part 57

1.5K 145 1
                                    

Unicode

အပိုင်း (၅၇) မိခင်သောက (၂)
"ညီငယ်တွေက ဘယ်လိုများ အစ်ကိုကြီးထက် ကျော်သွားရမှာလဲ၊ ကျွန်တော်တို့ အကြီးဆုံး အစ်ကို ကောင်မလေး တစ်ယောက်နဲ့ နမ်းတာကို မတွေ့ရခင်အထိ စောင့်ဆိုင်းနိုင်ပါတယ်"
လုထင်ကျစ်က ချက်ချင်းလိုလို ဝင်နောက်သည်။
ခန်းမ အတွင်းတွင် ရယ်သံများက ပြည့်နှက် သွားတော့၏။
ယဲ့ကျန်းက လုလင်ကျစ်၏ ညင်သာပြီး ခံ့ညား ချောမောသော မျက်နှာကို ကြည့်လိုက်၏။ နန်းတော်ထဲတွင် ဝိညာဉ်အဖြစ် ရှိနေခဲ့သော သူမ၏ မှတ်ဉာဏ်များအရ လုလင်ကျစ် လက်ထပ်ခဲ့သည် ဆိုသော သတင်းကို သူမ မကြားခဲ့ရပေ။
ဖြစ်နိုင်တာက...
သူမ နှာခေါင်း ပွတ်လိုက်ကာ အကောင်းဆုံး မှတ်မိရန် ကြိုးစားသော်လည်း စိတ်ထဲတွင် မည်သူမှ ပေါ်ထွက် မလာခဲ့ပေ။ သူမ နန်းတော်ထဲတွင် ၂နှစ်တိုင်တိုင် သွားလာနေခဲ့သော်လည်း လုလင်ကျစ် ကဲ့သို့ လုမိသားစုမှ အကြီးဆုံး သားကြီးက လက်ထပ်ခဲ့ခြင်း မရှိခဲ့ပေ။
လုလင်ကျစ်ကလည်း ယဲ့ကျန်း၏ အကြည့်ကို အာရုံ စိုက်မိဟန် ရသည်။ သူက ချက်ချင်း ဖျော့တော့စွာ ပြုံးပြီး လှည့်ကြည့်လိုက်၏။ မသိစိတ်အရ ယဲ့ကျန်းက ချက်ချင်း အဝေးသို့ ကြည့်သည်။
စကား ပြောနေချိန်တွင် ရယ်သံများက ပြည့်နှက် နေခဲ့ကာ နောက်ဆုံးတွင် အချိုပွဲက ရောက်လာသည်။
သူမ စိတ်ထင်သည်လား မသိ၊ လုကျင်းက ချန်းညီအစ်မများနှင့် ယခင်ကထက် နီးကပ်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့အားလုံးက စကား ဆက်ပြောနေခဲ့ကြကာ သူမကို ဖယ်ခွာ ထားကြ၏။ သိသိသာသာပင် လစ်လျူ ရှုထားလိုက်သည်။
ယဲ့ကျန်းက ဒီလို အဖယ်ခံထားရသည်က ဆိုးရွားသည်ဟု မထင်ပေ။ မည်သို့ပင်ဆိုစေ သူမကလည်း ထိုလူများနှင် စကား ပြောချင်စိတ် မရှိပါပေ။
"တတိယညီမက လဝက်နေရင် စာမေးပွဲ ဝင်ဖြေမှာ မဟုတ်လား၊ သေချာရဲ့လား"
ချန်းလီပင်းက သူမ၏ ညာဘက် မျက်ခုံးကို ပင့်ကာ မေးလာသည်။
