part 11

2.1K 205 1
                                    

unicode

အပိုင်း ၁၁ မိသားစုညစာ (၂)
အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသော မိသားစုညစာစားပွဲအချိန် ရောက်ရှိလာသောအခါ သခင်မကြီးလုက ယဲ့ကျန်းကို ကိုယ်တိုင်ကိုယ်ကျ အနားတွင် ထိုင်စေသည်။ ထိုနေရာက ရုတ်တရက်သာ မဆင့်ခေါ်ခံခဲ့ရလျှင် လုလင်ကျစ် ထိုင်သင့်သောထိုင်ခုံဖြစ်သည်။ ထိုဖိတ်ကြားမှုက အမိန့်နှင့် တူသည်။ ထို့ကြောင့် လုကျင်းမင် ကောင်းကောင်း မထိုင်နိုင်ပေ။ သူမက အချိန်အတန်ကြာ ယဲ့ကျန်းကို မသက်မသာ ကြည့်နေခဲ့၏။
မျှော်လင့်ထားသည့်အတိုင်း လုမိသားစုက အဆင့်မြင့်လူမှုအဖွဲ့အစည်းသို့ တိုးမြင့်ဝင်ရောက်လာနိုင်သည့်တိုင်အောင် သူတို့က ထမင်းစားပွဲတွင် သင့်လျော်သော အပြုအမူမျိုး မပြုလုပ်နိုင်ကြသေးပေ။ သူတို့က အထက်တန်းလွှာများ မဟုတ်ကြပေ။ ဒါကို ယဲ့ကျန်း ချက်ချင်းထိုးဖောက်မြင်နိုင်၏။ အထက်တန်းလွှာမိသားစုဝင်တစ်ယောက်အနေဖြင့် သူမက အထက်တန်းလွှာအမျိုးသမီးတစ်ယောက်တွင် ရှိသင့်သော လိုအပ်သည့်အပြုအမူတိုင်းကို ပိုင်ဆိုင်ထားသည်။
ထမင်းစားပွဲတွင် တားမြစ်အပ်သော စကားပြောခြင်းကဏ္ဍကိုလည်း နားလည်၏။ သို့သော် သခင်မကြီးလုကမူ သူမကို နယ်စပ်မြို့မှ သူမ၏ဘဝနေထိုင်မှုအကြောင်းအရာကို မေးမြန်းနေခဲ့၏။ သူမက စကားမပြောချင်မှန်း သိသာသည့်တိုင် တကူးတက မေးမြန်းနေသေးသည်။ နောက်ဆုံးတွင် သူမက ရိုးရိုးရှင်းရှင်းဖြင့် စည်းမျဉ်းအားလုံးကို မေ့ထားလိုက်ကာ သခင်မကြီးလုနှင့် စကားစမြည်ပြောရင်း တဖြည်းဖြည်း သိမ်းသွင်းနေလိုက်၏။
“နယ်စပ်မြို့က ပျော်ဖို့ကောင်းပါတယ်၊ အစ်ကိုကြီးက သမီးကို စာကလေးငှက်ကလေးတွေ ဘယ်လိုဖမ်းရမလဲဆိုတာကို သင်ပေးတယ်လေ၊ တောင်ပေါ်မှာ စာကလေးငှက်ကလေးတွေ ကင်လိုက်၊ နှပ်လိုက် စားတာက တကယ်ကို အရသာရှိတာ”
ယဲ့ကျန်းက လုရှန်းကျစ်ကို ချစ်စဖွယ်ကြည့်ကာ ဆက်ပြောလိုက်သည်။
“တစ်ချိန်က သူ အဖေ့ရဲ့ဝိုင်ကို ခိုးခဲ့တဲ့အချိန်တုန်းက သမီးကို နည်းနည်းလေးပဲ သောက်ခိုင်းတယ်လေ”
ထိုသတင်းအချက်အလက်ကို ထမင်းစားပွဲမှလူတိုင်း သိလိုက်ရသည်နှင့်အချို့က လုရှန်းကျစ်ကို ခိုးကြည့်လိုက်ကြသည်။
