွက်ပင် ဖြစ်စေ၊ အမဲလိုက်ရန် အတွက်ပင် ဖြစ်စေ၊ မည်သို့သော အနေအထားမျိုး အတွက်ပင် ဖြစ်စေ မြို့တော်၏ အထက်တန်းလွှာ မိသားစု တစ်ခု၏ သခင်မလေး ဆိုသော အဆင့်အတန်း အရ သူမက လုပ်နိုင်စွမ်းအား ရှိသည်။
ဆရာမရှန်းကလည်း ကျော်ကြားသော မိသားစုမှ ဖြစ်သည်။ သူမ၏ မြင်းစီးဟန်ကို တစ်ချက် ကြည့်ရုံဖြင့်ပင် မြင်းစီးရာတွင် သူမက ဆိုးရွားသော အနေအထား မဖြစ်နိုင်မှန်း နားလည် လိုက်၏။
"သွားစို့"
လုလင်ကျစ်က ယဲ့ကျန်းကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ ခံ့ညား ချောမောသော မျက်နှာတွင် ပျော်ရွှင်သွားသော အမူအရာက ထွက်ပေါ်လာခဲ့၏။ သူ၏ စိတ်အခြေအနေကလည်း ကောင်းမွန်လာခဲ့သည်။ စိတ်အတွင်းတွင်လည်း  အနည်းငယ် ကြည်သာသော ခံစားချက် အားလှိုင်း တစ်ခုက ပြန့်လွင့်လာခဲ့၏။
ယဲ့ကျန်းက ခေါင်းညိတ်ပြီးနောက် သူမ၏ အပေါင်းအဖော်များကို နှုတ်ဆက်လိုက်သည်။
"ဆရာမ ကျွန်မ အရင် သွားတော့မယ်"
"ဒီည ယုန်သား လတ်လတ်ဆတ်ဆတ်လေး စားရဖို့ မျှော်လင့်တယ်"
ဆရာမရှန်းက နောက်သည်။
"ဆရာမ စိတ်အေးအေးထားပါ၊ တောထဲမှာ ယုန်တွေ ရှိသမျှ ကာလပတ်လုံး သမီးက ဟော့ပေါ့ပါ လုပ်ပေးဦးမှာ"
ယဲ့ကျန်းက ပြောလိုက်ပြီး နောက်တွင် ဦးတည် ရာသို့ သွားသည်။ မြင်းကို နှင်ပြီး နောက်တွင် သူမက အရင်ဘဝသို့ ပြန်ရောက်သွားသည်ဟုပင် ခံစားလိုက်ရ၏။
ထိုအချိန်က သူမ၏ မိခင်က သူမကို အပြစ်တင်စေကာမူ၊ မည်သို့ ဒေါသ ထွက်စေကာမူ သူမ၏ ဖခင်က အမြဲတမ်း သူမကို ထွေးပွေ့ပေးခဲ့ပြီး ခံစားချက်ကောင်းအောင် နှစ်သိမ့်ပေးခဲ့သည်။
အဖေ
ယဲ့ကျန်း အနေနှင့် သူမဖခင်၏ သဘောကောင်းပြီး ညင်သာ သိမ်မွေ့သော အပြုံးများ အားလုံးကို မှတ်မိနေသေးသည်။ သူမကို မြင်းစီး သင်ပေးခဲ့ချိန်က သူ၏ အမူအရာ အားလုံးကို မှတ်မိနေသေး၏။ သူမက မြင်းစီး သင်ကြားရန် စိတ်ပါ လာရန်အတွက် နှစ်သိမ့် စကား ပြောဆိုခဲ့သည့် ဟန်အမျိုးမျိုးကိုလည်း မှတ်မိနေသေးသည်။
အတိတ် မှတ်ဉာဏ် ခံစားချက်များ ပြည့်လျှံလာသောကြောင့် သူမ ကိုင်ထားသော မြင်းစီးဇက်ကြိုးက တင်းကြပ် သွားပြီး သူမက ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အပြေး နှင်တော့၏။ အနောက်မှ လူတိုင်း ကြောင်သွားကြသည်။
လုလင်ကျစ်တို့ အဖွဲ့က ထိုမြင်ကွင်းကို မြင်သောအခါ အသည်းအသန် အမှီ လိုက်ကြသည်။ သူ့ နောက်မှ လိုက်လာသော ထန်းကျန်းက သူနှင့် အမှီ လိုက်နိုင်သောသူ တစ်ယောက်တည်းသောသူ ဖြစ်သည်။
"မင်း မိသားစုက ကလေးမလေးက မြင်းစီး ကျွမ်းကျင်လိုက်ကြတာ။ သူမရဲ့ မြင်းစီးစွမ်းရည်က မြို့တော်က အလိုလိုက်ခံထားရတဲ့ ကောင်မလေးတွေထက် အများကြီး သာတယ်"
ထန်းကျန်းက မှတ်ချက်ပြုသည်။
ထိုကလေးမလေး၏ မြင်းစီးစွမ်းရည်ကို သူ အမှန်ပင် လေးစားမိသွား၏။
"ယောင်ယောင် အရှိန်ကို လျှော့"
လုလင်ကျစ်က အနောက်မှ အော်သည်။