အဆုံးတွင် သူမ ပတ်ဝန်းကျင်ရှိ လူများက မယုံကြည်နိုင်ကြသေးပေ။ ယဲ့ကျန်းက စိတ်ထဲတွင် တည်ငြိမ်စွာ ဆုံးဖြတ်ချက် ချထားပြီးလေပြီ။ သူမ သေချာပေါက် ဝင်ခွင့် စာမေးပွဲတွင် အမှားအယွင်း အရှိခံ၍ မရပေ။ ဒါဖြင့် သူမ သူတို့ကို သက်သေပြရမည်ပေ။
လုစံအိမ်သို့ မလာခင်က သူတို့က သည်ပိန်ပါး မည်းကြုတ် ရုပ်ဆိုးသော တတိယ သခင်မလေး အကြောင်းကို ကြားထားပြီးသား ဖြစ်သည်။ ရလဒ် အနေဖြင့် ကောလာဟလတွေကို သူတို့ သေချာ မသိသော်လည်း ယဲ့ကျန်းနှင့် ကိုယ်တိုင် မြင်ရချိန်တွင် တတိယ ညီမက သူတို့ထက်ပင် သာလုနီးပါး လှပနေကြောင်း မြင်လိုက်ရ၏။
ယဲ့ကျန်းက ခေါင်းကို အသာပွတ်ဟန် ပြုပြီး တွေးတောဟန်ဖြင့် ပြောလိုက်၏။
"တို့ မသေချာရင် ဝင်ဖြေဖို့ ကြံစည်ပါ့မလား"
လုကျင်းက ပါးစပ်ကို အုပ်ကာ ရယ်သည်။
"ငါ့အစ်မက ဝင်ခွင့် စစ်ဆေးပွဲမှာ ဘာတွေ ရွေးရမလဲဆိုတာ သိထားသင့်ပြီ ထင်တယ်၊ နင့်ရဲ့ မြင်းစီးတာနဲ့ မြားပစ်တာက တော်နေပြီဆိုရင်တောင်မှ အခြား နယ်ပယ်တွေကရော၊ ဥပမာအားဖြင့် တူရိယာ တီးခတ်တာ ဆိုရင်ရော"
"ဒါက တို့... တို့ မသေချာသေးဘူး၊ ဆရာမရှန်းကတော့ တို့ အခြား နယ်ပယ်တွေမှာ အောင်မြင်မယ် ဆိုရင် အဆင်ပြေမယ်လို့ ပြောတာပါပဲ"
ယဲ့ကျန်းက ယုံကြည်မှု မရှိဟန်ဖြင့် ဖြေလိုက်သည်။
"ဒါဆိုရင် အခြား စာမေးပွဲတွေ အောင်အောင် ဗုဒ္ဓဆီမှာ သွားပြီး ဆုတောင်းသင့်ပြီ"
လုကျင်းက လှောင်သည်။
ယဲ့ကျန်းကမူ သူမ၏ တည်ငြိမ်မှုကို ထိန်းထားသေးကာ အလေးအနက်ထား ခေါင်းညိတ်၏။
"တို့လည်း ဟူကုံး ဘုရားကျောင်းက အရမ်း ကျော်ကြားတယ်လို့ ကြားထားပါတယ်၊ မင်း ပြောတာ မှန်တယ်၊ စတုတ္ထညီမ တို့လည်း အချိန်ရရင် စာမေးပွဲ မဖြေခင်ကတည်းက ဝိညာဉ် စွမ်းအင် လက္ခဏာ ကောင်းမွန်အောင် သွားမေးကြည့်လိုက်မယ်"
"ဒီလိုဆိုရင် ငါလည်း တတိယ ညီမနဲ့ လိုက်ခဲ့မယ်"
ချန်းချုံပင်းက ရုတ်တရက် ပြောလာသည်။
"ကောင်းတာပေါ့"
ယဲ့ကျန်းက ကျေးဇူးတင်ဟန် ပြုံးပြလိုက်သည်။
အားလုံး၏ တွေ့ဆုံပွဲ အဆုံးတွင် လုကျင်းက ချန်းညီမများကို ခေါ်ကာ ထွက်သွားသည်။