“နွေရာသီမှာ သမီးတို့ မြစ်ကမ်းဘေးသွားပြီး ငါးသွားဖမ်းကြသေးတယ်၊ ဒီသခင်မလေးက သူ ဘာဖြစ်သွားမှန်းမသိပါဘူး၊ ဒါပေမဲ့ စတုတ္ထအစ်ကိုက ရုတ်တရက်ကြီး ရေအောက်ထဲမှာ အကြာကြီးငုပ်နေလို့ တစ်စုံတစ်ရာဖြစ်သွားပြီလို့ ထင်သွားမိတယ်၊ ဒါကြောင့် အကူအညီတောင်းဖို့ အော်ဟစ်လိုက်မိသေးတယ်၊ သမီးလည်း သူ့ကို ကိုယ်တိုင် မကယ်နိုင်ဘူးလေ၊ သမီးမှ ရေမကူးနိုင်တာ၊ နောက်ထပ်ဖြစ်လာတဲ့အရာကတော့ သမီးကို လုံးဝမမေ့စေတဲ့ကိစ္စကြီးတစ်ခုပါပဲ”
ယဲ့ကျန်းက ပတ်ဝန်းကျင်မှ လူများကို ကြည့်သည်။ သူမ၏ ရင်ဘတ်ကို လက်ကလေးဖြင့် အုပ်ထားသည်။ ဒါက လူတိုင်းကို ဆန့်တငန့်ငန့်ဖြစ်သွားစေသေး၏။
“သူက ရေထဲက ဘွားခနဲ ခုန်တက်လာပြီး သမီးကို လန့်ပြီး ရေထဲပြုတ်ကျသွားစေတယ်လေ၊ သမီးမှာ ရေစိုတွေနဲ့ အိမ်ကိုပြန်သွားခဲ့ရတာ၊ အဲဒီနေ့တစ်နေ့လုံး အေးခဲနေတော့တာပဲ”
သခင်မကြီးလုက ယဲ့ကျန်း၏ပုံပြင်ကို တောက်ပစွာ နားထောင်နေသည်။ သူမက ရယ်ပြီးနောက် အခြားတစ်ဖက်ခြမ်းတွင်ထိုင်နေသော လုရှန်းကျစ်ကို ဟန်ဆောင် ဆူလိုက်သည်။
“ဆိုးလိုက်တဲ့ကောင်စုတ်လေး ကိုယ့်ညီမကို အနိုင်ကျင့်စရာလား”
“အဖွား ဒါတွေက အတိတ်က ကိစ္စတွေပါ၊ ဒီလိုမိန်းကလေးက ဒီလောက်ကြမ်းတမ်းမယ်လို့ ဘယ်သူက သိထားမှာလဲ”
လုရှန်းကျစ်က အသနားခံသည်။ ဒါက ထမင်းစားဝိုင်းကို ရယ်သံများနှင့် ပြည့်နှက်သွားစေ၏။
ယဲ့ကျန်းကလည်း သခင်မကြီးလုက သူမ၏အာရုံကို လုရှန်းကျစ်ထံသို့ ပို့လိုက်ကြောင်းမြင်ရမှသာ ဖျော့တော့စွာ ပြုံးလိုက်သည်။
ဝမ်းသာစရာက ငါ့ရဲ့ဝိုင်ကို ကောင်းကောင်းသောက်နိုင်သွားပြီပဲ။
ညက နက်လာသည်။ ယဲ့ကျန်း၏အားအင်များက ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း စိမ့်ထွက်သွားတော့၏။ သူမက ကျန်းမာရေးကောင်းလာခါစဖြစ်သည်။ တစ်နေ့လုံးနီးပါး သခင်မကြီးကို ကျေနပ်အောင် အချိန်အများစု သုံးပေးနေရ၏။ သို့သော် လက်ရှိအချိန်တွင်မူ သူမ ဆက်ပြီးမတောင့်ခံနိုင်တော့ပေ။
သူမ၏သမီးဖြစ်သူ ပင်ပန်းလာကြောင်း မြင်သောအခါ ဖေးရှီက ယဲ့ကျန်း၏အနားကို ကပ်လာပြီး မျက်နှာလေးကို စစ်ဆေးကာ ခပ်တိုးတိုးပြောလာသည်။