လုလင်ကျစ်၏ အော်သံက ကျယ်သော်လည်း ယဲ့ကျန်းကမူ မကြားပေ။ သို့မဟုတ် သူမ ကြားနေလျှင်ပင် မကြားဟန် ဆောင်နေလိမ့်မည်။ ထိုတစ်ခဏတွင် သူမက သူမကိုယ်တိုင် ပြန်ဖြစ်သွားသကဲ့သို့သော ခံစားချက် မျိုးကြောင့် ဒီခံစားချက်ကိုသာ အချိန် ကြာစေရန် သူမ ခံစား နေပေလိမ့်မည်။ သူမ ဒီမနှစ်မြို့ဖွယ် လူများကို ဂရုစိုက်ရန် မလိုသော အချိန်လည်း ဖြစ်၏။
သူမ၏ လက်များက မြင်းဇက်ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင် ထားပြီး လွတ်လပ် ကျယ်ပြောသော လောကထဲ ခရီးဆက်နိုင်သည်။
သူမက တောအုပ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက် သွားခဲ့ကာ အနောက်မှ လူများကို မျက်ခြည်ဖြတ်သွား၏။ သို့ရာတွင် လုလင်ကျစ်နှင့် အပေါင်းအဖော်ကမူ တိုက်ပွဲတွင် ဒီလို အပြေးနှင်ကာ တိုက်ခိုက် ခဲ့သူများ ဖြစ်ကြလေရာ အံကြိတ်ပြီး ပြင်းပြင်းထန်ထန် မြင်းစီနိုင်စွမ်း ရှိကြသည်။ ထို့ကြောင့် သိပ်မကြာခင်မှာပင် သူတို့က ယဲ့ကျန်းကို မှီသွား၏။
သူတို့က သူမကို ရပ်ရန် တားတော့မည့် အချိန်တွင်မူ မြင်းဘေးဘက်မှ မြားတစ်စင်းမှ ဖြတ်ထွက် သွားကြောင်း မြင်လိုက်ရပြီး သူတို့ စကားများ ပျောက်ဆုံး သွားခဲ့၏။
ယဲ့ကျန်း သူမက သူမ၏ လက်မောင်းများကို လှုပ်ရှားကာ လေးကြိုးကို ဆွဲပြီး မြားပစ်လိုက်ခြင်းလည်း ဖြစ်သည်။
ထိုမြားက သူတို့၏ အမြင်နှုန်း အမြန် မလိုက်နိုင်လောက်အောင် အလွန် မြန်ဆန် နေခဲ့၏။ သူမက မြားကို ပစ်လွှတ် လိုက်ကြောင်း မြင်လိုက်ချိန်တွင်ပင် မြေပြင်တွင် မီးခိုးရောင် ယုန်တစ်ကောင်က လဲသွားခဲ့ချေပြီ။ ခေါင်းမှ ထုတ်ချင်း ပေါက််သွားခြင်း  ဖြစ်၏။ အနေအထားအရ မြက်ပင်ရှည်များ အနောက်တွင် ပုန်းကွယ်နေသော်လည်း ရှင်းလင်းစွာ ပစ်လွှတ်လိုက်နိုင်ခြင်းလည်း ဖြစ်သည်။
ယဲ့ကျန်း ဘယ်လို ပစ်လိုက်တာလဲ။
လုလင်ကျစ် အံ့ဩသွားကာ ယဲ့ကျန်း၏ ချစ်စဖွယ် ဘေးတိုက် မျက်နှာထားကို ကြည့်သည်။ ထိုကဲ့သို့သော ချစ်စဖွယ် မျက်နှာထားဖြင့် ယုန်ကို တစ်ချက်တည်း ပစ်လွှတ်လိုက်ခြင်းလည်း ဖြစ်၏။
"ယောင်ယောင်"
လုလင်ကျစ်က အလောတကြီး အနားသို့ သွားသည်။
"ယောင်ယောင်"
လုရှန်းကျစ်က အော်ကာ အနားသို့ ရောက်လာသည်။
သူမ၏ အစ်ကိုကို မြင်သောအခါ ယဲ့ကျန်းက ပျော်ရွှင်စွာ ခေါ်လိုက်သည်။
"အစ်ကိုကြီး ညီမ ယုန် ပစ်လိုက်ပြီ"
ယဲ့ကျန်းက လုရှန်းကျစ်ကို ပြောသည်။
သူမ၏ စိတ်ထဲတွင် လုမိသားစုမှ သည်သုံးယောက်ကသာလျှင် သူမ၏ မိသားစုဝင် ဖြစ်သည်။ ဖေးရှီ၊ လုရှီမင်နှင့် လုရှန်းကျစ်တို့ကသာ သူမ၏ မိသားစုဝင်များ ဖြစ်ကြ၏။ ထိုသူများမှ လွဲပြီး သူမ၏ ညီမက ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင် ရလိမ့်မည် မဟုတ်ပေ။

နတ်ဆေးသမားတော် ယဲ့ကျန်းМесто, где живут истории. Откройте их для себя