အမျိုးသားများကမူ သီးသန့် တစ်ဖွဲ့နေကြ၏။ ယဲ့ကျန်းက သည်အခွင့်အရေးကို သုံးပြီး ဖေးရှီကို တစ်ယောက်တည်း စကားပြောသည်။ သူမက ဖေးရှီ၏ လက်ကို ကိုင်ပြီးနောက် အပြင်သို့ ခေါ်ထုတ်သွားလိုက်၏။ ဒါက လေ့ကျင့်သည့် အနေဖြင့် လမ်းလျှောက်သည်ဟု ဆိုလိုက်သည်။ ဒီနည်းအားဖြင့် အစာချေနိုင်ရန်လည်း မျှော်လင့်၏။
"အမေ အမေ အဖေ့ကို ဘာလို့ အရာရှိ မဖြစ်စေချင်တာလဲ"
ယဲ့ကျန်းက လုရှီမင်၏ ဆန္ဒကို နားလည်သည်။ သို့သော် ဖေးရှီက ရုတ်တရက် မျက်နှာ မသာမယာ ဖြစ်ခြင်းကိုလည်း သူမ နားလည်၏။
ဖေးရှီက ယဲ့ကျန်းကို အံ့ဩသလို ကြည့်သည်။
"အမေက မကြိုက်တာ မဟုတ်ပါဘူး၊ သမီးက ဘာလို့ ဒီလို ထင်ရတာလဲ"
"အမေ အခု နောက်ပိုင်း မျက်နှာ မကောင်းတာကို သတိထားမိတယ်"
သူမက ပြောသည်။
"ယောင်ယောင် အမေ အဆင်ပြေပါတယ်"
ဖေးရှီက ယဲ့ကျန်း၏ ခေါင်းလေးကို ချစ်မြတ်နိုးစွာ ပုတ်သည်။
"ဒီအတိုင်း အချို့သူတွေက ဒီမှာ နေသား မကျလို့ပါ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ အမေ အဆင်ပြေ သွားမှာပါ။ အဲဒါ အပြင် မြို့တော်က သမီးနဲ့ သင့်လျော်တယ် လို့လည်း အမေ ထင်တယ်"
သို့ရာတွင် ယဲ့ကျန်းအနေဖြင့် ကိစ္စက ထင်သလောက် မရိုးရှင်းကြောင်း နားလည်နေသည်။ သူမ၏ စိတ်ထဲတွင် သိမ်းမှတ်ထားကာ စဉ်းစားရန် ဆုံးဖြတ်လိုက်၏။ လက်ရှိ အချိန်တွင်မူ နာခံစွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ"
"ကောင်းပြီ ဒါဆိုရင် ပြန်ပြီး စောစော အနားယူ ရအောင်၊ ဆရာမရှန်းက မနက်ဖြန်ကျရင် သမီးကို သင်ကြားပေးလိမ့်ဦးမယ်"
"အမေ ဒီလိုဆိုရင် သမီး အရင် ပြန်ပါတော့မယ်"
ယဲ့ကျန်းက ဖေးရှီကို နွေးထွေးစွာဖြင့် ပွေ့ဖက်ပြီး နောက်တွင် ပါးလေးကို တစ်ချက် နမ်းသည်။ လုရှန်းကျစ်ကိုသာ မနက်ဖြန်မှ မေးရန် ဆုံးဖြတ် လိုက်ပြီးနောက် အဆောင်သို့ ပြန်ရန် ဆုံးဖြတ်လိုက်၏။
သူမက အပြန်လမ်းတွင် ဆရာမရှန်းက ခြံဝန်းထဲတွင် ရပ်နေပြီး ဥယျာဉ်ထဲမှ ပန်းနှင့် မြက်ခင်းများကို ကြည့်ပြီး အတွေး နက်နေကြောင်း မြင်လိုက်ရသည်။
...

နတ်ဆေးသမားတော် ယဲ့ကျန်းWhere stories live. Discover now