“သမီး အဆောင်ကို ပြန်လို့ရပါပြီ”
ယဲ့ကျန်းက ဖေးရှီ၏ ချစ်မြတ်နိုးနေသော မျက်ဝန်းများကိုကြည့်ကာ အနေခက်သလို ခံစားလိုက်ရ၏။ သူမ သည်လုမိသားစုအပေါ် ဘာခံစားချက်မှမရှိပေ။ သို့သော် သူမ၏ညီမကမူ သည်လိုချစ်ခြင်းများကြားတွင် ကြီးပြင်းလာရသည်။ သူမ၏ညီမအပေါ် ကောင်းမွန်သောဘဝကို ပေးခဲ့သော အကြွေးတင်နေသည့် သည်လူများအပေါ် သူမ နာကျင်အောင် မရက်စက်ချင်ပေ။ ထို့အပြင် သူမ နက်ရှိုင်းစွာ နားလည်နေခဲ့သည်မှာ တစ်ကြိမ်တစ်ခါက သူမနှင့် သူမ၏မိသားစုအပေါ် ညှာတာထောက်ထားပေးရန် တောင်းပန်ခဲ့ချိန်က မည်သူကမှ မသနား၊ မညှာတာပေးခဲ့သော အကြောင်းအရာ ဖြစ်သည်။ ထိုအကြောင်းအရာကို သူမ ခေတ္တမေ့ထားလိုက်၏။
သခင်မကြီးလုကလည်း ယဲ့ကျန်း၏မျက်ဝန်းများမှ နွမ်းနယ်မှုကိုခံစားမိသည်။ ထို့ကြောင့် သူမကို ခပ်စောစော အနားယူရန် ပြောလိုက်၏။
“သမီးနေကောင်းလာတာ ရက်အနည်းငယ်ပဲရှိသေးတာပဲ၊ ခန္ဓာကိုယ်ကို ကောင်းကောင်း အနားပေးသင့်ပြီ၊ ကဲ အခု သွားနားလိုက်တော့”
ယဲ့ကျန်းကလည်း ဆက်ပြီးမတောင့်ခံနိုင်တော့သည့်အတွက် လေကောင်းလေသန့်ရှူရန် ခြံဝန်းထဲသို့ ပြန်သွားလိုက်သည်။
ခန်းမထဲမှ အစ်ကိုများကလည်း ပြန်ထွက်သွားကြသည်။ သို့သော် သူတို့ကမူ အရှေ့ဘက်ရှိ လသာဆောင်တွင် ဝိုင်သောက်နေကြသေးသည်။
လုထန်ကျစ်က ဝိုင်ခွက်ကို သူ၏ဝမ်းကွဲ လုရှန်းကျစ်နှင့် တိုက်ပြီးနောက် ပြောသည်။
“မင်း နယ်စပ်မြို့ကိုရောက်တော့ အခြေအနေဘယ်လိုရှိလဲ စတုတ္ထညီလေး”
“ကောင်းပါတယ်၊ အစပိုင်းတော့ ကျွန်တော် ဒီရိုးရှင်းတဲ့ဘဝမှာ ကျင့်သားမရဘူးပေါ့၊ ဒါပေမဲ့ တဖြည်းဖြည်းတော့ သဘောကျသွားတာပဲ”
လုရှန်းကျစ်က ပြုံးသည်။
“အစ်ကိုကြီးလည်း အချိန်ရရင် နယ်စပ်မြို့ကို သွားသင့်တယ်၊ ကျွန်တော် သေချာပေါက်လိုက်ပြမှာပေါ့”
“ဘာလဲ မင်း တတိယညီမကို ဘယ်လိုဖျက်ဆီးခဲ့လဲဆိုတာကိုလား”
လုထန်ကျစ်က ရယ်သည်။
“မင်းက အမြဲတမ်း တောတွင်းမှာလှုပ်ရှားရတာကို သဘောကျတယ်၊ ဒါကြောင့် တတိယညီမလေး ဆွဲသွင်းခံရတာဖြစ်မယ်”
“ဟား ဟား အစ်ကိုထင်တာ မှားသွားပြီ ဒုတိယအစ်ကို၊ ယောင်ယောင်က သူ သေးသေးလေးကတည်းက အရမ်းဆိုးတယ်ဆိုတာ အစ်ကိုကြီး နားမလည်သေးပါဘူး၊ သူက ပထမဆုံး ကျောင်းစတက်တဲ့နေ့ကတည်းက ကျွန်တော် ဘာမှ မသင်ပေးခင်ကတည်းက အားလုံးကို ရိုက်နှက်လိုက်တာ”
လုရှန်းကျစ်က ပြုံးကာခေါင်းကိုခါနေသည်။
လုထန်ကျစ်ကလည်း ထိုစကား ကြားရသောအခါ ရယ်သည်။
“ဒါနဲ့ မင်းရဲ့ညီမ မွေးမှ မင်းနယ်စပ်ကို သွားရတာမဟုတ်လား”
သူ မှတ်မိသည်မှာ မှန်မည်ဆိုလျှင် ဖေးရှီ ကိုယ်ဝန်ဆောင်နေသည်ဆိုသော သတင်းကို တစ်ခါမှ မကြားခဲ့ရပေ။
ဘယ်လိုလုပ်ပြီး နယ်စပ်မြို့ကိုရောက်ပြီး သိပ်မကြာခင်မှာ သမီးတစ်ယောက် ကောက်ရသွားတာလဲ။
လုရှန်းကျစ်က သုံးနှစ်အရွယ်တွင် မိဘများနှင့်အတူ နယ်စပ်မြို့သို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။  လုရှီမင်က ဖေးရှီနှင့်အတူ ဆေးဝါးဆိုင်ရာလုပ်ငန်းများကို အပြေးအလွှားလုပ်ကိုင်နေခဲ့၏။ သို့သော် ဖေးရှီက မြို့တော်မှ ထွက်သွားပြီး လအနည်းငယ်ကြာရုံမှာပင် ကလေးတစ်ယောက် မွေးလိုက်ခြင်းက အံ့ဩစရာကောင်းနေတော့သည်။
“ကျွန်တော် မှတ်မိတာ မှန်မယ်ဆိုရင် အမေက ညီမလေးကို ပုံမှန်ထက် အများကြီးစောပြီးမွေးခဲ့တာ၊ ရလဒ်အနေနဲ့ယောင်ယောင်က မွေးကတည်းက ကျန်းမာရေး အရမ်း ချူချာနေတာပဲ၊ ဒါကြောင့် အမေအချိန်အကြာကြီးဂရုစိုက်ခဲ့ရတာပေါ့၊ အဖေပြောတဲ့အတိုင်းဆိုရင် လမ်းခရီးက ကြမ်းတမ်းလို့ သန္ဓေသားအပေါ် မကောင်းတဲ့သက်ရောက်မှု ရှိသွားတယ်တဲ့ ကံကောင်းတာက အမေက ကောင်းကောင်းမွန်မွန် ရှင်သန်အောင် မွေးဖွားပေးနိုင်ခဲ့တယ်”
လုရှန်းကျစ်က ပြုံးသည်။ ယောင်ယောင်က မွေးစားသမီးဖြစ်ကြောင်းကို အခြားသူများကို မသိစေချင်ပေ။
လုရှန်းကျစ် နားလည်နေခဲ့သည်မှာ ဒါက ပေါ်တင်မထုတ်ပြလျှင်ပင် ယောင်ယောင်အတွက် ထိခိုက်မှု ရှိနိုင်သည်။ ယောင်ယောင်က စိတ်ထဲတွင် အများကြီးတွေးတောကာ ခံစားနေမည်ကို စိုးရိမ်၏။ ထို့အပြင် သူတို့က လက်ရှိတွင် လုစံအိမ်တွင် နေနေကြခြင်းဖြစ်ကာ အပြင်ပန်းတွင်လည်း အလှောင်အပြောင် ခံရနိုင်သေးသည်။
လုထန်ကျစ်က ခေါင်းညိတ်သည်။ သူ့စိတ်ထဲတွင် သံသယမရှိပေ။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now